အနာခီဝါဒ၏ ထူးခြားသော အစွန်းရောက်ဆန်းသစ်မှု

William Gillis. Original: The Distinct Radicalism of Anarchism, December 24th, 2016. Translated into Burmese by Hein Htet Kyaw.

အနာခီဝါဒသမားတွေဟာ မာက်စ်ဝါဒသမားတွေနဲ့ အဓိကကွဲပြားချက်ကို အစွန်းရောက်မှု သို့မဟုတ် အမြစ်တွယ်မှု အနိမ့်အမြင့်အဆင့်နဲ့ပဲ တိုင်းတာပြလေ့ရှိကြတယ်။ ဒါကို အသုံးများတဲ့ အသုံးအနှုန်းနဲ့ ပြောရရင် မာက်စ်ဝါဒက “နိုင်ငံရေး” ကို ဦးတည်ပြီး၊ ငါတို့ (အနာခီဝါဒ) ကတော့ “ကျင့်ဝတ်ဆိုင်ရာ” ကို ဦးတည်တာ ဖြစ်တယ်။

ဒီလို ခွဲခြားသတ်မှတ်မှုကို အသိအမှတ်ပြုလိုက်ပြီဆိုတာနဲ့ မာက်စ်ဝါဒသမားရော အနာခီဝါဒသမားပါ ဝမ်းသာအားရ လက်ခံကြတာများတယ်။ မာက်စ်ဝါဒသမားတွေ ပျော်သွားရတဲ့အကြောင်းကတော့ သူတို့ကိုယ်သူတို့ “လက်တွေ့ကျသူတွေ” ဆိုတဲ့ ပုံစံထဲ အံဝင်ခွင်ကျ ဖြစ်သွားလို့ပဲ။ ဒါ့အပြင် မာက်စ်ဝါဒသမား အများစုဟာ ကျင့်ဝတ်တရား မရှိသူတွေ ဖြစ်ကြပြီး ကျင့်ဝတ်ဆိုင်ရာ တတ်သိပညာရပ်တွေကို စုံစမ်းလေ့လာနေဖို့ အကြောင်းမရှိဘူးလို့ ထင်ကြတယ်။ သူတို့ဆီမှာ ရှိပြီးသား သို့မဟုတ် ငြင်းခုံစရာမလိုဘဲ ထင်ရှားနေတဲ့ ဆန္ဒတွေကိုပဲ အကောင်အထည်ဖော်ဖို့ စိတ်ဝင်စားကြပြီး ဘာတန်ဖိုးတွေ၊ ဘာဆန္ဒတွေကို ဆုပ်ကိုင်ရမလဲဆိုတာ စိစစ်ဖို့ စိတ်မဝင်စားကြဘူး။ ကျင့်ဝတ်ဆိုင်ရာ တတ်သိပညာကို တန်ဖိုးထားပါတယ်ဆိုတဲ့ မာက်စ်ဝါဒသမား အနည်းငယ်ကလည်း အဲဒါကို စနစ်တကျ လေ့လာဖို့ ငြင်းဆန်ကြသလို၊ သူတို့ရဲ့ နိုင်ငံရေးလုပ်ငန်းတွေနဲ့လည်း ခွဲခြားထားတတ်ကြတယ်။ တစ်ခါတစ်ရံ ကျင့်ဝတ်ကို စဉ်းစားမိရင်လည်း အနာခီဝါဒသမားတွေနဲ့ အရမ်းနီးစပ်တဲ့ သဘောထားမျိုး ဖြစ်သွားလေ့ရှိတယ်။

