ချွန်စကီး၏ ဇော်ကန့်လန့် မင်းမဲ့ဝါဒ

By Roderick Long. Original article published on January 7th, 2010 as Chomsky’s Augustinian Anarchism. Translated into Burmese by Hein Htet Kyaw.

နွမ်ချွမ်းစကီး (Noam Chomsky) သည် အမေရိကန်ပြည်ထောင်စု၏ အထင်ရှားဆုံးသော မင်းမဲ့ဝါဒီ တစ်ဦးဟု ဆိုနိုင်သူ ဖြစ်သည်။ သို့သော် ဤတွင် တစ်မျိုးတစ်ဖုံသော သရော်မှုတစ်ခု ရှိနေသည်။ အကြောင်းမှာ စိန့် ဩဂတ်စတင်း (St. Augustine) က တစ်ချိန်က “ကျွန်ုပ်အား သန့်စင်ခြင်းနှင့် ခြိုးခြံမှုတို့ကို ပေးသနားတော်မူပါ၊ သို့သော် ယခုတော့ မဟုတ်သေး” ဟု ဆုတောင်းခဲ့ဖူးသည့်နည်းတူပင်၊ ချွမ်းစကီး၏ ရည်ရွယ်ချက်မှာလည်း အမှန်စင်စစ်အားဖြင့် မင်းမဲ့လူ့ဘောင် ဖြစ်သော်လည်း၊ “ယခုတော့ မဟုတ်သေး” ဟူသော သဘောကို ဆောင်နေသောကြောင့် ဖြစ်ပေသည်။

ချွမ်းစကီး၏ “မလုပ်သေး” ဟူသော အကြောင်းရင်းမှာ ဩဇာတိက္ကမ ကြီးမားသော ဗဟိုအစိုးရတစ်ရပ်သည် လက်ရှိအချိန်၌ ကော်ပိုရိတ်အထက်တန်းလွှာ၏ အာဏာကို ဟန့်တားသော ခံတပ် အဖြစ် လိုအပ်နေခြင်းကြောင့် ဖြစ်သည်ဟု ဆို၏။ ထို့ကြောင့် ကော်ပိုရိတ်အထက်တန်းလွှာ၏ အာဏာကို အစိုးရကို အသုံးပြု၍ ဦးစွာ ချိုးဖျက်နိုင်ခြင်း မရှိသေးသမျှ ကာလပတ်လုံး၊ နိုင်ငံတော်ကို ဖျက်သိမ်းရန် သို့မဟုတ် လျှော့ချရန်ပင်လျှင် ဘေးကင်းမည် မဟုတ်ဟု ဆိုလိုချင်ပုံရသည်။

သူ၏ “အာဏာလွှဲပြောင်းမှုကို လိုချင်သည်ဟု သင်တို့ဆိုသော်လည်း” မည်သော ဆောင်းပါးတွင် သူက အောက်ပါအတိုင်း ဆိုသည်။

“ရေရှည်တွင် ဗဟိုချုပ်ကိုင်မှုရှိသော နိုင်ငံရေးအာဏာကို ဖျက်သိမ်းပြီး၊ ဖက်ဒရယ်စနစ်နှင့် အဖွဲ့အစည်းများ စသဖြင့် နောက်ဆုံးတွင် ဒေသအဆင့်အထိ လွှဲချသွားသင့်သည်ဟု ကျွန်ုပ် ထင်သည်။ အခြားတစ်ဖက်တွင်မူ ယခုလက်ရှိအချိန်တွင် ဗဟိုအစိုးရကို ပိုမို အားကောင်းလာစေရန် ကျွန်ုပ် လိုလားသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် လက်တွေ့လောကတွင် နေထိုင်ကြရခြင်း ဖြစ်ပြီး၊ အခြားလောကတွင် မဟုတ်သောကြောင့်ပင်။ ထို့ပြင် ဤလောကတွင် လူသားများ တီထွင်ဖန်တီးဖူးသမျှ အာဏာရှင်စနစ်နှင့် အာဏာပိုင်စိုးမှု အသွင်သို့ အနီးစပ်ဆုံး ရောက်နေသော ပုဂ္ဂလိကအာဏာကြီးများ အစုလိုက်အပြုံလိုက် တည်ရှိနေကြသည်။

ရရှိထားသော အခွင့်အရေးများကို ကာကွယ်ရန် သို့မဟုတ် ထိုပုဂ္ဂလိက အာဏာများ ရှေ့မှောက်တွင် ၎င်းတို့၏ စကုပ်ကို ချဲ့ထွင်ရန် နည်းလမ်းမှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ အများပြည်သူအပေါ် အတိုင်းအတာတစ်ခုအထိ တာဝန်ခံရပြီး၊ ပြည်သူလူထုက စွမ်းဆောင်နိုင်လျှင် သြဇာလွှမ်းမိုးနိုင်သော မသင့်လျော်သည့် အာဏာပုံစံ တစ်ခုတည်းကို ထိန်းသိမ်းထားရန်ပင် ဖြစ်သည်။”

