By Logan Marie Glitterbomb. Original article: Funding Worker Cooperatives: A Solution, December 20th, 2025. Translated into Burmese by Hein Htet Kyaw.
သမဝါယမအသင်းများသည် လုပ်သားပိုင်ဆိုင်မှု နှင့် အလုပ်ခွင် ဒီမိုကရေစီ ကို အရင်းရှင်စနစ်အတွင်း ရရှိနိုင်သော နည်းလမ်းအဖြစ် မင်းမဲ့ဝါဒီများ၊ ဆိုရှယ်လစ်များ၊ ကွန်မြူနစ်များ၊ မာ့က်စ်ဝါဒီများ၊ အရင်းရှင်ဆန့်ကျင်ရေးသမားများ နှင့် အရင်းရှင်စနစ်လွန် အမျိုးအစားများ က အချိန်ကြာမြင့်စွာ ထောက်ခံအားပေးခဲ့ကြသည်။ ၎င်းတို့၏ အလျားလိုက် ဒီမိုကရေစီ ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ အတွင်းဖွဲ့စည်းပုံ သည် ဟေယက်၏ ဒေသန္တရအသိပညာပြဿနာကို ပြေလည်စေသည်။ ထို့အပြင် Democracy At Work အဖွဲ့၏ အဆိုအရ –
လုပ်သားများသည် ၎င်းတို့ လုပ်ကိုင်နေသော လုပ်ငန်းအပေါ်တွင် ဆုံးဖြတ်ခွင့်ရရှိသောအခါ၊ ၎င်းတို့သည် ပိုမို၍ စိတ်ပါဝင်စားကာ တီထွင်ဖန်တီးနိုင်စွမ်း ရှိလာကြသည်။ ရွေးချယ်ခွင့်ရသောအခါ လုပ်သားများသည် လူတစ်စုအတွက်သာ မြင့်မားသော လစာများ ပေးဆောင်မည့်အစား လုပ်ငန်းထဲတွင် ကိုယ်တိုင်ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သည်။ စီးပွားရေးကျဆင်းမှုကာလတွင် အလုပ်သမားလျှော့ချခြင်းအစား စုပေါင်း၍ လစာဖြတ်တောက်ခြင်းကို ပြုလုပ်ကြလိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင်အလုပ်အကိုင်များကို ပြည်ပသို့ ရွှေ့ပြောင်းရန်၊ သို့မဟုတ် ၎င်းတို့၏ ဒေသခံရပ်ရွာများကို ညစ်ညမ်းစေရန် မဲပေးမည်မဟုတ်ပေ။ အလုပ်ခွင်ကို ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းဖြင့် လုပ်ငန်းသည် လူနည်းစုအတွက်မဟုတ်ဘဲ လူအများ၏ အကျိုးအတွက် ဖြစ်စေမည့် ဆုံးဖြတ်ချက်များကို ချမှတ်သွားနိုင်မည်ဖြစ်သည်။
၎င်းတို့၏ အကြီးမားဆုံး အတားအဆီးမှာ ရန်ပုံငွေ ဖြစ်သည်။ ထို့ကြောင့် တစ်ဦးချင်း သို့မဟုတ် ပေါင်းစပ်၍ အသုံးပြုနိုင်သော ဖြစ်နိုင်ခြေရှိသည့် ဖြေရှင်းနည်း သုံးခုကို လေ့လာကြည့်ကြပါလျှင် စွန့်ဦးတီထွင် ကွန်မြူနစ်ဝါဒ (Venture Communism) ၊ ဒစ်ဂျစ်တယ်ငွေကြေး အပ်နှံခြင်း (Cryptocurrency Staking) နှင့် လူထုရန်ပုံငွေ ရှာဖွေခြင်း (Crowdfunding) တို့အားတွေ့မြင်နိုင်သည်။