အခြားတစ်ဖက်မှာတော့ အနာခီဝါဒသမားတွေက ဒီလိုခွဲခြားမှုကို သဘောကျကြတယ်၊ အကြောင်းကတော့ ဒါဟာ အစွန်းရောက်ဆန်းသစ်မှုရဲ့ ကွဲပြားချက် မလွဲမသွေ ဖြစ်နေလို့ပဲ။ မာက်စ်ဝါဒသမားတွေ အမြဲပြောလေ့ရှိတဲ့ Super-structures ဆိုတာဟာ ပိုမိုရှုပ်ထွေးပြီး တက်ကြွလှုပ်ရှားနေတဲ့ လက်တွေ့ဘဝရဲ့ အထက်မှာ ပေါ်လွင်နေတဲ့ ရိုးရှင်းတဲ့ ရုပ်ကြမ်း အယူအဆတွေပဲ ဖြစ်တယ်။ မာက်စ်ဝါဒသမားက “လူတန်းစား” ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားပြောရတာကြိုက်ပြီး၊ အနာခီဝါဒသမားကတော့ “လူတစ်ဦးချင်းစီ၏ ဆက်ဆံရေးနှင့် ထိတွေ့ဆက်ဆံမှုများ” ကို ပဓာနထား ပြောဆိုကြတယ်။ ဒီသဘောနဲ့ဆိုရင် ငါတို့ အနာခီဝါဒသမားတွေဟာ ပိုမိုစကြာဝဠာဆန်သလို၊ ပိုပြီးတော့လည်း အသေးစိတ်ကျတယ်။ သမိုင်းကြောင်းရဲ့ သီးခြားဖြစ်ရပ်တွေအပေါ် မှီခိုမှုနည်းတဲ့ ပိုမိုအခြေခံကျတဲ့ ရွေ့လျားမှုတွေကို ငါတို့ ရှာဖွေကြတယ်၊ အဲဒီလို ရှာဖွေခြင်းအားဖြင့် သီးခြားအခြေအနေတွေကို ပိုမိုအသေးစိတ်ကျကျ လေ့လာဆန်းစစ်နိုင်တဲ့ နည်းလမ်းတွေကို ရရှိလာတယ်။ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ လူတန်းစားဆိုတဲ့ ရှုထောင့်ကနေ လေ့လာဆန်းစစ်တာဟာ အသုံးဝင်မှုရှိတယ်ဆိုတာကို လက်ခံပေမဲ့၊ အဲဒီလို ခေါင်းစဉ်တပ်တာတွေရဲ့ မရေရာမှုကို မြင်နိုင်ပြီး အဲဒီထက် ပိုမိုနက်ရှိုင်းတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ ဝမ်းမြောက်စွာ ဆောင်ရွက်ကြတယ်။ အစွန်းရောက်တဲ့ ရပ်တည်ချက်ဆိုတာဟာ ရုပ်ကြမ်းအဆင့်မှာရှိတဲ့ ယေဘုယျကောက်ချက်တွေရဲ့ အသိအမြင်ကို ထိန်းသိမ်းထားရင်း၊ အဲဒါတွေဟာ အခြေခံအကျဆုံး မဟုတ်ဘဲ အဏုမြူအဆင့်မှာရှိတဲ့ ပိုမိုနက်ရှိုင်းတဲ့ ရွေ့လျားမှုတွေနဲ့ အစားထိုးနိုင်တယ်ဆိုတာကို နားလည်တာ ဖြစ်တယ်။

မာက်စ်ဝါဒဟာ “အင်ဂျင်နီယာဘာသာရပ်” နဲ့ တူနေရင်၊ အနာခီဝါဒဟာ “ရူပဗေဒ” နဲ့ အလွန်တူပါတယ်။ ရူပဗေဒရဲ့ ရှုထောင့်ဟာ အင်ဂျင်နီယာရဲ့ “ရိုးရိုးလက်တွေ့ကျမှု” ကို အနိုင်ရသွားတယ်လို့ ငါယူဆတာဟာ ဆန်းကြယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ မာက်စ်ဝါဒသမားတွေက “ရိုးရိုးလက်တွေ့ကျမှု” ကို အကောင်းဆုံး စတင်ရာအဖြစ် မြင်ကြတာလည်း မဆန်းပါဘူး။ မင်းသိပြီးသားအရာနဲ့ စတင်ပြီး၊ အဲဒါ ပျက်စီးသွားတဲ့အခါ သို့မဟုတ် မဖြစ်မနေ ပြောင်းလဲရတော့မယ့် အခြေအနေရောက်မှသာ မော်ဒယ်ကို မွမ်းမံကြတယ်။ ဒါဟာ မာက်စ်ဝါဒ စကားဝိုင်းတွေမှာ အလုပ်သမားနဲ့အရင်းရှင်တိုက်ပွဲထက် ကျော်လွန်တဲ့ အရာတွေကို မော်ဂျူးစနစ်လို ဖြည့်စွက်စဉ်းစားလာရတဲ့ အကြောင်းရင်းပဲ။ လွတ်မြောက်ရေးနဲ့ ဖိနှိပ်ရေးဆိုင်ရာ စကားဝိုင်းအသစ်တွေဟာ (ရိုးရှင်းတဲ့ လူတန်းစား ပဋိပက္ခပုံပြင်တွေအဖြစ် စာရင်းသွင်းခံရပြီး) မာက်စ်ဝါဒ အတွေးအခေါ်ထဲကို မသပ်မရပ် တွဲဆက်ခံရကာ တစ်ခုလုံး ဒေါင်ဒေါင်မြည်အောင် မောင်းနှင်နေရတယ်။

