By Logan Marie Glitterbomb. Original: Make Libertarianism Working Class Again! published on September 28th, 2016. Translated into Burmese by Hein Htet Kyaw.
ကျော်ကြားသော ကွန်မြူနစ်ဝါဒီ ဂျိုးဇက် ဒေဂျက် (Joseph Déjacque) သည် ပီယာ-ဂျိုးဇက် ပရူဒွန် (Pierre-Joseph Proudhon) ထံ ၁၈၅၇ ခုနှစ်တွင် ပေးပို့သည့် စာတစ်စောင်၌၊ မိမိ၏အမြင်များကို အာဏာရှင်ဆန်သော ကွန်မြူနစ်ဝါဒီများ၏ အမြင်များနှင့် ကွဲပြားစေရန်အတွက် လစ်ဘာတေးရီးယန်း (libertarian) ဟူသည့် နိုင်ငံရေးဝေါဟာရကို စတင်အသုံးပြုခဲ့သည့် အချိန်မှစ၍၊ ထိုအတွေးအခေါ်သည် အမြဲတမ်းလိုလို အလုပ်သမားလူတန်းစား၏ ပုန်ကန်ထကြွမှုကို ရည်ညွှန်းခဲ့ပါသည်။ သို့သော်လည်း၊ ဆန့်ကျင်ဘက် အယူအဆရှိသော ရီပတ်ဘလစ်ကန် (Republican) အချို့က အာဏာရှင်ဆန်မှုကို ဆန့်ကျင်သည့် လက်ဝဲသမားများနှင့် ပေါင်းစည်းရန် ကြိုးပမ်းပြီး၊ သူတို့၏ ဝေါဟာရများကို များစွာလက်ခံကျင့်သုံးခဲ့ကြသော်လည်း၊ ဒေဂျက်၊ ပရူဒွန်၊ ဘာကူနင် (Bakunin)၊ ကရိုပေါ့ကင်း (Kropotkin)၊ စပူနာ (Spooner)၊ တာကာ (Tucker) နှင့် အခြားသော ရှေးကပုဂ္ဂိုလ်များ၊ နောက်ပိုင်း ပုဂ္ဂိုလ်များစွာတို့ ဖော်ထုတ်ချမှတ်ခဲ့သည့် လူတန်းစားခွဲခြားစိတ်ဖြာမှုကို လုံးဝနီးပါး ချန်လှပ်ထားခဲ့ကြပါသည်။
ပရူဒွန် (Proudhon) သည် လွတ်လပ်သောဈေးကွက်-မင်းမဲ့ဝါဒ၏ အခြေခံအုတ်မြစ်ကို ပထမဆုံးချမှတ်စဉ်က၊ ၎င်းကို အစိုးရစနစ်ကို ဆန့်ကျင်သည့်နည်းလမ်းများဖြင့် ဆိုရှယ်လစ်ပန်းတိုင်များသို့ ရောက်ရှိစေမည့် လမ်းကြောင်းတစ်ရပ်အဖြစ် ရှုမြင်ခဲ့ပါသည်။ အမှန်စင်စစ်အားဖြင့်၊ သူသည် ကားလ်မာ့က်စ် (Karl Marx) နှင့်အတူ ပထမအပြည်ပြည်ဆိုင်ရာ (First International) အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့လေသည်။ အမေရိကန်ပြည်ထောင်စု၌မူ အစောပိုင်း အမေရိကန် လစ်ဘာတေးရီးယန်းနှင့် မင်းမဲ့ဝါဒီအများအပြားသည် အလုပ်သမားလှုပ်ရှားမှုအတွင်း အရေးပါသော မဟာမိတ်များဖြစ်ခဲ့ကြရာ၊ ကျွန်စနစ်ကို ဆန့်ကျင်တိုက်ပွဲမှသည် ရှစ်နာရီအလုပ်ချိန်ရရှိရေးတိုက်ပွဲနှင့် ထို့ထက်ကျော်လွန်သည့် အရေးကိစ္စများအထိ ပါဝင်ခဲ့ကြပါသည်။ ၎င်းပြင် ကမ္ဘာ့စက်မှုလုပ်သားများသမဂ္ဂ (Industrial Workers of the World – IWW) ကို အလုပ်သမားသမဂ္ဂတစ်ခုအနေဖြင့် လစ်ဘာတေးရီးယန်းလမ်းစဉ်ကို လက်ခံကျင့်သုံးစေရန် လွှမ်းမိုးခဲ့သူများမှာ မင်းမဲ့ဝါဒီများပင် ဖြစ်ပါသည်။
သို့သော်လည်း၊ ထိုအချိန်မှစ၍ အမေရိကရှိ လစ်ဘာတေးရီးယန်းဝါဒသည် အရင်းရှင်စီးပွားရေး အကျိုးစီးပွားနှင့် ပတ်သတ်သော “လွတ်လပ်သော” ဈေးကွက်ဝါဒီများနှင့် ပိုမိုဆက်စပ်နေပါသည်။ ကွန်ကင် (Konkin) ကဲ့သို့သော အချို့သူများသည် လစ်ဘာတေးရီးယန်းဝါဒအတွင်းသို့ လူတန်းစားခွဲခြမ်းစိတ်ဖြာမှုကို ပြန်လည်ထည့်သွင်းခြင်းဖြင့် ဤအခြေအနေကို ပြင်ဆင်ရန် ကြိုးပမ်းခဲ့ရာ၊ ဈေးကွက် လစ်ဘာတေးရီးယန်းဝါဒကို လူတန်းစားတိုက်ပွဲနှင့် အမျိုးသမီးဝါဒတို့နှင့် ပြန်လည်ပေါင်းစည်းပေးသည့် အတွေးအခေါ်ကို ဖန်တီးရာ၌ အောင်မြင်ခဲ့ပါသည်။ သူ၏ အတွေးအခေါ်သည် ဈေးကွက်-ဆန့်ကျင်ရေး အဂိုရစ်ဇင် (anti-capitalist agorism) စသည့် အယူအဆများဖြင့် အညမညဝါဒီ (mutualist) လစ်ဘာတေးရီးယန်းအသိုင်းအဝိုင်းများသို့ပင် ကူးစက်ရောက်ရှိခဲ့ရာ၊ ၎င်းသည် ပရူဒွန်၏ စွမ်းအားနှစ်ရပ် (dual power) ဗျူဟာနှင့် နည်းလမ်းများစွာတွင် ဆင်တူပါသည်။ ထို့ကြောင့် ရွန် ပေါလ် (Ron Paul) နှင့် ဂါရီ ဂျွန်ဆင် (Gary Johnson) တို့ကဲ့သို့ လူတန်းစားအခြေခံ နည်းပါးသည့် လစ်ဘာတေးရီးယန်း အတွေးအခေါ်များကို ပိုမိုရှာဖွေတွေ့ရှိရန် လှုံ့ဆော်ခံရသူများ တိုးပွားလာသည်နှင့်အမျှ၊ လူတန်းစားဝါဒကို စိုးရိမ်ပူပန်သူများသည် ဤအဖွဲ့ဝင်သစ်များကို မိမိတို့၏ အစုအဝေးထဲသို့ မည်သို့ ဆွဲဆောင်ခေါ်ယူနိုင်မည်အား တွေးတောပူပန်ကြရသည်။ အရင်းရှင်စီးပွားရေး လွှမ်းမိုးနေပုံရသော ရိုင်းစိုင်းသည့် လစ်ဘာတေးရီးယန်းဝါဒပုံစံကို မည်သို့ တိုက်ဖျက်နိုင်မည်မှာလည်း အရေးပါသည်။ လစ်ဘာတေးရီးယန်းဝါဒနှင့် လူတန်းစားတိုက်ပွဲတို့သည် အတူယှဉ်တွဲတည်ရှိနိုင်ကြောင်း လက်ဝဲသမားများအား မည်သို့ သက်သေပြနိုင်မည်နည်း။ (လစ်ဘာတေးရီးယန်းပါတီများအတွင်းရှိ) ဆင်းရဲသားလူတန်းစား ကော့ကပ်စ် (Povertarian Caucus) သည် ဤနည်းဖြင့် (လစ်ဘာတေးရီးယန်းပါတီများအတွင်း) ပါဝင်လာခြင်း ဖြစ်ပါသည်။
