အမျိုးသားရေးဝါဒီအဖြစ်မှသည် မင်းမဲ့ဝါဒီအဖြစ် အမြင်ကျယ်ပုဂ္ဂိုလ်ဖြစ်လာသူ ရှင်းချယ်ဟို – ကိုရီးယား “အတ္တာဟိ အတ္တနော နာထော” ဝါဒ

By Rob York. Original article: The Father of “Self-Reliance”: Korea’s Nationalist Turned Anarchist Visionary, Sin Chae-ho, published on January 11th, 2021. Burmese translation by Hein Htet Kyaw.

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် မတူညီပါသော နိုင်ငံရေးနှင့် စီးပွားရေးစနစ်တို့အောက်တွင် ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ရပြီးတဲ့နောက် တူညီမှုတို့ များများစားစား မရှိကြရတော့သည့်လောက်ပင် ကွဲပြားလေပြီ။

သို့သော် DMZ (စစ်မဲ့ဇုန်) ၏ နှစ်ဖက်စလုံးမှ အမွေဆက်ခံထားပါသော အရာတစ်ခုမှာ မင်ဂျော့ (minjok) ဟူသည့် အယူအဆပင် ဖြစ်သည်။ အဆိုပါစကားလုံးအား မြန်မာမှုပြုရပါလျှင် “လူမျိုး” ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ဖြစ်သည်။ သို့သော် ပိုမိုကျယ်ပြန့်စွာ ဖွင့်ဆိုချက်ပြုရပါလျှင် ကိုရီးယားနိုင်ငံနှင့် ကိုရီးယားလူမျိုးကိုပါ ရည်ညွှန်းနိုင်သည်။ ထို့ကြောင့် ကိုရီးယားကျွန်းဆွယ်၏ နှစ်ဖက်စလုံးတွင် နေထိုင်ကြပါသော ကိုရီးယားလူမျိုး (minjok) တို့၏ ဆန္ဒကို ဆန့်ကျင်ကာ ခွဲခြားထားပါစေကာမူ ကိုရီးယားလူမျိုးတို့အတွက်မူ ကိုရီးယားလူမျိုးအခြေပြု တစ်ပြည်ထောင်နိုင်ငံတစ်ခုအတွင်းသို့ ပေါင်းစည်းရေးသည် ရှောင်လွှဲမရနိုင်ဟု ယူဆကြပါသည်။

အလားတူ တူညီချက်တစ်ခုမှာ ကိုရီးယားနှစ်နိုင်ငံ (တောင်+မြောက်) နှစ်ခုစလုံးဟာ အဆိုပါ အယူအဆအား ၂၀ ရာစုအစောပိုင်းတွင် လစ်ဘရယ်မှသည် မင်းမဲ့ဝါဒီအဖြစ် ပြောင်းလဲသွားသူ ပုဂ္ဂိုလ်တစ်ဦး ဆီမှ ရရှိခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ပုဂ္ဂိုလ်သည် သူ့၏အယူအဆကို (တောင်+မြောက်) နှစ်နိုင်ငံလုံးက ယခုလို ဆက်လက် အသုံးပြုနေခြင်းအား မြင်တွေ့ခွင့်ရှိပါသေးလျှင် လွန်စွာ တုန်လှုပ်အံ့ဩမည်မှာ မလွဲဧကံပင်ဖြစ်သည်။

မူလအပြစ်တော် (ဝါ) ပထမဆုံးအပြစ်

ဒဿနပညာရှင်၊ ကဗျာဆရာ၊ ဝတ္ထုရေးဆရာနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေးသမားလည်းဖြစ်ပါသော ရှင်းချယ်ဟို (Sin Chae-ho) သည် ဂျိုဆွန်းမင်းဆက် (Joseon Dynasty) နိဂုံးချုပ်ခါနီး ၁၈၈၀ ပြည့်နှစ်တွင် သြဇာရှိသော မိသားစုမှ မွေးဖွားခဲ့ပြီး ကွန်ဖြူးရှပ်ပညာရှင် အဖြစ် ပြုစုပျိုးထောင်ခြင်း ခံခဲ့ရသည်။ ၁၉ ရာစု နှောင်းပိုင်း ကိုရီးယားနိုင်ငံတွင် လူမှုရေးရာ တိုးတက်မှုရရှိရန်အတွက် ၎င်းသည် အရေးပါသည့် အရာရောက်သူ ဖြစ်ခဲ့သည်။ ရှေးခေတ် တရုတ်ပြည်ကဲ့သို့ပင် ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်ချက်များကို ကျွမ်းကျင်ပိုင်နိုင်ခြင်းသည် နိုင်ငံ၏ လူမှုအဆင့်အတန်းတွင် ထိပ်တန်းနေရာရရှိရန် လမ်းစပင် ဖြစ်သည်။ ရှင်းချယ်ဟိုသည် နီယို-ကွန်ဖြူးရှပ်ဝါဒ (Neo-Confucianism) ကို ထူးချွန်စွာ သင်ယူခဲ့သော ကျောင်းသားတစ်ဦးဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်တွင် ပါရဂူဘွဲ့ဖြင့် ဘွဲ့ရခဲ့သည်။