ယခုအခါ မကောင်းတဲ့ သဘောနဲ့ “ဝိသေသ စိစစ်ခွဲခြားရေး နိုင်ငံရေး” လို့ ခေါ်ဆိုနေကြတာဟာ များသောအားဖြင့် ဒီလိုမျိုး ရိုးရှင်းတဲ့ သဘောတရား ရေးဆွဲမှုရဲ့ ဆက်လက်ဖြစ်ပေါ်နေမှုပဲ ဖြစ်ပါတယ်။ ခေတ်သစ် လူမှုရေးတရားမျှတမှုဟာ အစွန်းရောက် အနည်းငယ်ရဲ့ စကားဝိုင်းကနေ လူသန်းပေါင်းများစွာဆီ မြန်မြန်ဆန်ဆန် ရောက်ရှိသွားတဲ့ လွတ်မြောက်ရေး အသိအမြင်တွေရဲ့ ရလဒ် ဖြစ်တယ်။ အသစ်အဆန်းတွေကို ရုတ်တရက် ရင်ဆိုင်လိုက်ရတဲ့အခါ အချို့သော ချုံ့ယူမှု သို့မဟုတ် ရိုးရှင်းအောင် လုပ်ဆောင်မှုတွေ ဖြစ်ပေါ်လာတာ သဘာဝပါပဲ။

ထို့ကြောင့် လူမှုရေးတရားမျှတမှုဟာ  ယေဘုယျအားဖြင့် ကျင့်ဝတ် သို့မဟုတ် ဥပဒေစနစ်တစ်ခု (အစိုးရ အကြမ်းဖက်မှုထက် ဂုဏ်သိက္ခာဖြင့် ထိန်းချုပ်ထားသော ဗဟိုမဲ့စနစ်) ကို ဖန်တီးဖို့ လက်တွေ့ကျကျ ကြိုးပမ်းမှုတစ်ခု ဖြစ်လာခဲ့တယ်။ ဒါဟာ ကျင့်ဝတ်စနစ်နဲ့ လုံးဝကွဲပြားတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ စိစစ်ခွဲခြားရေး လူမှုရေးတရားမျှတမှုရဲ့ အကြီးမားဆုံး အားသာချက်နဲ့ အားနည်းချက်ကတော့ အကြောင်းရင်းအပေါ် မှီခိုမှုမရှိအောင် ကြိုးစားထားတာပဲ ဖြစ်တယ်။ ဥပမာ – အမျိုးသမီးမုန်းတီးမှုကို ဘာကြောင့် ဆန့်ကျင်ရသလဲဆိုတာ စိစစ်ဖို့ မကြိုးစားပါဘူး။ နားထောင်သူတွေဟာ အတူတူဘဲ တန်ဖိုးထားကြတယ်လို့ ယူဆလိုက်တယ် (သို့မဟုတ်) လူတွေရဲ့ အခံတန်ဖိုးတွေနဲ့ မသက်ဆိုင်ဘဲ လူမှုယဉ်ကျေးမှု အခြေအနေတစ်ခုကို စီစဉ်ဖို့ ကြိုးစားကြတယ်။ “လူတွေ တကယ်ဘာယုံကြည်သလဲဆိုတာ ဘာဆန်းသလဲ၊ ကောင်းမွန်စွာ ပြုမူလာအောင် နည်းလမ်းရှာကြတာပေါ့” ဆိုတဲ့ သဘောပဲ ဖြစ်တယ်။