၂၀၁၄ ခုနှစ်မှစ၍၊ ဆင်းရဲသားလူတန်းစား ကော့ကပ်စ် (Povertarian Caucus) သည် လစ်ဘာတေးရီးယန်း အမျိုးသားညီလာခံ (LNC) တွင် ကျင်းပသည့် ဈေးကြီးပြီး ခမ်းနားသော ညစာစားပွဲနှင့် တစ်ချိန်တည်း မျက်နှာချင်းဆိုင်မှာ ဆင်းရဲသားတို့အတွက် ပြုလုပ်လေ့ရှိသည့် နှစ်နှစ်တစ်ကြိမ် ပီဇာပါတီကြောင့် လူသိများလာခဲ့ပါသည်။ “လစ်ဘာတေးရီးယန်း” ပွဲတစ်ခုသည် ဆင်းရဲနွမ်းပါးသူများနှင့် အလုပ်သမားလူတန်းစားများအတွက် တက်ရောက်ရန် မတတ်နိုင်လောက်အောင် ဈေးကြီးလွန်းနေခြင်းမှာ ရယ်စရာပင်ဖြစ်ပြီး ဤအတွေးအခေါ်ကို စတင်တည်ထောင်သူများ ၎င်းအချက်အလက်ကို သိရှိကြပါက သေလောက်အောင် အံ့သြတုန်လှုပ်ဖွယ်ရာ ရှိပါသည်။ သို့သော်လည်း ဆင်းရဲသားဝါဒီ လစ်ဘာတေးရီးယန်းများ (Povertarians) ကမူ အခမဲ့ အစားအစာ ပေးရန်အတွက် ထိုနေရာတွင် ရှိနေပါသည်။ သို့သော်လည်း ပီဇာထက် ပိုမိုအရေးကြီးသည်မှာ ၎င်းတို့၏ အလုပ်သမားအခွင့်အရေးများအတွက် အလေးအနက်ထား ထောက်ခံအားပေးသည့် ကြိုးပမ်းမှုပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ညီလာခံကြမ်းခင်းကြေး ကဲ့သို့သော ပြည်တွင်းရေးကိစ္စများ၏ ဘောင်များထက် ကျော်လွန်သည့် အခွင့်အလမ်းတစ်ခု ရှိနေသည်ကို ချက်ချင်း သဘောပေါက်ခဲ့ပါသည်။ အကြောင်းမှာ ဈေးကွက်များနှင့်ပတ်သက်သည့် လစ်ဘာတေးရီးယန်းအတွေးအခေါ်များက အစိုးရဝင်ရောက်စွက်ဖက်မှုသည် ကျယ်ပြန့်သော ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေသည်ဟု မှန်ကန်စွာ ဟောကိန်းထုတ်ထားသောကြောင့် ဖြစ်သည်။ ဈေးကွက်လွတ်လပ်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ပါတီအနေဖြင့် ပြောဆိုပုံကို တိုးတက်ကောင်းမွန်စေရန် အခွင့်အလမ်းများစွာ ရှိပါသည်။ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်း၏ အခြေအနေအရ ဆင်းရဲနွမ်းပါးသူများ အများအပြား ရှိနေပြီး ၎င်းတို့သည် ကျွန်ုပ်တို့ ပေးနိုင်သည့် နိုင်ငံရေးဖြေရှင်းနည်းများကို