Nick Manley. Original: Brief Introduction To Left-Wing Laissez Faire Economic Theory: Part One, May 7, 2014. Translated by Hein Htet Kyaw.
ဤသီအိုရီကို လက်ဝဲယိမ်းစျေးကွက်စီးပွားရေးမင်းမဲ့ဝါဒ သို့မဟုတ် laissez faire ဆိုရှယ်လစ်ဝါဒဟုခေါ်သည်။ ၎င်းသီအိုရီ၏အခြေခံထောက်ပြမှုမှာ အရင်းရှင်စနစ်သည် နိုင်ငံတော်အခြေပြုဝါဒတစ်ခုဖြစ်ပြီး အမှန်တကယ် လွတ်လပ်သောစျေးကွက်စီးပွားရေးစနစ်သည် ဘယ်သောအခါမှမရှိခဲ့ဘူးသေးဟူ၍။ စစ်မှန်လွတ်လပ်သောစျေးကွက်စီးပွားရေးသည် အလုပ်သမားအတွက် ပိုမိုကောင်းမွန်သောအခြေအနေများ ပိုမိုဖြစ်ပေါ်စေပြီး နှိုင်းရတန်းတူညီမျှမှု ပို၍ရှိလာမည်ဟု ခံယူချက်ရှိကြသည်။
ပထမဆုံး ဆွေးနွေးရမည့်အရာမှာ ကွယ်လွန်သူ တစ်သီးပုဂ္ဂလဝါဒီ မင်းမဲ့ဝါဒီ ဘင်ဂျာမင်တက်ကာမှ ဖော်ထုတ်ခဲ့သော လက်ဝါးကြီးအုပ်မှုကြီး လေးခုဖြစ်သည်။ ၎င်းတို့ကို သူ၏ကျော်ကြားသော ဆောင်းပါးတစ်ခုဖြစ်သည့် “နိုင်ငံတော် ဆိုရှယ်လစ်ဝါဒနှင့် မင်းမဲ့ဝါဒ- သူတို့၏သဘောတူပုံ၊ ကွဲပြားသည့်နေရာ” တွင် ဖော်ပြထားပါသည်။ ၎င်းလက်ဝါးကြီးအုပ်မှုကြီး လေးခုတို့မှာ ငွေကြေးလက်ဝါးကြီးအုပ်မှု၊ မြေယာလက်ဝါးကြီးအုပ်မှု၊ အကောက်ခွန်လက်ဝါးကြီးအုပ်မှုနှင့် မူပိုင်ခွင့်လက်ဝါးကြီးအုပ်မှု (သို့မဟုတ်) ဉာဏပစ္စည်းလက်ဝါးကြီးအုပ်မှုများဖြစ်သည်။ တစ်ခုချင်းစီကို အလှည့်ကျ စဉ်းစားကြပါစို့။
လက်ဝါးကြီးအုပ်မှု အမှတ်စဥ် (၁)
‘ငွေလက်ဝါးကြီးအုပ်ခြင်း’ ဟူသော အယူအဆသည် အချို့သောလူများ (သို့မဟုတ်) အုပ်စုများကိုသာ ငွေဖန်တီးရန်နှင့် ထိန်းချုပ်ရန် ခွင့်ပြုသည်ဟု ဆိုလိုသည်။ ဤအထူးအခွင့်အရေးကို အစိုးရမှ ပေးလေ့ရှိသည်။ ဤအခွင့်ထူးသည် ငွေထုတ်ပိုင်ခွင့် သီးသန့်ဖြစ်သည်။ ဤအခြေအနေသည် အတိုးနှုန်းများကို ၎င်းတို့ဖြစ်သင့်သည်ထက် ပိုမိုမြင့်မားစေနိုင်သည်၊ သို့မဟုတ် ပြောင်းလဲသင့်သည့်တိုင် အတိုးနှုန်းကို တူညီအောင်ထားနိုင်သည်။ လက်ဝဲလစ်ဘာတားရီယန်းဈေးကွက် မင်းမဲ့ဝါဒီ လူ့အဖွဲ့အစည်းတွင်မူ မည်သူမဆို ငွေကြေးကို လွတ်လပ်စွာ ထုတ်ပေးနိုင်သည်။ ဘဏ်များသည် ငွေချေးရန် အပြင်းအထန် ယှဉ်ပြိုင်ကြပြီး လျှော့ချရန် အဓိကအာရုံစိုက်ရမည့် ကုန်ကျစရိတ်မှာ ၎င်းတို့၏ ဘဏ်လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ဖြစ်သည်။
ဘန်ဂျမင်တက်ကာသည် အစောပိုင်းက ဖော်ပြခဲ့သည့် အခြေအနေတွင် မည်သည့်ထိန်းချုပ်မှုမျှ ရှိမည်မဟုတ်ဟူသော အကျိုးကျေးဇူးတစ်ခုကိုလည်း အောက်ပါအတိုင်းထောက်ပြခဲ့သည်။