သို့သော် အရှေ့အာရှတွင် အဖြစ်အပျက်များ လျင်မြန်စွာ ပြောင်းလဲနေသကဲ့သို့ ထိုခေတ်ကာလ၏ ဉာဏဆိုင်ရာ ရေစီးကြောင်းများလည်း ပြောင်းလဲလာခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် ဂျပန်အင်ပါယာ သည် ပထမ တရုတ်-ဂျပန်စစ်ပွဲ ၌ တရုတ်ပြည်၏ ချင်းမင်းဆက်ကို အပြတ်အသတ် အနိုင်ယူခဲ့ပြီး ဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် တရုတ်ပြည်၏ အနေအထားကို အဆုံးသတ်စေခဲ့ကာ ခေတ်မီတိုးတက်နေသော ဂျပန်အင်ပါယာသည် ဒေသတွင်း စံနမူနာအဖြစ် ကိုယ့်ကိုယ်ကိုယ် တည်ထောင်ခဲ့သည်။

သို့ဖြစ်လေရာ၊ ဂျပန်အင်ပါယာ က မိမိ၏ အိမ်နီးချင်းများအား အမွေပေးခဲ့သော အယူအဆတို့အနက် တစ်ခုမှာ အမျိုးသားဆိုင်ရာ အသိစိတ် (national consciousness) ဟူသော အတွေးအခေါ်ဖြစ်ပြီး၊ နိုင်ငံတော်၏ အကျိုးငှာ ခေတ်မီတိုးတက်အောင် ပြုလုပ်ရန် လိုအပ်ကြောင်းလည်း ပါဝင်လေသည်။ အရှေ့အာရှရှိ ဘုရင့်နိုင်ငံတော်များနှင့် အင်ပါယာများသည် တစ်ချိန်က လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ထိန်းသိမ်းမှုကိုသာ ပန်းတိုင်အဖြစ် ရှုမြင်ခဲ့ကြပြီး၊ ထို့ကြောင့်လည်း ကွန်ဖြူးရှပ်ကိုယ်ကျင့်တရား သည် ဆက်ဆံရေးနှင့် လူမှုအဆင့်အတန်း အထက်အောက် ခွဲခြားမှုကို အလေးပေးခဲ့ခြင်း ဖြစ်လေသည်။