ရှာဖွေနေကြပါသည်။ ထိုအချက်ကို ထိုင်ပြီး အမှန်တကယ် ဦးနှောက်ခြောက်ခံ စဉ်းစားဆွေးနွေးလိုက်သောအခါ၊ ကျွန်ုပ်တို့သည် မျက်ကွယ်ပြုထားမိသည့် ကိစ္စရပ်များ အမျိုးမျိုးကို တွေ့ရှိခဲ့ရာ၊ ၎င်းတို့ကို ဖော်ထုတ်ပြသနိုင်ပေလိမ့်မည်။ ထိုကိစ္စများတွင် အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ရာဇဝတ်သားများ၏ အခွင့်အရေးများ၊ လူမဆန်သော လူမှုဖူလုံရေးစနစ်၊ လွတ်လပ်သော ဈေးကွက်အတွင်းသို့ ဝင်ရောက်ခြင်းအပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားခြင်း၊ အတင်းအကျပ် ခိုင်းစေမှု၏ ရင်းမြစ်များဖြစ်သော ရဲ/ထောင် စနစ် နှင့် အခြားကိစ္စများ ပါဝင်ပါသည်။
ဂန္ထဝင် လစ်ဘာတေးရီးယန်း အတွေးအခေါ်သည် နိုင်ငံတော် (state) အပေါ် ကွန်မြူနစ်များ ခွဲခြမ်းစိတ်ဖြာသုံးသပ်ရာမှ ပေါ်ထွန်းလာခြင်း ဖြစ်ပါသည်။ အလုပ်သမားလူတန်းစား လွတ်မြောက်ရေးဟူသော ကွန်မြူနစ်ပန်းတိုင်များကို သဘောတူသူ အများအပြားသည် လွတ်လပ်မှုမရှိသော အရင်းရှင်ဈေးကွက်ကို ထိန်းထားပေးရာ၌ နိုင်ငံတော်သည် အစကတည်းက ပြဿနာ၏ အဓိကအစိတ်အပိုင်းဖြစ်နေပါလျက်၊ ထိုနိုင်ငံတော်ကို ပန်းတိုင်ရောက်ရန် အသုံးပြုနိုင်သည်ဟူသော အယူအဆကို ဝေဖန်ခဲ့ကြသည်။ ဤလစ်ဘာတေးရီးယန်းများသည် ၎င်းတို့၏ အလုပ်သမားလူတန်းစား လွတ်မြောက်ရေးအမြင်များကြောင့်သာ လစ်ဘာတေးရီးယန်းများ ဖြစ်လာခဲ့ကြခြင်းဖြစ်ပြီး၊ ထိုအမြင်များကြောင့် မဟုတ်ဘဲ ဖြစ်လာခဲ့ကြခြင်း မဟုတ်ပေ။ ယခုအခါတွင် ဆင်းရဲသားဝါဒီများ (Povertarians) သည် ၎င်းတို့ရှေ့မှ အဂိုရစ်ဝါဒီများ (agorists) ကဲ့သို့ပင် လွတ်လပ်သောဈေးကွက်ရှုထောင့်မှ လူတန်းစားတိုက်ပွဲတွင် အခြေခံပြန်လည်ချမှတ်ခြင်းအားဖြင့် အမေရိကန် လစ်ဘာတေးရီးယန်းလှုပ်ရှားမှု၏ လမ်းကြောင်းကို ပြန်လည်ပြင်ဆင်ရန် ကူညီရန် ရောက်ရှိလာကြပြီ ဖြစ်ပါသည်။
မိုက်စတာ (Mikester) အား ဆင်းရဲသားလူတန်းစား ကော့ကပ်စ် (Povertarian Caucus) နှင့် ဂန္ထဝင် လစ်ဘာတေးရီးယန်းအတွေးအခေါ်တို့၏ ဆက်နွှယ်မှုကို မေးမြန်းခဲ့ရာ၊ သူက ဤသို့ တုံ့ပြန်ပြောကြားခဲ့ပါသည်။