ချွမ်းစကီး၏ “ပုဂ္ဂလိကအာဏာ အစုအဝေး” ကို ခုခံတားဆီးပေးသော အရေးပါသည့် ခံတပ်အဖြစ် နိုင်ငံတော်ဟူသော အယူအဆသည် အစပိုင်း၌ စိတ်ရှုပ်ထွေးဖွယ်ရာ ဖြစ်နေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် — ချွမ်းစကီးကိုယ်တိုင်၏ သုတေသနက အကြိမ်ကြိမ် အတည်ပြုထားသည့်အတိုင်း — နိုင်ငံတော်သည် သမိုင်းတစ်လျှောက်တွင် ထိုသို့သော အာဏာစုစည်းမှုများကို အဓိကအားပေး ကူညီခဲ့သည့်အဖွဲ့အစည်း ဖြစ်သောကြောင့်ပင်တည်း။ သို့သော် ချွမ်းစကီးဆိုလိုရင်းမှာ လက်ရှိတွင် ၎င်းသည် ခံတပ်အဖြစ် ပုံမှန်အားဖြင့် လုပ်ဆောင်နေသည်ဟု ဆိုလိုသည်ထက်၊ ၎င်းကို ထိုသို့ လုပ်ဆောင်စေရန် ပြုလုပ်နိုင်သည်ဟူသော သဘောဖြစ်သည်။ သင်သည် အလွန်အားသာသော ပြိုင်ဘက် (ပုဂ္ဂလိကအာဏာ) နှင့် ရင်ဆိုင်နေရပြီး၊ ထိုပြိုင်ဘက်၌ ဓား (အစိုးရအာဏာ) လည်း ရှိနေပါက၊ သင်သည် ထိုဓားကို ရိုးရိုးဖျက်ဆီးပစ်မည့်အစား ဓားကို ဆွဲယူ၍ ရန်သူကို ပြန်လည်အသုံးပြုခြင်းသည် ပိုမိုကောင်းမွန်ပေလိမ့်မည်ဟု ဆိုလိုဟန်ရှိသည်။

လက်နက်ထိန်းချုပ်ရေး” ဆိုင်ရာ သူ၏ ဆောင်းပါးတွင် ချွမ်းစကီးက ပြောကြားခဲ့သည်မှာ အောက်ပါ အတိုင်းဖြစ်သည်။

“အစိုးရသည် မေတ္တာကရုဏာ ကင်းမဲ့သည်မှာ မှန်ပါသည်။ သို့သော်လည်း ၎င်းသည် အနည်းဆုံး တစ်စိတ်တစ်ပိုင်းအားဖြင့် တာဝန်ယူမှု ရှိနေပြီး၊ မေတ္တာကရုဏာရှိလာအောင် ကျွန်ုပ်တို့ ဖန်တီးပေးနိုင်ပါသည်။

မေတ္တာကရုဏာ ကင်းမဲ့သည့်အရာ (အမှန်စင်စစ် အလွန်အမင်း ထိခိုက်နစ်နာစေသောအရာ) မှာ ဖော်ပြခဲ့ခြင်း မရှိသော စီးပွားရေးအာဏာဖြစ်သည်။ ၎င်းသည် အာရုံစူးစိုက်မှု အလွန်များပြားပြီး၊ ယခုအချိန်တွင် နိုင်ငံဖြတ်ကျော်ကာ ကြီးမားလာနေပြီ ဖြစ်သည်။ စီးပွားရေးအာဏာသည် မေတ္တာကရုဏာမှ အလွန်ဝေးကွာနေသည့်အပြင်၊ လုံးဝတာဝန်ယူမှုလည်း မရှိပေ။ ၎င်းသည် ကျွန်ုပ်တို့၏ ဘဝများအပေါ် အကျိုးသက်ရောက်မှု ကြီးမားလှသော အာဏာပိုင်စိုးမှုစနစ်တစ်ခု ဖြစ်သည်။ ၎င်းသည် အစိုးရ၌ မေတ္တာကရုဏာ ကင်းမဲ့နေရခြင်း၏ အဓိကအကြောင်းရင်းလည်း ဖြစ်သည်။”