အနာခီဝါဒသမား အများစုဟာ မာက်စ်ဝါဒလိုပဲ လူမှုရေးတရားမျှတမှု ရေစီးကြောင်းကို မပြည့်စုံဘဲ ရဲရင့်မှု မရှိဘူးလို့ မြင်ကြတာကို နားလည်နိုင်ပါတယ်။ အာဏာဆက်ဆံရေး အားလုံးကို အခြေခံကစပြီး စိန်ခေါ်ဖို့ မလုပ်ဘဲ မပြည့်စုံတဲ့ ဖိနှိပ်မှုဆုံမှတ် (Intersectionality) မှာတင် ရပ်တန့်သွားကြတယ်။ ငါတို့ တကယ်ဘာကို တန်ဖိုးထားသင့်သလဲ ဆိုတာကို စိစစ်ဖို့ မကြိုးစားကြဘူး။ အခြားကိစ္စတွေမှာ ကလေးဆန်ဆန် ပြုမူတာဟာ မာက်စ်ဝါဒရဲ့ “ပြည်သူ့ရဲ” တွေ ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်တာထက်စာရင်တော့ သာပါသေးတယ်။

အလားတူပဲ အနာခီဝါဒရဲ့ အသေးစိတ်ကျမှုနဲ့ ပြတ်သားမှုကို လက်တွေ့မကျဘူးလို့ မြင်စရာ ရှိပါတယ်။ ဖျက်ဆီးပစ်ရမယ့် ရန်သူကြီးတွေရှိနေချိန်မှာ အနာခီဝါဒသမားတွေရဲ့ ပိုမိုကြီးမားတဲ့ ပန်းတိုင်တွေကို ပြောဆိုနေတာဟာ နှောင့်ယှက်နေသလို ထင်ရနိုင်ပါတယ်။ မင်းရှေ့မှာ ပန်းတိုင်ရှိနေချိန်မှာ အနာခီဝါဒသမားတစ်ယောက်က ဒါဟာ အဆုံးသတ် မဟုတ်သေးဘူးလို့ လာပြောရင် မင်းစိတ်တိုမှာပဲ။ မင်းကတော့ ဗိုက်ဝဖို့ ပေါင်မုန့်ပဲ လိုချင်တာ ဖြစ်လိမ့်မယ်။ မင်းရဲ့ ကမ္ဘာ့အမြင်ဟာ ရိုးရှင်းပြီး၊ ဒါကို ဘာကြောင့် ရှုပ်ထွေးအောင် လုပ်နေရမှာလဲလို့ ထင်စရာ ရှိတယ်။

ဒီနေရာမှာ သဘာဝသိပ္ပံနဲ့ လူမှုသိပ္ပံကြားက “လျော့ချကောက်ချက်ဆွဲခြင်း” ဆိုတဲ့ စကားလုံး အသုံးအနှုန်း ကွဲပြားမှုကို သတိပြုနိုင်ပါတယ်။ လူမှုသိပ္ပံမှာတော့ လျော့ချကောက်ချက်ဆွဲခြင်းဆိုတာ အလွန်အမင်း ရိုးရှင်းအောင် ပြုလုပ်ခြင်း၊ အသေးစိတ်တွေကို ဖုံးကွယ်ပစ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမဲ့ သဘာဝသိပ္ပံ (ရူပဗေဒနဲ့ သင်္ချာ) မှာတော့ လျော့ချကောက်ချက်ဆွဲခြင်းဆိုတာ အသေးစိတ်အားလုံးကို ပြည့်စုံစွာ ဖော်ပြနိုင်ဖို့အတွက် ဖော်ပြချက်ကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ရူပဗေဒမှာတော့ ဒါဟာ အသေးစိတ်တွေကို ဖျက်ဆီးတာမဟုတ်ဘဲ ပိုမိုတိကျတဲ့ အသေးစိတ်တွေကို ဖော်ထုတ်ပေးတာ ဖြစ်ပါတယ်။ ဥပမာ – စားပွဲတစ်လုံးဆိုတဲ့ ရိုးရှင်းတဲ့ သဘောတရားကနေ မော်လီကျူးဖွဲ့စည်းပုံ၊ သစ်သားရဲ့ စီးဆင်းမှုနဲ့ ဗဟိုအားတွေကို ပိုမိုနက်ရှိုင်းစွာ မြင်တွေ့ရသလိုမျိုး ဖြစ်ပါတယ်။

