By Karl Hess. Original version: Anarchism Without Hyphens, published on February 18th 2015. Translated into Burmese by Hein Htet Kyaw.
မင်းမဲ့ဝါဒီ အမျိုးအစားကား နှစ်မျိုးမရှိ၊ တစ်မျိုးသာရှိ၏။ မင်းမဲ့ဝါဒီတစ်ဦးဆိုသည်မှာ အယူအဆဆိုင်ရာ ရှည်လျားသောအစဉ်အလာနှင့် စာပေများက သတ်မှတ်သည့်အတိုင်း နိုင်ငံတော်၏ အထက်အောက်အာဏာဖြင့် ချမှတ်ထားသော အခွင့်အာဏာဟူသမျှကို ဆန့်ကျင်သူဟူသော တစ်ခုတည်းသောဖွင့်ဆိုချက်ဖြင့်သာ ရှိသည်။ ကျိုးကြောင်းဆီလျော်ပုံရသည့် တစ်ခုတည်းသော ချဲ့ထွင်မှုမှာ မင်းမဲ့ဝါဒီတစ်ဦးသည် မည်သည့်အာဏာကိုမဆို ဆန့်ကျင်သည်ဟု ဆိုခြင်းပင်ဖြစ်သည်။ မင်းမဲ့ဝါဒီတို့သည် အပြန်အလှန် သဘောတူကြည်ဖြူမှုဖြင့်သာ လုပ်ဆောင်သူတို့ ဖြစ်သည်။
ပို၍ဋီကာချဲ့ရပါလျှင် မင်းမဲ့ဝါဒီများသည် လူများသာဖြစ်ပြီး အခြားလူအားလုံးတို့ကဲ့သို့ပင် ၎င်းတို့တွင်လည်း မတူညီသော အကျိုးစီးပွားနှင့် ယုံကြည်ချက်များစွာရှိကြသည်။ မင်းမဲ့ဝါဒီအချို့သည် ခရစ်ယာန်ယုံကြည်ချက်များကို တလိုတလား လိုက်နာကြသည်။ အချို့က လေးစားရသော ခေါင်းဆောင်များ ဦးဆောင်သော အသိုင်းအဝိုင်းတို့တွင် တလိုတလား ပူးပေါင်းကြသည်။ အချို့သော မင်းမဲ့ဝါဒီများသည် ထုတ်ကုန်များဖန်တီးရန်အတွက် အလုပ်သမားထိန်းချုပ်မှုစနစ်များကို ဖန်တီးလိုကြသည်။ အချို့က kibbutzim (အစ္စရေးရှိ ခေါင်းဆောင်မဲ့ နိုင်ငံတော်မဲ့ လူတန်းစားမဲ့ ကျေးလက်လယ်ယာအသိုင်းအဝိုင်း) ကဲ့သို့သော ကျေးလက်လယ်ယာအသိုင်းအဝိုင်းကို ဖန်တီးလိုကြသည်။ အချို့သော မင်းမဲ့ဝါဒီများသည် အခြားအရာများနှင့် ၎င်းတို့၏ ဆက်သွယ်မှုများကိုပင် ရသေ့များဖြစ်လာစေရန် လိုလိုလားလား ဖယ်ရှားလိုကြသည်။ အချို့သော မင်းမဲ့ဝါဒီများသည် ရွှေကိုသာ အသုံးပြုကြပြီး အခြားသူများနှင့် အလုပ်တွဲလုပ်ရန် ငြင်းဆန်ကာ ထူးဆန်းစွာ ပြုမူကြသည် (အစိုးရ အသိအမှတ်ပြု ငွေကြေးစနစ်အား မသုံးခြင်းကို ဆိုလိုပုံရ)။ မင်းမဲ့ဝါဒီအချို့သည် နေနှင့် ၎င်း၏စွမ်းအင်ကို တလိုတလားကိုးကွယ်ကြပြီး အမိုးခုံးပုံသဏ္ဍာန်အိမ်များဆောက်ကာ ဟင်းသီးဟင်းရွက်များကိုသာစားကာ သီချင်းဖွင့် ကခုန်ကြသည်။ အချို့သော မင်းမဲ့ဝါဒီများသည် ကွန်ပျူတာပရိုဂရမ်များ၏ စွမ်းအားကို ဇောက်ချလုပ်ကိုင်ကြပြီး ပုံမှန်မဟုတ်သောဂိမ်းများကို ကစားကြပြီး ထူးဆန်းသောအုပ်စုများနှင့် လျှို့ဝှက်ပူးပေါင်းကြသည်။ အချို့သော မင်းမဲ့ဝါဒီများသည် ကြယ်များကိုသာ စိတ်ဝင်စားကြသည်။ အချို့သော မင်းမဲ့ဝါဒီများသည် လက်တွေ့ကျသော နေ့စဉ်ဖြစ်ရပ်မှန်များကိုသာ စိတ်ဝင်စားကြသည်။
သူတို့၏ စိတ်ကူးများသည် ပုံစံအမျိုးမျိုးဖြင့် ကြီးထွားလာသော်လည်း ၎င်းတို့အားလုံးသည် အခြေခံအယူအဆတစ်ခုဖြစ်သည့် လွတ်လပ်မှုမှ ဆင်းသက်လာကြသည်။ လွတ်လပ်မှုသည်ပင်လျှင် တစ်ခုတည်းသော အစမှတ်ဖြစ်သည်။ ၎င်းသည် ဆိုရှယ်လစ်အယူအဆလည်းမဟုတ်သလို၊ အရင်းရှင်အယူအဆလည်းမဟုတ်ပါ။ အလားတူပင် ဝိညာဉ်ရေးရာ ကျင့်စင်အယူအဆလည်းမဟုတ်သလို အရာအားလုံးကို ကြိုတင်သတ်မှတ်ထားသည်ဟု ယုံကြည်သူတို့၏ အယူအဆလည်း မဟုတ်ပါ။ ၎င်းသည် “ကျွန်ုပ်တို့သည် လွတ်လပ်နိုင်သည်” ဟူသော ရိုးရှင်းသောထုတ်ပြန်ချက်တစ်ခုသာဖြစ်သည်။ ထိုမှတစ်ဆန် မည်သို့မည်ပုံ ပြောင်းလဲဖော်ဆောင်သွားမည်မှာ တစ်ဦးချင်းဆီ၏ ရွေးချယ်မှုနှင့်သာ သက်ဆိုင်ပြီး ပြောင်းလဲဖော်ဆောင်သွားရန် အခွင့်အလမ်းမှာ အကန့်အသတ်မဲ့သည်။
လွတ်လပ်ခြင်းအကြောင်းဖြစ်သည့် မင်းမဲ့ဝါဒသည် လွတ်လပ်သောလူများ မည်သို့လုပ်ဆောင်မည် သို့မဟုတ် ၎င်းတို့ဖန်တီးမည့် စနစ်မျိုးများကို သင့်အား မပြောပါ။ လူတို့သည် မိမိနှစ်သက်ရာ စနစ်တို့အား ကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိသည်ဟုသာ ဆိုပေသည်။
မင်းမဲ့ဝါဒသည် စံနှုန်းမဟုတ်ပါ။ မည်သို့မည်ပုံ လွတ်လွတ်လပ်လပ် နေရမည်အား ဋီကာမချဲ့ပြ။ လွတ်လပ်မှု၊ လေဘာတီတို့ တည်ရှိနိုင်သည်ဟုသာ ပြဆိုခြင်းပင်။
လစ်ဘာတားရီးယန်းဝါဒသည် ယုံကြည်ချက်အစုအဝေး (အိုင်ဒီယိုလိုဂျီ) တစ်ခုဖြစ်ကြောင်း လစ်ဘာတားရီးယန်းဝါဒီမဂ္ဂဇင်းတစ်ခုတွင် မကြာသေးမီကပင် ဖတ်မိသေးသည်။ အဆိုပါအချက်သည် ဧကန်အမှန်ဖြစ်နိုင်ပါသည်။ လွတ်လပ်မှုကို ယုံကြည်ပါက မည်သူမဆို ယုံကြည်ချက်ကို လိုက်နာရန် သို့မဟုတ် အခြားသူများကို အတင်းအကြပ် သို့မဟုတ် ၎င်းတို့၏ လွတ်လပ်မှုကို မဖယ်ရှားသရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်ပိုင်ခွင့်ရှိသည်။ သို့သော် မင်းမဲ့ဝါဒသည် ကွဲပြားသည်။ ယုံကြည်ချက်အစု (အိုင်ဒီယိုလိုဂျီ) တစ်ခု မဟုတ်ပါ၊ ၎င်းသည် အခြေခံဖော်ပြချက်ဖြစ်သည်။
လူတိုင်းသည် လွတ်လွတ်လပ်လပ် နေထိုင်နိုင်ကြောင်း ပြဆိုခြင်းသက်သက်သာဖြစ်သည်။ မင်းမဲ့ဝါဒီအားလုံးသည် လွတ်လပ်မှုအား လိုချင်ကြသည်ဟုသာ ဆိုပါသည်။ ထိုတွင်သာ ရပ်သွားပြီး ၎င်းနောက်တွင် မင်းမဲ့ဝါဒီတစ်ဦးချင်းစီသည် ၎င်းတို့၏ကိုယ်ပိုင်အသိုင်းအဝိုင်းကိုတည်ဆောက်ကာ ၎င်းတို့၏ဘဝနေထိုင်မှုကို ဆက်လက်လုပ်ဆောင်ကြသည်။၊ မင်းမဲ့ဝါဒီများအနေနှင့် ၎င်းတို့သည် ထုတ်ကုန်များကို စုစည်းရန်၊ ဖြစ်ပျက်နေသည့်အရာများကို ရှင်းပြရန်၊ ဘဝကိုပျော်မွေ့ရန်နှင့် အလုပ်မည်ကဲ့သို့လုပ်ဆောင်မည်ကို ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်ချက်များဖြင့် မျှဝေကြသည်။ ဤအရာများသည် မင်းမဲ့ဝါဒ၏ တစ်ခုတည်းသော အယူဝါဒတစ်ခု မဟုတ်ဘဲ၊ ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများ ဖြစ်သည်။
မင်းမဲ့ဝါဒသည် ဖိနှိပ်မှုကွင်းဆက်များကို ချိုးဖျက်သည့် တူသဖွယ်သက်သက်သာဖြစ်သည်။ လွတ်လပ်မှုသည် ထိုနောက်မှ သင်ရရှိမည့်အရာဖြစ်ပြီး ထိုလွတ်လပ်မှုတွင် အခြားအရာအားလုံးသည် လူများ၏ နေထိုင်ပုံနှင့် ၎င်းတို့ယုံကြည်သောအရာတို့အပေါ်တွင်မူတည်သည်။ အိုင်ဒီယိုလိုဂျီကို တစ်ခုတည်းဖြင့် မဆုံးဖြတ်ပါ။ မင်းမဲ့ဝါဒသည် အခြေခံအားဖြင့် အဓိက (ဝါ) အစွမ်းထက်သော အယူဝါဒတစ်ခုမျှ မရှိဟု ဆိုပါသည်။ လွတ်လပ်တဲ့သူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွေကို ဖန်တီးပြီး အဲဒီလွတ်လပ်မှုအတွင်းမှာ အတူတကွနေထိုင်တဲ့ သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေကို ရှာဖွေကြတယ်လို့ ဆိုပါတယ်။
တူညီသော စည်းမျဉ်းများကို လိုက်နာပြီး လူတိုင်း အလားတူ ပြုမူရမည့် ကမ္ဘာကြီးကို ဖော်ပြသူသည် မင်းမဲ့ဝါဒီ မဟုတ်သည်မှာ သေချာပါသည်။ သို့သော်၊ သူတို့သည် အချို့သောနည်းလမ်းကို နှစ်သက်သည်ဟု ဆိုကာ အခြားလူတိုင်းလည်း ၎င်းကို နှစ်သက်စေလိုသည်ဟုပင် ဆန္ဒရှိသော်လည်း နောက်ဆုံးတွင် လူတိုင်းသည် ၎င်းတို့အတွက် ဆုံးဖြတ်ခွင့်ရပါမှ သေချာပေါက် မင်းမဲ့ဝါဒီ ဖြစ်နိုင်မည်ဟု ဆိုသည်။ ဖြစ်နိုင်ပေမည်။