ဤနေရာတွင် ကျွန်ုပ် ကန့်ကွက်လိုသော အချက် နှစ်ချက် ရှိသည်။

ပထမအနေဖြင့်၊ ပုဂ္ဂလိက စီးပွားရေး၏ အစိုးရအပေါ် လွှမ်းမိုးမှုသည် “အစိုးရ၌ မေတ္တာကရုဏာ ကင်းမဲ့နေရခြင်း၏ အဓိကအကြောင်းရင်း” ဖြစ်သည်ဟု ချွမ်းစကီးက ယူဆထားသည်။ အဘယ်ကြောင့် ဤသို့ ယုံကြည်နေရပါသနည်း။ ဤအာဏာကို ညွှန်ကြားသူများမှာ နိုင်ငံတော်ယန္တရား၏ အတွင်း၌ အများဆုံး ရှိသည်ဖြစ်စေ၊ အပြင်ဘက်၌ အများဆုံး ရှိသည်ဖြစ်စေ၊ လက်ဝါးကြီးအုပ် အာဏာသည် အလွဲသုံးစားပြုမှုကို ဖိတ်ခေါ်တတ်သည်။ မကောင်းဆိုးဝါး အရင်းရှင်များက ကြိုးဆွဲချမှု မရှိပါက အစိုးရသည် အန္တရာယ်ကင်းလိမ့်မည်ဟု ချွမ်းစကီးက ထင်ပါက၊ ရေရှည်တွင်ပင် ၎င်းကို အဘယ်ကြောင့် ဖျက်သိမ်းလိုရပါသနည်း။

ဒုတိယအနေဖြင့်၊ နိုင်ငံတော်အာဏာသည် “တစ်စိတ်တစ်ပိုင်းအားဖြင့် တာဝန်ယူမှု ရှိသည်” ဟု ချွမ်းစကီးက ယူဆထားသော်လည်း၊ စီးပွားရေးအာဏာမှာမူ “လုံးဝ တာဝန်ယူမှု မရှိ” ဟု ယူဆထားသည်။ ယခုဆိုလျှင် နိုင်ငံတော်အာဏာ၏ တာဝန်ယူမှုနှင့် နှိုင်းယှဉ်နေသည်မှာ လက်တွေ့တည်ရှိနေသော၊ နိုင်ငံတော်၏ အားပေးထောက်ခံမှုရရှိထားသော စီးပွားရေးအာဏာ၏ တာဝန်ယူမှုလော၊ သို့မဟုတ် အစိုးရ၏ အထောက်အပံ့မပါရှိဘဲ ရှိနေမည့် စီးပွားရေးအာဏာ၏ တာဝန်ယူမှုလော ဆိုသည်ကို ကျွန်ုပ် တိတိကျကျ မသိပါ။ သို့သော် ပထမအချက် ဖြစ်ပါက၊ ထိုခြားနားမှုသည် မှန်ကန်သည်ပင် ဆိုဦးတော့၊ နိုင်ငံတော်ကို ဖျက်သိမ်းရန် ဆန့်ကျင်ကန့်ကွက်စရာ အကြောင်းပြချက် မရှိနိုင်ပါ။ X + Y သည် X တစ်ခုတည်းထက် ပို၍ အန္တရာယ်များခြင်းသည် X ကို ခုခံကာကွယ်ရန် ကောင်းသော အကြောင်းပြချက် မဟုတ်ပါ။ ဤခြားနားမှုသည် အစိုးရကို ခုခံကာကွယ်ရန်အတွက် သက်ဆိုင်လိမ့်မည်မှာ နိုင်ငံတော်၏ အထောက်အပံ့မပါရှိသော စီးပွားရေးသည် နိုင်ငံတော်ထက် တာဝန်ယူမှု ပို၍ နည်းနေမှသာ ဖြစ်သည်။ ထိုသို့ဆိုလျှင် ဒီမိုကရေစီနိုင်ငံတော်ပင် ဖြစ်လင့်ကစား နိုင်ငံတော်သည် စစ်မှန်သော ပုဂ္ဂလိက စီးပွားရေးထက် တာဝန်ယူမှု အလွန်နည်းပါးကြောင်းမှာ ထင်ရှားနေသည်ဟု ထင်ပါသည်။

မည်သို့ပင်ဆိုစေကာမူ စီးပွားရေးလုပ်ငန်းတစ်ခုသည် သင်သဘောတူမှသာလျှင် သင့်၏ လုပ်အားနှင့်/သို့မဟုတ် ပိုင်ဆိုင်မှုများကို ရယူနိုင်မည်ဖြစ်သော်လည်း၊ အစိုးရမူကား ၎င်းတို့ကို အင်အားသုံး၍ ရယူနိုင်ပါသည်။ သေချာသည်မှာ သင်သည် လက်ရှိ ကိုယ်စားလှယ်များကို ရာထူးမှ မဲပေးဖယ်ရှားရန် ကြိုးစားနိုင်ပါသည်၊ သို့သော် နှစ်ချီကြာသည့် ကာလခြားနားချက်များတွင်သာ လုပ်နိုင်ပြီး၊ သင့်ပတ်ဝန်းကျင်မှ ၅၁ ရာခိုင်နှုန်းသော လူများအား ထိုနည်းအတိုင်း လုပ်ဆောင်ရန် ဆွဲဆောင်စည်းရုံးနိုင်မှသာလျှင် ဖြစ်သည်။ သို့သော် စီးပွားရေးလုပ်ငန်းတစ်ခုနှင့် သင့်ဆက်ဆံရေးကိုမူ သင်သည် အချိန်မရွေး အဆုံးသတ်နိုင်ပြီး၊ အခြားသူများကို သဘောတူရန် စည်းရုံးစရာလည်း မလိုပေ။ ထို့ပြင် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီသည် မူဝါဒများကို အထုပ်လိုက် ချုပ်၍ ပေးအပ်သော်လည်း၊ ပုဂ္ဂလိကလုပ်ငန်းနှင့်ဆိုလျှင် ကျွန်ုပ်သည် ဥပမာအားဖြင့် ကုန်စုံဆိုင် (A) ၏ ဟင်းသီးဟင်းရွက်များနှင့် ကုန်စုံဆိုင် (B) ၏ အသားများကို ရွေးချယ်နိုင်ပါသည်။

ဒေးဗစ် ဖရီးဒ်မန်း (David Friedman) သည် ၎င်း၏ “လွတ်လပ်မှု၏ ယန္တရား” အမည်ရှိ စာအုပ်တွင် ဤခြားနားချက်ကို အောက်ပါအတိုင်း ရှင်းပြထားသည်။

စားသုံးသူတစ်ဦးသည် ဈေးကွက်တွင် ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူသည့်အခါ၊ သူသည် အခြားရွေးချယ်စရာ အမှတ်တံဆိပ်များကို နှိုင်းယှဉ်နိုင်သည်။ … နိုင်ငံရေးသမားတစ်ဦးကို သင် ရွေးကောက်တင်မြှောက်သည့်အခါ၊ ကတိများမှလွဲ၍ သင် အခြား ဘာမျှ ဝယ်ယူခြင်း မရှိပါ။ … သင်သည် ၁၉၆၈ ခုနှစ်ထုတ် Ford၊ Chrysler နှင့် Volkswagen တို့ကို နှိုင်းယှဉ်နိုင်သော်လည်း၊ မည်သူမျှ ၁၉၆၈ ခုနှစ်၏ Nixon အစိုးရနှင့် ထိုနှစ်၏ Humphrey နှင့် Wallace အစိုးရတို့ကို နှိုင်းယှဉ်နိုင်မည် မဟုတ်ပါ။ ၎င်းသည် ၁၉၂၀ မှ ၁၉၂၈ အထိ Ford ကားများကိုသာ ကျွန်ုပ်တို့ ရရှိခဲ့ပြီး၊ ၁၉၂၈ မှ ၁၉၃၆ အထိ Chrysler ကားများကိုသာ ရရှိခဲ့ကာ၊ ထို့နောက်တွင် နောက်ထပ် လေးနှစ်အတွက် မည်သည့်ကုမ္ပဏီက ပိုကောင်းသော ကားကို ထုတ်လုပ်မည်ကို ဆုံးဖြတ်ရသကဲ့သို့ ဖြစ်နေသည်။ …

စားသုံးသူတစ်ဦးသည် မဲဆန္ဒရှင်ထက် သတင်းအချက်အလက် ပိုမိုကောင်းမွန်စွာ ရရှိရုံသာမက၊ ၎င်းသည် သူ့အတွက် ပို၍ အသုံးဝင်သည်။ ကျွန်ုပ်သည် အခြားရွေးချယ်စရာ ကားအမှတ်တံဆိပ်များကို ရှာဖွေစူးစမ်းပြီး … ကျွန်ုပ်အတွက် အကောင်းဆုံးကို ဆုံးဖြတ်ကာ ဝယ်ယူပါက၊ ထိုကားကို ကျွန်ုပ် ရရှိသည်။ ကျွန်ုပ်သည် အခြားရွေးချယ်စရာ နိုင်ငံရေးသမားများကို စူးစမ်းရှာဖွေပြီး မဲပေးပါက၊ အများစု မဲပေးသည့်အရာကို ကျွန်ုပ် ရရှိသည်။ …