သို့သော်လည်း၊ ၁၈၆၀ ပြည့်လွန်နှစ်များမှ စတင်ကာ မေဂျီခေတ် (Meiji-era) ဂျပန် သည် ၎င်းတို့၏ အထူးအခွင့်အရေးခံ လူတန်းစားဖြစ်သော ဆာမူရိုင်း (samurai) တို့၏ အာဏာကို ဖြိုဖျက်ခဲ့သည့်အပြင်၊ စက်မှုလုပ်ငန်းများ တည်ထောင်ရေးနှင့် ပညာတတ် ပြည်သူလူထု ရှိရန် လိုအပ်ကြောင်းကိုလည်း အလေးပေးခဲ့လေသည်။ ဆယ်စုနှစ်များစွာ ကြာပြီးနောက် ချင်းမင်းဆက် ကို လျင်မြန်စွာ အနိုင်ယူလိုက်ခြင်းက တိုးတက်ဖွံ့ဖြိုးရေး၏ လက်တွေ့ကျသော တန်ဖိုးကို ထင်ရှားစွာ ပြသခဲ့ပေတော့သည်။ ဂျိုဆွန်း ခေတ်မှ နှောင်းခေတ်ပညာတတ်အများစုသည် ရှေးဟောင်း ကွန်ဖြူးရှပ် စံနှုန်းများကို ပစ်ပယ်ပြီး ဂျပန်နိုင်ငံ နှင့် စက်မှုထွန်းကားသော အနောက်နိုင်ငံများ ကို အားကိုးမျှော်လင့်ခဲ့ကြသည်။ သို့သော် ၎င်းတို့၏ ခေတ်မီတိုးတက်မှုသည် ဂျပန်တို့ လိုလားသည့်နှုန်းအတိုင်း လျင်မြန်စွာ မဖြစ်ပေါ်ခဲ့ပေ။ ဂျပန်တို့က ဖွံ့ဖြိုးမှုနောက်ကျနေသော ကိုရီးယားကျွန်းဆွယ်သည် အနောက်တိုင်း နယ်ချဲ့အင်အားကြီးများ ကျူးကျော်သိမ်းပိုက်ရန် ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပြီး၊ ယင်းအခြေအနေက နောက်ဆုံးတွင် နေထွက်ရာမြေ (ဂျပန်) ကိုပါ ခြိမ်းခြောက်လာနိုင်သည်ဟု ရှုမြင်ခဲ့သည်။ ထို့ကြောင့် ၁၉၀၅ ခုနှစ်တွင် အခြားမည်သူမျှ မသိမ်းပိုက်မီ ကိုရီးယားအား ထိန်းချုပ်ရန် စတင်လှုပ်ရှားခဲ့သည်။ ပထမဦးစွာ ကိုရီးယားအား အစောင့်အရှောက်ခံနိုင်ငံ အဖြစ် ထားရှိကာ ၎င်းတို့ကိုယ်တိုင် ကိုရီးယား၏ နိုင်ငံခြားရေးရာများနှင့် နန်းဆက်ခံရေး လုပ်ငန်းစဉ်များကို ထိန်းချုပ်ခဲ့ပြီး၊ နောက်ပိုင်း ၁၉၁၀ ပြည့်နှစ်တွင်မူ လုံးဝ လုံးဝလျက် သိမ်းပိုက်ခြင်းအား ပြုလုပ်ခဲ့လေသည်။

ဤအချိန်တွင်၊ ဘွဲ့ရရှိပြီးနောက် ဒေသတွင်း သတင်းစာတစ်စောင်တွင် အလုပ်ဝင်ခဲ့သော ရှင်းချယ်ဟို သည် ကိုရီးယား၏ အနာဂတ်နှင့်ပတ်သက်၍ အယ်ဒီတာ့အာဘော်များ အတွေးအမြင်ဆောင်းပါးများအား စတင်ရေးသားခဲ့သည်။ သူ၏ အဆိုအရ၊ ကျွန်းဆွယ်တစ်လျှောက်တွင် မင်းဆက်များစွာ (တစ်ခါတစ်ရံ တစ်ပြိုင်နက်တည်း) အုပ်ချုပ်ခဲ့ကြသော်လည်း မည်သည့်မင်းဆက်ကမျှ “ကိုရီးယား အမျိုးသားရေးဖြစ်တည်မှု” နှင့် “နိုင်ငံတော်” အား ခွဲခြား၍မရခဲ့ပေ။ သူ၏အမြင်တွင် “ကိုရီးယားအမျိုးသား နိုင်ငံ” ဆိုသည်မှာ ထိုနယ်မြေတွင် နေထိုင်သော လူထုကိုသာ အဓိကထား၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် မင်ဂျော့ (minjok) ဟူသော စကားလုံးသည် “လူမျိုး”၊ “လူစု” တို့အပြင် “နိုင်ငံ” နှင့်ပါ ပေါင်းစပ်၍ အဓိပ္ပာယ်သက်ရောက်ခြင်း ဖြစ်သည်။ ထိုခေတ်ကာလတွင် သူ၏အယူအဆသည် ထူးခြားလှပါသည်။ သူက “နိုင်ငံတော်၊ အင်ပါယာ၊ နိုင်ငံ စသည်တို့သည် လူထုအကျိုးကို မစွမ်းဆောင်နိုင်ပါက အုပ်ချုပ်ခွင့် မရှိစေရ” ဟု အခိုင်အမာ ငြင်းချက်ထုတ် ပြဌာန်းခဲ့လေသည်။