လွတ်လပ်မှုသည် လွတ်လပ်မှုသာဖြစ်သည်။ မင်းမဲ့ဝါဒသည် မင်းမဲ့ဝါဒမျှသာဖြစ်သည်။ ၎င်းတို့သည် ဆွဇ်ဒိန်ခဲ သို့မဟုတ် သင်ဖော်ပြနိုင်သည့် အခြားအရာများနှင့် မတူပါ။ ၎င်းတို့သည် သင်ပိုင်ဆိုင်သည့် သို့မဟုတ် မူပိုင်ခွင့်ရှိသည့်အရာမဟုတ်ပါ။ ၎င်းတို့သည် လူ့သမိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော လူတိုင်းအတွက် ရရှိနိုင်သော အယူအဆဟောင်းများဖြစ်သည်။ လူများသည် ၎င်းတို့ကို Hypen များအသုံးပြု၍ အခြားစိတ်ကူးများနှင့် ချိတ်ဆက်နိုင်သော်လည်း ၎င်းတို့သည် အမှန်တကယ်တွင် သီးခြားအရာများဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ဘာသာ တည်ရှိပြီး လူများသည် ထိုချိတ်ဆက်မှုများနှင့် အပိုယုံကြည်ချက်များကို ပေါင်းထည့်သူများဖြစ်သည်။
ကျွန်ုပ်သည် မင်းမဲ့ဝါဒီတစ်ဦးဖြစ်သည်။ လူတို့သည် ကိုယ့်အကြောင်းကိုယ်သိဖို့က အရေးကြီးသည်။ ကျွန်ုပ်အကြောင်းသိဖို့ သင့်အတွက် အရေးကြီးသည်။ ထို့အပြင်၊ ကျွန်ုပ်သည် သီးခြားနေရာတစ်ခုတွင် စာရေးဆရာလည်းဖြစ်သလို သီးခြားအခြေအနေများနှင့် သီးခြားလူများနှင့်အတူ နေထိုင်သော ဂဟေဆော်သူလည်းဖြစ်သည်။ ကျွန်ုပ်၏ ထိုအကြောင်းလည်း သင်သိနိုင်သည်။ သို့သော် “မင်းမဲ့ဝါဒီ” ဟူသော ဝေါဟာရသည် တစ်ခုတည်း တစ်သီးတစ်သန့် ရပ်တည်သည်။ “မင်းမဲ့ဝါဒီ” ဟူသော ဝေါဟာရသည် တုံးတို (Hypen) ဖြင့် ကျွန်ုပ်၏ အခြားသော ခံယူချက်အစိတ်အပိုင်းများနှင့် ဆက်စပ်မှုမရှိပါ။ “မင်းမဲ့ဝါဒီ” ဟူသော ဝေါဟာရသည် အပိုအလိုမရှိ။
နိဂုံးချုပ်ဆိုရလျှင် လေဘာတီ (လွတ်လပ်မှု) သည် လူများအား အတင်းအကြပ်ပုံသွင်းမည့် သေတ္တာတစ်ခုမဟုတ်ပါ။ လေဘာတီ သည် လူများနေထိုင်နိုင်သော နေရာတစ်ခုဖြစ်သည်။ လေဘာတီသည် အသင် မည်ကဲ့သို့ အသက်ရှင်ရမည်အား မပြောပါ။ လေဘာတီသည် ရိုးရိုးရှင်းရှင်းဆိုရရင် ကျွန်ုပ်တို့တွင် လုပ်နိုင်စွမ်းရှိကြောင်းကိုသာ ဆိုပါသည်။
C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how