ကျွန်ုပ်တို့ အစိုးရကို ဝယ်ယူသည့်နည်းအတိုင်း ကားများကို ဝယ်ယူသည်ဟု စိတ်ကူးကြည့်ပါ။ လူပေါင်း တစ်သောင်းသည် စုရုံးကြပြီး၊ မိမိတို့ ပိုနှစ်သက်သော ကားကို မဲပေးရန် သဘောတူညီကြလိမ့်မည်။ မည်သည့်ကား အနိုင်ရသည်ဖြစ်စေ၊ ထိုလူတစ်သောင်းစီတိုင်းသည် ထိုကားကို ဝယ်ယူရမည်ဖြစ်သည်။ မည်သည့်ကား အကောင်းဆုံးဖြစ်သည်ကို ရှာဖွေရန် ကျွန်ုပ်တို့ထဲမှ မည်သူမဆို အလေးအနက် ကြိုးပမ်းအားထုတ်မှု ပြုလုပ်ခြင်းသည် အကျိုးမရှိနိုင်ပေ။ ကျွန်ုပ် မည်သို့ပင် ဆုံးဖြတ်ပါစေ၊ ကျွန်ုပ်၏ ကားကို အုပ်စုရှိ အခြားအဖွဲ့ဝင်များက ကျွန်ုပ်အတွက် ရွေးချယ်နေခြင်း ဖြစ်သည်။ … ဤသည်မှာ နိုင်ငံရေးဈေးကွက်တွင် ကျွန်ုပ် ကုန်ပစ္စည်းများကို ဝယ်ယူရသည့် ပုံစံ ဖြစ်သည်။ ကျွန်ုပ်သည် အခြားရွေးချယ်စရာ ကုန်ပစ္စည်းများကို နှိုင်းယှဉ်၍ မရနိုင်သည်သာမက၊ နှိုင်းယှဉ်နိုင်ခဲ့လျှင်ပင် ထိုသို့လုပ်ဆောင်ခြင်းသည် ကျွန်ုပ်အတွက် အကျိုးရှိမည် မဟုတ်ပေ။

ဒီမိုကရေစီအစိုးရမှ ပေးအပ်သော “တာဝန်ယူမှု” သည် ဈေးကွက်မှ ပေးအပ်သော တာဝန်ယူမှုနှင့် နှိုင်းယှဉ်ပါက ရယ်စရာကောင်းနေသည်ဟု ထင်ရသည်။ မဲလက်မှတ်၏ အဓိကလုပ်ငန်းဆောင်တာမှာ မိမိတို့က တစ်နည်းနည်းဖြင့် အုပ်ချုပ်မှုတွင် ပါဝင်နေခွင့် ရှိနေသည်ဟု လူထုကို ယုံကြည်စေခြင်းဖြင့်၊ လူထုကို ပိုမို ထိန်းချုပ်ရလွယ်ကူစေရန်ပင် ဖြစ်ပုံရသည်။

ဤအချက်များထဲမှ မည်သည့်အချက်မျှ ချွမ်းစကီးအတွက် အသစ်အဆန်းဖြစ်နေစရာမလိုပါ၊ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် ၎င်း၏ “ချွမ်းစကီး၏ အခြားတော်လှန်ရေး” အမည်ရှိ စာတမ်းတွင် အလားတူ အောက်ပါအတိုင်း ထောက်ပြဖူးသောကြောင့် ဖြစ်ပေသည်။

လက်ရှိအခြေအနေများအရ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် စီးပွားရေးအာဏာ၏ ကိုယ်စားလှယ်များဖြစ်ကြသော၊ အတူတူနီးပါး ဆင်တူနေသူများကို ရံဖန်ရံခါတွင် လူထုက ရွေးချယ်ခွင့်ရရှိခြင်းမျှသာ ဖြစ်သည်။ ၎င်းသည် အာဏာရှင်တစ်ဦး ရှိခြင်းထက် ပိုကောင်းပါသည်၊ သို့သော် ၎င်းသည် အလွန်အကန့်အသတ်ရှိသော ဒီမိုကရေစီပုံစံ ဖြစ်သည်။ လူဦးရေ၏ အများစုမှာ ထိုအချက်ကို သိရှိပြီး ပါဝင်ခြင်းပင် မပြုကြချေ။ … ထို့ပြင် ရွေးကောက်ပွဲများသည် လုံးဝနီးပါး ငွေကြေးဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်မှာ သေချာပါသည်။ လွန်ခဲ့သည့် ကွန်ဂရက်ရွေးကောက်ပွဲများတွင် အနိုင်ရသူများ၏ ၉၅ ရာခိုင်နှုန်းသည် ၎င်းတို့၏ ပြိုင်ဘက်များထက် ငွေပိုမိုသုံးစွဲခဲ့ကြပြီး၊ မဲဆွယ်စည်းရုံးမှုများကို ကော်ပိုရေးရှင်းများက လွှမ်းမိုးစွာ ရန်ပုံငွေ ထောက်ပံ့ပေးခဲ့ကြသည်။

သို့ဆိုလျှင် ဒီမိုကရေစီနိုင်ငံတော်အပေါ် ချွမ်းစကီး၏ ယုံကြည်မှု၏ အခြေခံကား အဘယ်နည်း။