မာက်စ်ဝါဒနဲ့ လူမှုရေးတရားမျှတမှု လှုပ်ရှားသူတွေဟာ အနာခီဝါဒရဲ့ အစွန်းရောက်မှုကို လူမှုသိပ္ပံထဲက လျော့ချကောက်ချက်ဆွဲခြင်း သဘောမျိုးနဲ့ သံသယဝင်ကြည့်ရှုကြတယ်။ လက်တွေ့ကျမှုကို ဖျက်ဆီးပစ်တဲ့၊ အသုံးမဝင်တဲ့ အသိပညာဆိုင်ရာ ထောင်ချောက်တစ်ခုအဖြစ် မြင်ကြတယ်။ (“ဪ… ငါတို့က လူတစ်ဦးချင်းစီကို ပိုဦးစားပေးရမယ်ဆိုတော့ စနစ်တကျ မတရားမှုကို လျစ်လျူရှုရတော့မှာပေါ့” ဆိုတဲ့ သဘောမျိုးပေါ့)။ အစွန်းရောက်ဆန်းသစ်မှု/လျော့ချကောက်ချက်ဆွဲခြင်း ဆိုတာဟာ အကဲဖြတ်မှုတွေကို ကူညီပေးပြီး ပိုမိုကောင်းမွန်တဲ့ ရှုထောင့်တွေကို ပေးစွမ်းနိုင်တယ်ဆိုတာကို သူတို့ နားမလည်ကြဘူး။

အစွန်းရောက် စုံစမ်းစိစစ်မှုဟာ တန်ဖိုးထားမှုတွေကို ပြောင်းလဲစေနိုင်တာ အမှန်ပဲ။ အနာခီဝါဒသမားတစ်ယောက်ဟာ ဒီနေ့ရရှိတဲ့ အလုပ်သမားကတိကဝတ်ဟာ နောင်အနာဂတ် တိုးတက်မှုအတွက် အဟန့်အတား ဖြစ်လာမယ်လို့ မြင်ရင်၊ သို့မဟုတ် လက်နက်ဥပဒေဟာ လက်ရှိ ပြဿနာကို တားဆီးနိုင်ပေမဲ့ နောင်မှာ နိုင်ငံတော် အာဏာရှင်ဆန်မှုကို ပိုမိုအားကောင်းစေမယ်လို့ မြင်ရင် “ရိုးရိုးလက်တွေ့ကျမှု” ကို ဆန့်ကျင် မဲပေးကောင်း မဲပေးပါလိမ့်မယ်။

ဒီလို အစွန်းရောက်မှုနဲ့ အပေါ်ယံ လက်တွေ့ကျမှုကြားက ကွဲပြားချက်ဟာ “လစ်ဘရယ်” ဆိုတဲ့ အသုံးအနှုန်းအပေါ် အမြင်ကွဲပြားမှုကို ဖြစ်စေပါတယ်။ မာက်စ်ဝါဒသမားနဲ့ အနာခီဝါဒသမား နှစ်ဦးစလုံးက “လစ်ဘရယ်” ကို အပြစ်တစ်ခုအဖြစ် သုံးကြပေမဲ့ အကြောင်းရင်း ကွဲပြားကြပါတယ်။

မာက်စ်ဝါဒသမားအတွက် လစ်ဘရယ်ဝါဒရဲ့ အဓိကအပြစ်က လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုကို ဦးစားပေးခြင်း ဖြစ်ပြီး ဒါဟာ ဓနရှင်ကျင့်ဝတ် ဖြစ်တယ်လို့ မြင်တယ်။ ဒါကြောင့် မာက်စ်ဝါဒသမားက အနာခီဝါဒသမားကို လစ်ဘရယ်အမျိုးအစားတစ်ခုအဖြစ်ပဲ မြင်တယ်။

အနာခီဝါဒသမားအတွက်တော့ လစ်ဘရယ်ဝါဒရဲ့ အဓိကအပြစ်ဟာ အမျှော်အမြင် နည်းပါးမှုနှင့် ရဲရင့်မှု မရှိခြင်း ဖြစ်ပါတယ်။ လစ်ဘရယ်ဝါဒဟာ ရေတိုအကျိုးအမြတ်အတွက် အနာဂတ်မျိုးဆက်တွေရဲ့ လွတ်လပ်မှုကို ရောင်းစားကြတယ်။ နိုင်ငံတော်အာဏာ ပိုမိုကြီးထွားလာမှုကို လက်ခံကြပြီး၊ ရေတို ငြိမ်းချမ်းရေးအတွက် ရဲအာဏာပိုင်တွေကို အားကိုးကြတယ်။ ဒါကြောင့် အနာခီဝါဒသမားတွေက မာက်စ်ဝါဒသမားတွေကိုလည်း လစ်ဘရယ်တစ်မျိုးအဖြစ်ပဲ မြင်ကြပါတယ်။ မာက်စ်ဝါဒရဲ့ ပရိုလက္ခရီယက် အာဏာရှင်စနစ်ဟာ ရေတိုမှာ အချို့အရာတွေကို အောင်မြင်အောင် လုပ်နိုင်ပေမဲ့ ရေရှည် ရည်မှန်းချက်တွေကို စွန့်လွှတ်လိုက်ရတာ ဖြစ်တယ်။ ဗဟိုချုပ်ကိုင်မှုရှိတဲ့ ဖိနှိပ်ရေး အာဏာပိုင်စနစ်ဟာ နောက်ဆုံးမှာ အာဏာရှင်စနစ်ဆီ ရောက်ရှိသွားမှာဖြစ်ပေမဲ့ မာက်စ်ဝါဒသမားတွေက အဲဒီအန္တရာယ်ကို စိတ်မဝင်စားကြပါဘူး။