ဤအခွင့်ထူးကို ကိုင်ဆောင်ထားသူများသည် အတိုးနှုန်း၊ အိမ်များနှင့် အဆောက်အဦများ ငှားရမ်းမှုနှုန်း၊ ကုန်စည်စျေးနှုန်းများတို့ကို သွယ်ဝိုက်၍ ထိန်းချုပ်ထားကြောင်း အခိုင်အမာဆိုထားသည်။
Kevin Carson သည်လည်း Alexander Cairncross အား အောက်ပါအတိုင်း ကိုးကားခဲ့ဖူးသည်။
အမေရိကန် အလုပ်သမားတစ်ဦးအတွက် သူအလုပ်လုပ်နေသည့် စက်ရုံထက် အိမ်တွင် အရင်းအနှီး ပိုများသည်။
ဤငွေ သို့မဟုတ် ပိုင်ဆိုင်မှုကို ချေးငွေအတွက် အာမခံအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် လုပ်ငန်းတို့နှင့် ထိတွေ့ဆက်ဆံသည့်အခါ အလုပ်သမားတို့တွင် အာဏာပိုရှိနေမည် ဖြစ်သည်။ အကျိုးဆက်အားဖြင့် အလုပ်သမားများသည် ငွေချေးရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းကို စတင်ရန်တို့အတွက် ချမ်းသာသော လုပ်ငန်းပိုင်ရှင်များအပေါ် အားကိုးခြင်းမရှိဘဲ ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို ဖန်တီးနိုင်မည်ဖြစ်သည်။
Gary Elkin မှတ်ချက်ချသည့်အတိုင်း
ဘန်ဂျမင်တက်ကာ၏ အယူအဆကို “တစ်သီးပုဂ္ဂလမင်းမဲ့ဝါဒ” ဟုခေါ်တွင်သော်လည်း လုပ်ငန်းခွင်တို့တွင် အလုပ်သမားတို့ ပိုမိုထိန်းချုပ်နိုင်စေခြင်းဖြင့် လုပ်သားထုအကျိုးကို ဧကန်အမှန် ပံ့ပိုးပေးသည်။ အကြောင်းမှာ သူ၏အကြံအစည်သည် အလုပ်သမားများအတွက် ငွေချေးရန် ပိုမိုလွယ်ကူစေပြီး ၎င်းတို့အား အောက်ပါ အာဏာတို့အား ပိုမိုပေးနိုင်စေမည် ဖြစ်သောကြောင့်ဖြစ်သည်။ 1) ၎င်းတို့၏ လုပ်ငန်းခွင် လည်ပတ်ပုံကို ပြောပိုင်ခွင့်ရှိရန်။ 2) ငွေချေးရန်နှင့် ၎င်းတို့၏ ကုမ္ပဏီများကို အုပ်စုလိုက် အတူတကွ ပူးပေါင်းကာ ပိုင်ဆိုင်နိုင်ရန်။
လက်ဝါးကြီးအုပ်မှု အမှတ်စဥ် (၂)
‘မြေယာလက်ဝါးကြီးအုပ်မှု’ ဟူသော အယူအဆအရ အစိုးရများသည် မြေယာများပေါ်တွင် အမှန်တကယ်နေထိုင်ခြင်း သို့မဟုတ် အသုံးပြုခြင်းမပြုသော ပြည်သူများအတွက် မြေယာပိုင်ဆိုင်ခွင့်ကို ပေးနေခြင်းကို ဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လူများကို ထိုနေရာတွင် နေထိုင်ခြင်းမရှိဘဲ မြေယာပိုင်ဆိုင်ခွင့်နှင့် အခြားသူများထံမှ ငှားရမ်းခကို အသာတကြည် စုဆောင်းနိုင်သောကြောင့် ဖြစ်သည်။ ယင်းသည် စက်မှုလုပ်ငန်းနှင့် အပြိုင်အဆိုင်အချက်တစ်ခုအဖြစ် မြေယာအခြေခံလုပ်ငန်းကို ပိတ်ပစ်ခြင်း၏ အကျိုးသက်ရောက်မှုရှိသည်။ ၎င်းသည် မြေယာသိမ်းပိုက်ခြင်းမှ ဆင်းသက်လာခြင်းဖြင့် နိုင်ငံတော် အပေါ် အခြေမခံသောနည်းနာများကို အသုံးမပြုနိုင်အောင် ဖျက်ဆီးပစ်သည်။