စွန့်ဦးတီထွင် ကွန်မြူနစ်ဝါဒ (Venture Communism) ဆိုသည်မှာ Dmytri Kleiner မှ မင်းမဲ့-သမဂ္ဂဝါဒီ စုစည်းမှုပုံစံများ၏ လွှမ်းမိုးမှုဖြင့် တင်ပြခဲ့သော အယူအဆတစ်ခုဖြစ်သည်။ ယင်းသည် စွန့်ဦးတီထွင် အရင်းရှင်များ (Venture Capitalists) နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် စွန့်ဦးတီထွင် ကွန်မြူးများ (Venture Communes) ကို ဖန်တီးရန် အဆိုပြုထားသည်။ ဤကွန်မြူးများသည် လုပ်ငန်းစတင်ရန် ငွေကြေးအရင်းအနှီးကို ပိုင်ဆိုင်မှုအစုရှယ်ယာနှင့် လဲလှယ်၍ ထောက်ပံ့ပေးမည့်အစား ထုတ်လုပ်ရေးဆိုင်ရာ နည်းလမ်းများ (means of production)၊ အဆောက်အအုံများနှင့် မြေယာ ပုံစံဖြင့် အရင်းအနှီးကို ထောက်ပံ့ပေးပြီး၊ ထိုအလဲအလှယ်အတွက် ကွန်မြူးအား ငှားရမ်းခ ပေးဆောင်စေမည်ဖြစ်သည်။ ယင်း၏ အဓိပ္ပာယ်မှာ လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်သည့် (multi-stakeholder) သမဝါယမအသင်းတစ်ခုကို ဖွဲ့စည်း၍ အပေးအယူလုပ်မည့်အစား၊ ကွန်မြူးမှ ရန်ပုံငွေထောက်ပံ့ပေးသော သမဝါယမအသင်း တစ်ခုချင်းစီရှိ လုပ်သားများသည် ၁၀၀% လုပ်သားပိုင်ဆိုင်မှုကို ရရှိပြီး ၎င်းတို့၏ လုပ်အားမှ ထွက်ပေါ်လာသော ထုတ်ကုန်အပြင် ထိုမှရရှိသော အမြတ်ငွေများအပေါ်တွင်ပါ အပြည့်အဝ ထိန်းချုပ်ပိုင်ခွင့် ကို ရရှိစေမည်ဖြစ်သည်။
သို့ဖြစ်ရာ ဤအခြေအနေတွင် လုပ်သားများသည် ထုတ်လုပ်ရေးနည်းလမ်းများကို ပိုင်ဆိုင်မှုမရှိဟု သင် မညည်းညူမီမှာပင် ထိုသို့ မဟုတ်ပါဟု ထောက်ပြချင်သည်။ စွန့်ဦးတီထွင်ကွန်မြူး တစ်ခုစီကို ၎င်းက ရန်ပုံငွေထောက်ပံ့ပေးထားသည့် သမဝါယမအသင်းတိုင်းမှ အသင်းဝင်အားလုံးက စုပေါင်းပိုင်ဆိုင် ထားကြသည်။ ဆိုလိုသည်မှာ ၎င်းတို့ ပေးဆောင်ရသော ငှားရမ်းခသည် ဒီမိုကရေစီနည်းဖြင့် ထိန်းချုပ်ထားသည့် ရန်ပုံငွေအဖြစ် စုဆောင်းမိသွားသည်။ ထိုရန်ပုံငွေကို အခြားသော သမဝါယမလုပ်ငန်းစတင်မှုများကို ရန်ပုံငွေထောက်ပံ့ရန်အတွက် အသုံးပြုနိုင်ပြီး၊ ပိုလျှံသော အမြတ်ငွေများကို လူအားလုံးက စုပေါင်းခွဲဝေယူနိုင်သည်။ ထို့ကြောင့် လုပ်သားများသည် ထုတ်လုပ်ရေးနည်းလမ်းများ နှင့် ၎င်းတို့၏ လုပ်အားမှ ထွက်ပေါ်လာသော ထုတ်ကုန်များ ကို ပိုင်ဆိုင်ကာ၊ နောက်ထပ် လုပ်သားပူးပေါင်းဆောင်ရွက်ရေးအသင်းများကို ပိုမိုဖန်တီးထူထောင်ရန်အတွက် နည်းလမ်းတစ်ခုကိုပါ ရရှိသည်။ ပိုင်ဆိုင်မှုရှိသော သမဝါယမအသင်းနှစ်ခု ပူးပေါင်းပါဝင်ရုံမျှဖြင့်ပင် စွန့်ဦးတီထွင် ကွန်မြူးနတစ်ခုကို ဖန်တီးကာ ရန်ပုံငွေထောက်ပံ့ရာတွင် အထောက်အကူပြုနိုင်ပါသည်။ ၎င်းတို့ လုပ်ငန်းလုပ်ကိုင်သည့် မြေနှင့် အဆောက်အအုံကို မပိုင်ဆိုင်သေးလျှင်ပင်၊ ၎င်းတို့၏ ထုတ်လုပ်ရေးနည်းလမ်းများ ကို စုပေါင်းစုစည်းကာ ထိုအရာများပေါ်တွင် ငှားရမ်းခ ပေးဆောင်နိုင်ပါသည်။ ဤချဉ်းကပ်မှုသည် လက်ရှိရှိပြီးသား သမဝါယမအသင်းများက အသစ်စတင်မည့်အသင်းများကို ငွေကြေးထောက်ပံ့ရန်အပေါ် မူတည်နေပါသည်။ သို့သော် ကျွန်ုပ်တို့တွင် သမဝါယမအသင်းများ တစ်ခုမျှ မရှိသေးလျှင် မည်သို့လုပ်ဆောင်သင့်သည်ဆိုသည်အားလဲ တွေးရပါမည်။
ဤအခြေအနေတွင် Breadchain မှ တင်ပြထားသော ပုံစံကို လေ့လာနိုင်ပါသည်။ Breadchain သည် ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော သမဝါယမအသင်းများ (decentralized cooperatives) ၏ စုပေါင်းအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ အသင်းဝင်များသည် DAI ခေါ် တည်ငြိမ်သော ဒစ်ဂျစ်တယ်ငွေကြေး (stablecoin) ဖြင့် BREAD ကို ဝယ်ယူကြသည်။ ထို DAI ငွေများကို AAVE အတိုးယူချေးငှားသည့် ရန်ပုံငွေစုထဲသို့ စုဆောင်းထည့်သွင်းလိုက်ပြီး၊ ရရှိလာသော အတိုးအားလုံး၏ ၁၀၀% ကို Breadchain ကွန်ရက်အတွင်းရှိ သမဝါယမအသင်းများကို ရန်ပုံငွေထောက်ပံ့ရန်အတွက် အလိုအလျောက် ပြန်လည်ဝင်ရောက်စေပါသည်။ အသင်းဝင်များသည် ၎င်းတို့၏ BREAD ကို ပြန်လည်ရောင်းချခြင်းဖြင့် မိမိတို့ ထည့်ဝင်ထားသော DAI ကို မည်သည့်အချိန်တွင်မဆို ပြန်လည်ထုတ်ယူနိုင်ပါသည်။ ဆိုလိုသည်မှာ အသင်းဝင်များသည် မိမိတို့ ထည့်သွင်းထားသော ရန်ပုံငွေများကို ဆုံးရှုံးသွားခြင်းမရှိဘဲ အတိုးဖြင့်သာ သမဝါယမအသင်းများကို ထောက်ပံ့ပေးနိုင်ခြင်းဖြစ်သည်။ ၎င်းသည် လက်လုပ်လက်စားလူတန်းစားများအတွက် ၎င်းတို့ ထောက်ပံ့လိုသော စီမံကိန်းများကို ရေရှည်တွင် တစ်ပြားတစ်ချပ်မှ မကုန်ဘဲ ငွေကြေးထည့်ဝင်ရန် ပိုမိုလွယ်ကူစေပါသည်။ စိတ်ပါဝင်စားသူ အလုံအလောက် စုစည်းနိုင်ပါက အလားတူ စမတ်စာချုပ် (smart contract) တစ်ခုကို ရေးဆွဲနိုင်မည်။ ထိုမှတစ်ဆင့် ဒစ်ဂျစ်တယ်ငွေကြေးအချို့ကို ဝယ်ယူအပ်နှံနိုင်မည်၊ ထို့နောက် သမဝါယမအသင်းတစ်ခုအား အတူတကွ စတင်နိုင်ရန် လုံလောက်သော ရန်ပုံငွေကို တည်ဆောက်ဖို့ ကြိုးစားရမည်။ သို့သော် သင်သည် စီမံကိန်းတစ်ခုတွင် စတင်အပ်နှံရန်အတွက် ရန်ပုံငွေ မရှိသေးလျှင် မည်သို့လုပ်ဆောင်မည်ကိုတွေးရမည်။
ဤနေရာတွင် ရှေးကျသော်လည်း အသုံးဝင်ဆဲဖြစ်သည့် လူထုရန်ပုံငွေ ရှာဖွေခြင်း (Crowdfunding) က ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ကယ်တင်ရှင်အဖြစ် ရောက်လာပါသည်။ comradery.co ကဲ့သို့သော ဝက်ဘ်ဆိုက်များသည် သမဝါယမအသင်းများကို အဓိကထားသည့် ရန်ပုံငွေရှာဖွေရေး ဝန်ဆောင်မှုများကို ပေးပါသည်။ လှူဒါန်းသူများအတွက် ပျော်ရွှင်စရာ အကျိုးခံစားခွင့်များ (fun perks) ပါဝင်သော စည်းရုံးလှုံ့ဆော်မှုကောင်းတစ်ခုကို ဖန်တီးပေးသည်။ ၎င်းတို့သည် ကိုယ်တိုင်ဖန်တီးသော ဖန်သားပြင်ပုံနှိပ် ရှပ်အင်္ကျီများနှင့် တံဆိပ်များ (patches) မှသည် လှူဒါန်းမှုအထောက်အထားပြ NFTs များအထိ မည်သည့်အရာမဆို ဖြစ်နိုင်ပါသည်။ ထို့နောက် အဆိုပါလှုံ့ဆော်မှုတို့အား အားကြိုးမာန်တက် ကြေညာခြင်းဖြင့် အရောင်းမြှင့်တင်နိုင်သည်။ ကောင်းမွန်သော ကြော်ငြာစည်းရုံးမှုနှင့် ပူးပေါင်းလိုက်ပါက မကြာမီတွင် သင်သည် သင်၏ သမဝါယမအသင်းကို စတင်ရန် လုံလောက်သော ငွေကြေးကို ရရှိမည်ဖြစ်ပြီး၊ ရေရှည်ရန်ပုံငွေအတွက် ဒစ်ဂျစ်တယ်ငွေကြေး အချို့ကို အပ်နှံရန်ပါ လုံလောက်သော ပိုလျှံငွေများ ရှိလာမည်ဖြစ်သည်။ မကြာခင်မှာပင် သင်သည် စွန့်ဦးတီထွင် ကွန်မြူးတစ်ခုဖွဲ့စည်းရန် အဆင်သင့်ဖြစ်နေသော သမဝါယမအသင်းများ ကွန်ရက်တစ်ခုကို ရရှိမည်ဖြစ်ပြီး သမဝါယမ အပြိုင်စျေးကွက် (cooperative agora) ကို တည်ဆောက်နိုင်တော့မည်။ ဤသည်မှာ ထုတ်လုပ်ရေးနည်းလမ်းများကို သိမ်းပိုက်ရယူရန် ကျွန်ုပ်တို့၏ အခွင့်အရေးပင်ဖြစ်သည်။ ဆက်လက်ရုန်းကန်ရင်း ကြီးပွားချမ်းသာစေမည်ဖြစ်သည်။
C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

 
      