သူ၏ ပြောပြချက်အရ၊ ဂျိုဆွန်း (Joseon) သည် ကိုရီးယားကျွန်းဆွယ်ရှိ လူထုကို စွန့်လွှတ်ခဲ့ပြီး၊ ထိုလူထုကို ဂျပန်၏ ကျူးကျော်မှုကို ခံရနိုင်ခြေရှိစေခဲ့သောကြောင့် ပြုပြင်ပြောင်းလဲရေးသည် မလွဲမသွေ လိုအပ်လာခဲ့သည်။ သို့သော် ထိုပြုပြင်ပြောင်းလဲရေးသည် ဂျပန်၏လက်ဖြင့် ဖြစ်ပေါ်လာ၍မရပေ။ အကြောင်းမှာ ဂျပန်တို့သည် နိုင်ငံခြားသား များဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ကို အုပ်ချုပ်ပိုင်ခွင့်မရှိသောကြောင့် ဖြစ်သည်။ ရှင်းချယ်ဟို ၏ လူမျိုးအခြေခံ အတွေးအခေါ်သည် ခေတ်သစ်ပရိသတ်များအတွက် စိတ်မသက်မသာ ဖြစ်စရာရှိနိုင်သော်လည်း၊ ထိုခေတ်ကာလအတွက်မူ မထူးဆန်းသည့် အယူအဆ ဖြစ်ကြောင်း မှတ်သားသင့်ပေသည်။ ထို့အပြင်၊ ကောင်းမွန်သောအုပ်ချုပ်မှု အတွက် လစ်ဘရယ်ဝါဒ (တစ်နည်းအားဖြင့် တစ်ဦးချင်းအခွင့်အရေး) သည် အဓိက အစိတ်အပိုင်းဖြစ်ကြောင်း ရှင်းချယ်ဟိုက ဖော်ထုတ်ခဲ့သည်ကိုလည်း သတိပြုသင့်သည်။ ထိုအရာသည် ကိုရီးယားလူမျိုးကို အခြားလူမျိုးများကို လွှမ်းမိုးစေရန်အတွက် မဟုတ်ဘဲ၊ နောက်လာမည့် လှုပ်ရှားမှုများပြားသော ဆယ်စုနှစ်များအတွင်း ရှင်သန်နိုင်ရန် အတွက် လိုအပ်သည်ဟု သူက ဆိုခဲ့သည်။

“အတ္တာဟိ အတ္တနော နာထော” ၏ ဆွဲဆောင်မှု

ရှင်းချယ်ဟို ၏ စာပေများသည် ပရိသတ်ကို စတင်ရရှိချိန်တွင် နောက်ကျခဲ့ပြီဖြစ်သည်။ ၎င်း၏ “သမိုင်းကို အသစ်ပြန်လည်ဖတ်ရှုခြင်း” (Doksa Sillon) စာအုပ်ကို ၁၉၀၇ ခုနှစ်တွင် ထုတ်ဝေခဲ့ချိန်၌ ဂျပန်သည် ကိုရီးယား၏ အချုပ်အခြာအာဏာကို ချုပ်ကိုင်ထားနှင့်ပြီးဖြစ်ကာ မကြာမီပင် ကျွန်းဆွယ်တစ်ခုလုံးကို သိမ်းပိုက်တော့မည်ဖြစ်သည်။ ကိုရီးယားကို သိမ်းပိုက်ပြီးနောက်တွင် ရှင်းချယ်ဟို သည် မန်ချူးရီးယား သို့ ထွက်ခွာသွားခဲ့ပြီး၊ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့ နယ်ချဲ့သိမ်းပိုက်ခြင်းသည် နောက်ထပ် နယ်မြေများ ထပ်မံ သိမ်းယူရန်အတွက် အခြေခံစခန်းတစ်ခု ဖြစ်လာမည်ဟု ပြင်ပကမ္ဘာကို သတိပေးခဲ့သည်။ ဤသတိပေးချက်သည် ၁၉၃၁ ခုနှစ်တွင် ဂျပန်တို့က မန်ချူးရီးယား ကို ကျူးကျော်သိမ်းပိုက်ခဲ့ရာတွင် မှန်ကန်ကြောင်း သက်သေပြခဲ့ပြီး၊ ၎င်းနောက်ပိုင်းတွင် အာရှတိုက်၌ ထပ်မံသိမ်းပိုက်မှုများနှင့် အဆုံးတွင် အမေရိကန်ပြည်ထောင်စုနှင့် အပြင်းအထန် ပြိုင်ဆိုင်မှုတို့၏ နိမိတ်ပြမှုပင် ဖြစ်ခဲ့လေသည်။