လက်ဝါးကြီးအုပ်မှု အမှတ်စဥ် (၃)
အစိုးရများသည် တစ်ခါတစ်ရံတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကုန်ပစ္စည်းတင်သွင်းရန် ပိုမိုစျေးကြီးစေခြင်းဖြင့် အခြားနိုင်ငံများ၏ ပြိုင်ဆိုင်မှုမှ ကာကွယ်ပေးပါသည်။ ၎င်းအား “အကောက်ခွန်လက်ဝါးကြီးအုပ်” ဟုခေါ်သည်။ ဤကုန်စည်ကူးသန်းရေးအလွန်အကျွံကာကွယ်မှုဝါဒသည် စားသုံးသူများအတွက် ကုန်ပစ္စည်းစျေးနှုန်းများ မြင့်တက်စေသည်။ ဆိုလိုသည်မှာ လူများသည် ထုန်ကုန်များ ဝယ်လိုသည့် အရာများအတွက် ငွေကြေးပိုမိုပေးဆောင်ရပြီး ပိုင်ဆိုင်သည့် ငွေပမာဏပိုမိုလျော့နည်းစေမည်ဟု ဆိုလိုသည်။ ၎င်းသည် ကုမ္ပဏီကြီးအချို့ကို စျေးကွက်ကို လွှမ်းမိုးနိုင်စေပါသည်။ အဘယ်ကြောင့်ဆိုသော် ပြိုင်ဆိုင်မှု နည်းပါးသောကြောင့် ကုမ္ပဏီများသည် ဈေးနှုန်းနိမ့်ကျစေရန် သို့မဟုတ် ၎င်းတို့၏ ထုတ်ကုန်များကို မြှင့်တင်ရန် ကြိုးစားလုပ်ဆောင်ရန် မလိုအပ်ပါ။ နာမည်ကျော် တွေးခေါ်ရှင် Pierre-Joseph Proudhon (ပရောက်ဒွန်း) က အဆိုပါ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို မဖယ်ရှားမီ အစိုးရ၏ ငွေကြေးအပေါ် ထိန်းချုပ်မှုကို အဆုံးသတ်ရမည်ဟု ယုံကြည်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြား ကုန်ပစ္စည်းများ ပိုမိုဈေးကြီးလာသည့်အခါ လူတချို့ အလုပ်ပြုတ်ကြသည်။ Proudhon သည် အဆိုပါလူတို့အတွက် တခြားနယ်ပယ်တွေမှာ အလုပ်ရှာဖို့ အလုပ်အကိုင် အခွင့်အလမ်းသစ်များ အများအပြား လိုအပ်လိမ့်မည်ဟု စောဒကတက်ခဲ့ပါသည်။
လက်ဝါးကြီးအုပ်မှု အမှတ်စဥ် (၄)
မူပိုင်ခွင့်များသည် လူများကို တီထွင်မှုများအတွက် အလွန်မြင့်မားသောစျေးနှုန်းများကို ကောက်ခံနိုင်စေသော်လည်း အခြားသူများကလည်း အလားတူအရာများကို ဖန်တီးနိုင်မည်အရေးကို ဟန့်တားသည်။ အဘယ်ကြောင့်ဆိုသော် မူပိုင်ခွင့်များသည် တီထွင်သူများအား ၎င်းတို့၏ ဖန်တီးမှုများကို သီးသန့်အခွင့်အရေးများပေးသောကြောင့် ဖြစ်သည်။ မူပိုင်ခွင့်များသည် လူများကို ၎င်းတို့၏ ကိုယ်ပိုင်ပိုင်ဆိုင်မှုကို လွတ်လပ်စွာအသုံးပြုခွင့်ကိုလည်း ကန့်သတ်ထားသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် မူပိုင်ခွင့်တင်ထားသော