ချွမ်းစကီးက ဤသို့ ကန့်ကွက်ကောင်း ကန့်ကွက်နိုင်သည်။ ဈေးကွက်၏ တာဝန်ယူမှုကို ကျွန်ုပ်ခုခံကာကွယ်ခြင်းသည် ထိုသို့သော “တာဝန်ယူမှု” တွင် ဒေါ်လာများဖြင့် မဲပေးခြင်း ပါဝင်နေသောကြောင့် ချမ်းသာသူများသည် ဆင်းရဲသူများထက် မဲပိုများနေခြင်းကို လျစ်လျူရှုထားသည်ဟူ၍ ဖြစ်သည်။ သို့သော် ဒီမိုကရေစီနိုင်ငံတော်တွင်မူ လူတိုင်းသည် တန်းတူညီမျှ မဲတစ်မဲစီ ရှိကြသည်။ သို့ရာတွင် လက်ရှိ ချမ်းသာကြွယ်ဝမှု မညီမျှမှုများသည် စနစ်တကျ နိုင်ငံတော်၏ ဝင်ရောက်စွက်ဖက်မှုအပေါ် မည်မျှ မှီခိုနေရသည်ဟူသော အချက်ကို ဖယ်ထုတ်ထားသော်လည်းကောင်း — နိုင်ငံတော်သည် မိမိပိုင်ဆိုင်ခြင်းမရှိသော အရင်းအမြစ်များ၏ ဦးတည်ရာကို ထိန်းချုပ်ခြင်းဖြင့် ချမ်းသာသူများ၏ အာဏာကို ပိုမိုတိုးပွားစေသည်ဟူသော အချက်ကို ဖယ်ထုတ်ထားသော်လည်းကောင်း — ဤအချက်သည် ဆက်လက်တည်ရှိနေပါသည်။ ဆိုလိုသည်မှာ မိမိ၌ မည်မျှပင် နည်းပါးသော ဒေါ်လာများ ရှိစေကာမူ၊ ထိုဒေါ်လာများဖြင့် မဲပေးသည့်အခါ တစ်ခုခုကို ပြန်လည်ရရှိသည်။ သို့သော် မဲလက်မှတ်ဖြင့် မဲပေးသည့်အခါတွင်မူ မိမိသည် အများစုနှင့်အတူ မဲပေးခြင်း မဟုတ်ပါက၊ မိမိ ရည်ရွယ်သည့် မည်သည့်အရာကိုမျှ ပြန်လည်ရရှိမည် မဟုတ်ပေ။ မိမိ၏မဲ၏ ထိရောက်မှုသည် မိမိ၏ အရင်းအမြစ်အပေါ်မူတည်၍ ကွဲပြားသော စနစ်သည် ပိုမိုနည်းသော ဒီမိုကရေစီလော၊ သို့မဟုတ် လူဦးရေ၏ ၄၉ ရာခိုင်နှုန်းသည် ထိရောက်သော မဲမရှိခြင်းသည် ပိုမိုနည်းသော ဒီမိုကရေစီလော။

သူကိုယ်တိုင်က ထိုဆက်ဆံရေးကို မှတ်တမ်းတင်ရန် မည်သူနှင့်မျှ မလျော့အောင် လုပ်ဆောင်ခဲ့သောကြောင့်၊ ချွမ်းစကီးက ၎င်းခေါ်သော “စီးပွားရေးအာဏာ” သည် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုအပေါ် အရေးကြီးစွာ မှီခိုနေရသည်ကို မသိဘဲ မနေနိုင်ပေ။

၎င်း၏ “ဒီမိုကရေစီအပေါ် အမြင်များ” အမည်ရှိ စာတမ်းတွင် အောက်ပါအတိုင်း မှတ်ချက်ပြုထားသည်။

မည်သည့်ပုံစံမျိုးဖြင့်မဆို စုစည်းထားသော အာဏာသည် လူထု၏ ဒီမိုကရေစီ ထိန်းချုပ်မှုအောက်တွင် ရှိလိုမည်မဟုတ်သကဲ့သို့၊ ထိုနည်းတူစွာ ဈေးကွက်စည်းမျဉ်းအောက်တွင်လည်း ရှိလိုမည် မဟုတ်ပေ။ ကော်ပိုရိတ်ကြွယ်ဝမှု အပါအဝင် ဩဇာကြီးမားသော ကဏ္ဍများသည် ၎င်းတို့ကိုယ်တိုင်အတွက် အနည်းဆုံးအားဖြင့် အလုပ်လုပ်သော ဒီမိုကရေစီကို သဘာဝအတိုင်း ဆန့်ကျင်နေကြပြီး၊ ၎င်းတို့သည် အလုပ်လုပ်သော ဈေးကွက်များကိုပါ ဆန့်ကျင်နေကြသည်။