“ကျွန်ုပ်ခံစားရသည်မှာ အမေရိကန် နိုင်ငံရေးလူတန်းစားသည် ရှေးယခင်က မင်းစိုးရာဇာလူတန်းစား၏ နေရာကို အစားထိုးဝင်ရောက်လာချိန်တွင် ထိုအမြစ်ခံအတွေးအခေါ်များသည် အချိန်ကြာလာသည်နှင့်အမျှ ကွယ်ဝှက်ပစ်ခြင်း ခံခဲ့ရပါသည်။ တော်လှန်ရေး အလားအလာသည် ထိုနှစ်ခုကို ခွဲခြား၍မရဟု အမြဲတမ်းဆိုခဲ့သည့်တိုင်၊ ဘာသာစကားအသုံးအနှုန်းများကို လုပ်အားအပေါ် အရင်းအနှီးက ဦးစားပေးသည့် ပုံစံဖြင့် ဝန်ဆောင်မှုပေးရန် အသုံးပြုခဲ့သည်” ဟူ၍ ဖြစ်ပါသည်။
သမဂ္ဂများနှင့် ပတ်သက်၍မူ ၎င်းတို့ကို–
“ဆန္ဒအလျောက် ပေါင်းစည်းထားသော အသင်းအဖွဲ့များနှင့် ပုဂ္ဂလိက စာချုပ်များအဖြစ် ရှုမြင်ပါသည်။ အလုပ်သမားများနှင့် အလုပ်ခွင်များတွင် ၎င်းတို့နှစ်သက်ရာ သဘောတူညီချက်များ ချမှတ်ရန် မည်သို့ပင် ပေါင်းစည်းသည်ဖြစ်စေ အခွင့်အရေးရှိပါသည်။ ပေါင်းစည်းမှုပုံစံတိုင်း လွတ်လပ်စွာ ရှင်သန်ကြီးထွားနိုင်မှသာ ဈေးကွက်သည် ကျန်းမာနိုင်ပါသည်။ ကျွန်ုပ်တို့သည် လက်တွေ့တွင် အကြီးအကဲများကဲ့သို့ လုပ်ဆောင်နေသော ‘မိတ်ဆွေအရင်းခံ သမဂ္ဂများ’ (crony unions) ကိုသာ ဆန့်ကျင်ပါသည်။ NLRB [National Labor Relations Board] ကဲ့သို့သော နိုင်ငံတော် ထိန်းချုပ်မှုများသည် ဤအယူအဆကို ပျက်ပြားစေပြီး လုပ်အားကို ကော်ပိုရေးရှင်း-နိုင်ငံတော်၏ အကျိုးအတွက် အသုံးတော်ခံစေခြင်းဖြစ်ရာ၊ ယင်းသည် လက်ခံနိုင်စရာ မရှိပါ။” ဟု ဆိုခဲ့သည်။
ထိုအမြင်သည် အလုပ်သမားလူတန်းစားဝင် မင်းမဲ့ဝါဒီများ များစွာတို့ လက်ခံကျင့်သုံးနေကြသည့် လမ်းစဉ်ဖြစ်သည်ကို ထောက်ရှုလျှင်၊ ဆင်းရဲသားလူတန်းစား ကော့ကပ်စ် (Povertarian Caucus) သည် ပါတီနိုင်ငံရေးမှတစ်ဆင့် လစ်ဘာတေးရီးယန်းဝါဒကို ရှာဖွေတွေ့ရှိသူများနှင့် အလုပ်သမားလူတန်းစား ခွဲခြမ်းစိတ်ဖြာမှုမှတစ်ဆင့် ရှာဖွေတွေ့ရှိသူများအကြားရှိ ကွာဟချက်ကို ပေါင်းကူးပေးနိုင်ကြောင်း သက်သေပြနိုင်ဖွယ်ရာ ရှိပါသည်။ ကျွန်ုပ်အနေဖြင့်မူ ပါတီနိုင်ငံရေးကို ရှောင်ကြဉ်သော်လည်း၊ ၎င်းတို့အတွက် အောင်မြင်ပါစေကြောင်း ဆုတောင်းပေးပါသည်။
C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how