တီထွင်မှုတစ်ခုနှင့် အနည်းငယ်ဆင်တူသည့် စိတ်ကူးရှိပါက မူပိုင်ခွင့်ချိုးဖောက်မှုအတွက် တရားစွဲခံရနိုင်သည်။ ကုမ္ပဏီများသည် မူပိုင်ခွင့်များကို ထိန်းချုပ်ရန် မကြာခဏ ပူးပေါင်းကြသည်။ ယင်းက ၎င်းတို့နှင့် မည်သူမျှ မယှဉ်နိုင်သော အခြေအနေတစ်ရပ်ကို ဖန်တီးပေးကာ ၎င်းတို့အား စျေးကွက်အပေါ် ကြီးမားသော လွှမ်းမိုးနိုင်မှုစွမ်းအားများ ပေးသည်။ ယင်းကြောင့် အင်အားကြီးကုမ္ပဏီများသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို နည်းပညာအတွက် ၎င်းတို့အပေါ် မှီခိုနေနိုင်စေပါသည်။ မူပိုင်ခွင့်များဖြင့် ပိတ်ဆို့ထားသောကြောင့် ဤနိုင်ငံများသည် ၎င်းတို့၏ ကိုယ်ပိုင်နည်းပညာများကို အလွယ်တကူ တီထွင်နိုင်မည်မဟုတ်ပေ။ အထက်ပါအချက်များအပြင် Kevin Carson က ဤသို့မှတ်ချက်ချခဲ့သည်။
အမေရိကန်ကုမ္ပဏီများ၏ စစ်တမ်းတစ်ခုအရ တီထွင်မှု 86% ကို မူပိုင်ခွင့်မရှိဘဲ တီထွင်နိုင်မည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ မော်တော်ကားများ၊ ရုံးသုံးပစ္စည်းများ၊ ရော်ဘာထုတ်ကုန်များနှင့် အထည်အလိပ်ကိစ္စများတွင် ကိန်းဂဏန်းသည် 100% ဖြစ်သည်။
မူပိုင်ခွင့်လိုလားသူများသည် ဆေးဝါးများ၏ 60% ကို ၎င်းတို့မပါဘဲ တီထွင်နိုင်မည်မဟုတ်ကြောင်း မကြာခဏ အခိုင်အမာဆိုသည်။ သို့သော် ဤပြောဆိုချက်ကို ပြုလုပ်သူများသည် လုံးဝမှန်ကန်မှုမရှိဟု ကျွန်ုပ်သံသယရှိပါသည်။ ဆေးဝါးကုမ္ပဏီများသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရထံမှ ရန်ပုံငွေများစွာ ရရှိကြသည်။ ၎င်းတို့၏ အမြတ်အစွန်းအရှိဆုံး ဆေးဝါးအများအပြားကို လူထု၏ အခွန်ထမ်းငွေဖြင့်သာ အမှန်တကယ် တီထွင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ဘောဂဗေဒပညာရှင် Frederic Scherer ၏ သုတေသနပြုချက်သည် ဆေးဝါးဖွံ့ဖြိုးတိုးတက်မှုအတွက် မူပိုင်ခွင့်များသည် မရှိမဖြစ်လိုအပ်သည်ဟူသော အဆိုကို ဆန့်ကျင်သည်။ မူပိုင်ခွင့်မရှိသည့်တိုင် ဆေးဝါးအသစ်ကို ဈေးကွက်သို့မိတ်ဆက်သည့် ပထမဆုံးကုမ္ပဏီဖြစ်ခြင်းသည် ကြီးမားသောအားသာချက်ကို ပေးစွမ်းသည်။ ယင်းက ၎င်းတို့အား ကြီးမားသော စျေးကွက်ဝေစုကို ဖမ်းယူနိုင်စေပြီး အခြားသူများက နောက်ဆုံးတွင် တူညီသောဆေးကို ထုတ်လုပ်နိုင်သော်လည်း မြင့်မားသောစျေးနှုန်းများကို ကောက်ခံနိုင်စေပါသည်။
C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how