ထိုသတိပေးချက်မှာ လျစ်လျူရှုခဲ့ခဲ့ရသည်။ ၁၉၂၀ ပြည့်လွန်နှစ်များသို့ ရောက်သော် ရှင်းချယ်ဟို သည် ကိုရီးယား အမျိုးသားရေးဝါဒနှင့် လူမျိုးရေး အတွေးအခေါ်များကို စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ ၎င်း၏ “သမိုင်းကို အသစ်ပြန်လည်ဖတ်ရှုခြင်း” စာအုပ်ပါ နိုင်ငံတော်အပေါ် သံသယရှိသည့် အတွေးအခေါ်သည် လုံးဝဥဿုံ မင်းမဲ့ဝါဒ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး၊ ဂျပန် နယ်ချဲ့သမားများအစ နိုင်ငံတော်များနှင့် လူထု၏အခြားရန်သူများပါ မကျန်တို့အား ချေမှုန်းရန် ကြိုးပမ်းခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် အရှေ့ပိုင်း မင်းမဲ့ဝါဒီ အစည်းအရုံး၏ ဗုံးပြုလုပ်ခြင်း အပါအဝင် တခြား လှုပ်ရှားမှုများအတွက် ငွေကြေးထောက်ပံ့ရန် ရည်ရွယ်၍ ငွေစက္ကူအတုများ မှောင်ခိုသွင်းယူမှုဖြင့် သူအဖမ်းခံခဲ့ရသည်။ ၁၉၃၆ ခုနှစ်၊ အသက် ၅၅ နှစ်အရွယ် ကွယ်လွန်ချိန်အထိ ထောင်ထဲ၌ပင် ရှိနေခဲ့သည်။

သို့သော်လည်း သူ၏ အယူအဆများသည် အမေ့လျော့ခံများ မဖြစ်သွားပေ။ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားနိုင်ငံ လွတ်မြောက်လာပြီးနောက်၊ ကိုရီးယားစစ်ပွဲအပြီးတွင်၊ ၁၉၆၁ ခုနှစ်၌ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် အာဏာရှင် ပတ်ချုန်ဟီး (Park Chung-hee) ဦးဆောင်သော စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် ရှင်းချယ်ဟို ၏ အယူအဆများသည် တောင်ကိုရီးယား၏ ဉာဏနယ်ပယ် သို့ အရှိန်အဟုန်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။

စစ်မှုထမ်းဟောင်းကြီး ပတ် သည် နိုင်ငံကို ပျင်းရိစေပြီး တရုတ်လက်အောက်ခံဖြစ်စေကာ အားနည်းခဲ့သည့် ဂျိုဆွန်း ဘုရင်စနစ် အပေါ် ရှင်းချယ်ဟိုနှင့် အမြင်တူစွာပင် မနှစ်မြို့ ခဲ့ပေ။ သူသည် ရှင်းချယ်ဟို၏ မင်ဂျော့ (minjok) အယူအဆကို ပြန်လည်အသက်သွင်းခဲ့ပြီး၊ စက်မှုလုပ်ငန်း ထူထောင်ရေးနှင့် ပို့ကုန်ကို အားပြုသည့် စီမံကိန်းဖြင့် ခေတ်မီစီးပွားရေးစနစ်ကို တည်ဆောက်ခဲ့ရာမှ ကိုရီးယားသမ္မတနိုင်ငံ ကို ဂျူချယ် (Juche) အောင်မြင်မှုရရှိအောင် ကူညီပေးခဲ့သည်။ ဂျူချယ် ဆိုသည်မှာ ဂျာမနီဘာသာစကားမှ စူဘဂျက် (Subjekt) ကို ဂျပန်မှတစ်ဆင့် ရှူတိုင်း (Shutai) အဖြစ် ချေးယူထားသော ဝေါဟာရဖြစ်ပြီး၊ ယနေ့ခေတ်တွင် “ကိုယ့်အားကိုယ်ကိုး” (self-reliance) ဟု အများအားဖြင့် ဘာသာပြန်ဆိုကြသည်။ “အတ္တာဟိ အတ္တနော နာထော” ဆိုဟု ဆိုနိုင်ပါသည်။