ထိုသို့ဆိုလျှင် ကော်ပိုရိတ်အထက်တန်းလွှာသည် လွတ်လပ်သောဈေးကွက်ကို အလွန်အမင်း ကြောက်ရွံ့နေပါက၊ ချွမ်းစကီးသည် ၎င်းတို့ကို အဘယ်ကြောင့် ဈေးကွက်ထဲသို့ ထိုးချရန် တွန့်ဆုတ်နေရပါသနည်း။

ချွမ်းစကီး၏ အမြင်မှာ ပုဂ္ဂလိကအာဏာ အစုအဝေးများကို ဖန်တီးရန် အစိုးရ လိုအပ်သော်လည်း ၎င်းတို့ကို ထိန်းသိမ်းရန် မလိုအပ်တော့ကြောင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဤအခြေအနေတွင် နိုင်ငံတော်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ခြင်းသည် စီးပွားရေးအာဏာကို မပျက်မစီး ကျန်ရှိစေလိမ့်မည်။ ထိုအမြင်သည် ရူးသွပ်သော အမြင်မဟုတ်သော်လည်း စဉ်းစားစရာ လိုအပ်သည်။ မည်သို့ပင်ဆိုစေကာမူ စီးပွားရေးလုပ်ငန်းကြီးများကို ထောက်ခံသော စနစ်တကျ အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုသည် ရွှေခေတ် (သို့မဟုတ်) ပြုပြင်ပြောင်းလဲရေးခေတ် (သို့မဟုတ်) New Deal ခေတ်တို့တွင် ဖြစ်ပျက်ခဲ့ခြင်းမျှသာ မဟုတ်ဘဲ၊ အကြီးအကျယ်နှင့် မရပ်မနား ဆက်လက်ဖြစ်ပေါ်နေသည်။ ပုဂ္ဂလိကအာဏာသည် နိုင်ငံတော်၏ အထောက်အပံ့အပေါ်တွင်သာ သီးခြား မှီခိုနေသည်ဟု ကျွန်ုပ် အခိုင်အမာ မဆိုလိုပါ (အမှန်စင်စစ် ကျွန်ုပ် ငြင်းဆိုခဲ့ပြီး)၊ သို့သော် ထိုသို့သော နိုင်ငံတော်၏ အထောက်အပံ့များကို ဖယ်ရှားလိုက်လျှင် စီးပွားရေးအာဏာကို သိသိသာသာ အားမလျော့စေနိုင်ပါက၊ ထိုနိုင်ငံတော် အထောက်အပံ့အားလုံးသည် အလွန်အကျွံ ဖြစ်နေသည်ဟု ယုံကြည်ရန် ခက်ခဲပါသည်။

ချွမ်းစကီးက ၎င်းသည်ပင်လျှင် “အရင်းရှင်မင်းမဲ့ဝါဒီများ”ဟု မိမိကိုယ်ကို သတ်မှတ်သူများနှင့် ကိစ္စရပ်များစွာတွင် “အခြေခံအားဖြင့် သဘောတူညီသည်” ဟု ပြောကြားခဲ့ဖူးပြီး၊ “၎င်းတို့၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို မြှုပ်နှံထားမှုကိုလည်း လေးစားသည်” ဟု ဆိုသည်။ သို့သော် လွတ်လပ်သောဈေးကွက်၏ မင်းမဲ့ဝါဒကိုမူ “အကောင်အထည်ဖော်ခဲ့လျှင် လူ့သမိုင်းတွင် အလားတူရှားပါးသော အာဏာရှင်စနစ်နှင့် ဖိနှိပ်မှုများသို့ ဦးတည်စေမည့် ဒဿနစနစ်” အဖြစ် ရှုမြင်ခဲ့သည်။ အဘယ်ကြောင့်နည်း။ “ဩဇာရှိသူနှင့် သူ၏ အငတ်ခံနေရသော လက်အောက်ခံကြားရှိ ‘လွတ်လပ်သော စာချုပ်’ အယူအဆသည် စိတ်ကူးယဉ်ဆန်သော ပြက်လုံးတစ်ခု ဖြစ်နေသောကြောင့်” ဟူ၍ ဖြစ်သည်။