ဂျူချယ် (Juche) ဆိုသည့် ဝေါဟာရသည် လူအများနှင့် မစိမ်းလှပါ။ အကြောင်းအကျိုးတိုက်ဆိုင်စွာပင် မြောက်ကိုရီးယားသည် နိုင်ငံတည်ထောင်ချိန်ကတည်းကပင် “ဂျူချယ် (Juche)” အား လမ်းညွှန်မှုနိယာမ ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း ပညာရှင်အချို့ကမူ ပတ်ချုန်ဟီး စတင်အသုံးပြုပြီးနောက် ၁၉၆၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းကျမှ မြောက်ကိုရီးယား၏ ပြောဆိုမှုများတွင် အများအားဖြင့် သုံးနှုန်းလာသည်ဟု သုံးသပ်အကြံပြုကြသည်။ မည်သို့ပင်ဖြစ်စေ ပညာရှင်များစွာသည် မြောက်ကိုရီးယား၏ ဤဝေါဟာရ အသုံးပြုမှုကို ရှင်းချယ်ဟို (Sin Chae-ho) ၏ စာပေများ၊ သူ၏ မင်ဂျော့ (minjok) ကာကွယ်ရေးနှင့် ဂျိုဆွန်း (Joseon) ၏ အကျိုးမဲ့မှုကို ရှုတ်ချပြောဆိုမှုများတွင် အမြစ်တွယ်နေသည်ဟု ယူဆကြပါသည်။

သို့သော်လည်း ၁၉၇၉ ခုနှစ်တွင် လုပ်ကြံခံရသည်အထိ တောင်ကိုရီးယားကို သံမဏိလက်သီး (အာဏာရှင်စနစ်) ဖြင့် အုပ်ချုပ်ခဲ့သော ပတ်ချုန်ဟီး ကဲ့သို့ပင်၊ မြောက်ကိုရီးယားကလည်း ရှင်းချယ်ဟို ၏ လစ်ဘရယ်ဝါဒ (liberalism) ကိုဖြစ်စေ၊ လူထုအကျိုးကို မစွမ်းဆောင်နိုင်သော အစိုးရသည် အုပ်ချုပ်ခွင့် ဆုံးရှုံးသည် ဟူသော သူ၏ အမြင်ကိုဖြစ်စေ မည်သည့်အခါမျှ ဆွေးနွေးပြောဆိုခြင်း မပြုခဲ့ပေ။ မြောက်ကိုရီးယား၏ အခြေအနေတွင်မူ အဘယ်ကြောင့်နည်း ဟု အံ့ဩစရာပင်မလိုပါ။ ထို့အတူ သူ၏ မင်းမဲ့ဝါဒအသွင်ကူးပြောင်းမှု ကိုလည်း လျစ်လျူရှုထားကြသည်။

သူ၏ အစောပိုင်း လူမျိုးအခြေခံ သီအိုရီများ ကို မည်သို့ပင် ရှုမြင်သည်ဖြစ်စေ၊ ရှင်းချယ်ဟို (Sin Chae-ho) ၏ အတွေးအခေါ်တစ်လျှောက်တွင် မြဲမြံစွာ တည်ရှိခဲ့သော အမြင်မှာ ကြီးကျယ်ခမ်းနားမှု သည် အထက်အောက် စီမံကိန်းချခြင်းမှ မဟုတ်ဘဲ၊ သာမန်ပြည်သူများ၏ တစ်ဦးချင်း ကြိုးပမ်းအားထုတ်မှု တွင် တွေ့ရှိရခြင်းဖြစ်သည်။ အထားတူကင် နိုင်ငံတော် (state) သည်လည်း မကြာခဏဆိုသလို လူထု၏ ရန်သူဖြစ်နေတတ်သည် ဟူ၍ ဖြစ်သည်။

ဝမ်းနည်းစရာမှာ ရှင်းချယ်ဟို၏ အတွေးအခေါ်များမှ ထိုရှုထောင့်ကို မကြာခဏဆိုသလို မေ့လျော့ထားခြင်း ခံနေရခြင်းပင် ဖြစ်သည်။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

Anarchy and Democracy
Fighting Fascism
Markets Not Capitalism
The Anatomy of Escape
Organization Theory