သို့သော် ဤအငြင်းပွားချက်သည် မေးခွန်း၏ အခြေခံအချက်ကို လုံးဝ ပစ်ပယ်နေပါသည်။ ချွမ်းစကီးသည် အငြင်းပွားနေသည့် အဓိကအချက်ကို ယူဆနေသည် — ဆိုလိုသည်မှာ ချမ်းသာသူများကို ထောက်ခံသော အစိုးရ၏ ဝင်ရောက်စွက်ဖက်မှု မရှိပါကပင် စီးပွားရေးသည် “ဩဇာရှိသူများ” နှင့် “အငတ်ခံနေရသော လက်အောက်ခံများ” အဖြစ် ပိုင်းခြားထားဆဲပင်ဟူ၍ ဖြစ်သည်။ ဈေးကွက်မင်းမဲ့ဝါဒီများ (အခြားနေရာတွင် ကျွန်ုပ် ရှင်းပြခဲ့သည့်အတိုင်း ‘အရင်းရှင်မင်းမဲ့ဝါဒီ’ ဟူသော ဝေါဟာရကို ကျွန်ုပ် ရှောင်ရှားလို) သည် ၎င်းတို့၏ စံပြစီးပွားရေးကို လက်ရှိ စီးပွားရေးရှိ ဥစ္စာဓနနှင့် လုပ်ငန်းတာဝန်များ ဖြန့်ဝေပုံနှင့် အလွန်တူသည်၊ သို့သော် နိုင်ငံတော်သာ မပါဝင်ဟူ၍ တစ်ခါတစ်ရံ မှားယွင်းစွာ ဖော်ပြခဲ့ကြသည်မှာ မှန်ပါသည်။ သို့သော် ချွမ်းစကီးသည် ၎င်းတို့၏ စကားကို အဘယ်ကြောင့် ယုံကြည်ရပါမည်နည်း။ နိုင်ငံတော်သည် “ဩဇာရှိသူ” ကို ထောက်ခံပြီး “အငတ်ခံနေရသော လက်အောက်ခံ” ကို ဆန့်ကျင်ကာ အကြီးအကျယ်နှင့် စနစ်တကျ ဝင်ရောက်စွက်ဖက်နေသည်မှာ အမှန်ပင် ဖြစ်ပါက — သူ၏ သုတေသနက ထိုအချက်ကို ရှင်းရှင်းလင်းလင်း ပြသထားသောကြောင့် ချွမ်းစကီး ဝန်ခံရမည့်အတိုင်း — ထိုဝင်ရောက်စွက်ဖက်မှုများ ရပ်စဲသွားသည်နှင့်တပြိုင်နက် ထိုအာဏာမညီမျှမှုသည် မပြောင်းလဲဘဲ ကျန်ရှိနေဦးမည်ဟု သူသည် အဘယ်ကြောင့် မျှော်လင့်နေရပါသနည်း။

ချွမ်းစကီးသည် မင်းမဲ့ဝါဒ၏ အရင်းအမြစ်များကို လျှော့တွက်နေသည်သာမက၊ နိုင်ငံတော်၏ အသုံးဝင်ပုံကိုလည်း ပို၍ အထင်ကြီးနေပုံရသည်။ လက်ရှိတွင် နိုင်ငံတော်သည် ဆိုးရွားသော လုပ်ဆောင်ချက်များစွာ လုပ်ဆောင်နေသော်လည်း၊ လူများ ပိုမိုမှန်ကန်စွာ မဲပေးပါက ဤအရာအားလုံးကို ပြောင်းလဲနိုင်မည်သကဲ့သို့ သူ ရေးသားနေသည်။ လူများ မတူညီစွာ မဲပေးခြင်းသည် အစိုးရ၏ ဆိုးရွားမှုပမာဏအပေါ် ကွာခြားမှု ဖြစ်စေနိုင်သည်မှာ မှန်ပါသည်။ (၁၉၃၂ ခုနှစ်တွင် ဂျာမန်များ အလုံအလောက် မဲ ကွဲပြားစွာ ပေးခဲ့ပါက၊ ပို၍ မဆိုးရွားသော အစိုးရကို ရရှိနိုင်ခဲ့ပေမည်။) သို့တိုင် နောက်ဆုံးတွင်၊ အာဏာကို အတင်းအဓမ္မ ချုပ်ကိုင်ထားသည့် လက်ဝါးကြီးအုပ်မှု၏ ပြဿနာမှာ မှားယွင်းသော လူများက ဦးဆောင်နေခြင်း မဟုတ်ဘဲ — ၎င်း၏ မွေးရာပါ မတရားမှုကို ဖယ်ထားပါက — ထိုသို့သော လက်ဝါးကြီးအုပ်မှုသည် ၎င်း၏ မက်လုံးဆိုင်ရာနှင့် သတင်းအချက်အလက်ဆိုင်ရာ ဖောက်ပြန်မှုများကို ယူဆောင်လာပြီး၊ ထိုပြဿနာများကို ရှောင်ရှားရန် နည်းလမ်းမရှိခြင်း ဖြစ်ပါသည်။ (ပြဿနာ၏ ရင်းမြစ်ဖြစ်သော လက်ဝါးကြီးအုပ်မှုကို ဖယ်ရှားမှသာ ရှောင်ရှားနိုင်သည်၊ ထိုသို့ဆိုလျှင် သင်ရရှိသည်မှာ နိုင်ငံတော် မဟုတ်တော့ပါ)။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

Anarchy and Democracy
Fighting Fascism
Markets Not Capitalism
The Anatomy of Escape
Organization Theory