အလားတူပဲ လစ်ဘရယ်တွေနဲ့ မာက်စ်ဝါဒသမားတွေဟာ သူတို့ရဲ့ “လက်တွေ့ကျမှု” ပြင်ပမှာရှိတဲ့ ဒုက္ခတွေကို စိတ်မဝင်စားကြဘူး။ မာက်စ်ဝါဒသမားတွေဟာ သီးခြား ဖိနှိပ်မှု အမျိုးအစားအချို့ကိုပဲ အာရုံစိုက်ကြပြီး ပိုမိုနက်ရှိုင်းတဲ့ ခေါင်းပုံဖြတ်မှုတွေကို မမြင်နိုင်ကြဘူး။ မာက်စ်ဝါဒ အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်တွေရဲ့ အနိုင်ကျင့်မှုတွေကို ဖုံးကွယ်ထားလေ့ရှိသလို၊ လူမှုရေးတရားမျှတမှု အသိုင်းအဝိုင်းအချို့မှာလည်း ကြောက်စရာကောင်းတဲ့ လူချင်းဆက်ဆံရေး အနိုင်ကျင့်မှုတွေကို လူမျိုးရေး/လိင်ကွဲပြားမှုဆိုင်ရာ စံနှုန်းတွေနဲ့ မကိုက်ညီလို့ဆိုပြီး လျစ်လျူရှုထားတတ်ကြတယ်။ “အနာဂတ်ရဲ့ ရုပ်ပုံလွှာကို မြင်ချင်ရင် လူတစ်ယောက်ရဲ့ မျက်နှာကို စစ်ဖိနပ်နဲ့ နင်းခြေထားရင်း ‘ဒါဟာ တရားဝင် ဖိနှိပ်မှု မဟုတ်ဘူး’ လို့ အော်ဟစ်နေတာကို မြင်ယောင်ကြည့်ပါ” ဆိုတဲ့ ပြက်လုံးဟာ လက်တွေ့ကျတဲ့ ရှုထောင့်ရဲ့ မလုံလောက်မှုကို ဖော်ပြနေတာ ဖြစ်ပါတယ်။

လက်တွေ့ကျမှုဟာ အသုံးဝင်ပေမဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ ဒီအတိုင်း ကြည့်နေဖို့ သိပ်ကို တန်ဖိုးကြီးမားပါတယ်။ မာက်စ်ဝါဒသမားတွေနဲ့ လစ်ဘရယ်တွေက သူတို့ရဲ့ သဘောတရား ရုပ်ပုံလွှာဟာ လုံလောက်ပါတယ်လို့ ငြင်းဆန်ကြပေမဲ့ သမိုင်းက သက်သေပြနေတာကတော့ ရိုးရှင်းတဲ့ ကြွေးကြော်သံတွေဟာ သူတို့ရဲ့ အရှိန်အဟုန်အတိုင်း သွားနေတာပဲ ဖြစ်ပါတယ်။ အနိုင်ကျင့်ခံရသူလို့ ကိုယ်တိုင် သတ်မှတ်ထားသူတွေဟာ လူသန်းပေါင်းများစွာကို သတ်ဖြတ်တဲ့၊ ဂူလက် (Gulag) စခန်းတွေ တည်ဆောက်တဲ့ သို့မဟုတ် ပါလက်စတိုင်းကို သိမ်းပိုက်ထားတဲ့ အစိုးရတွေကို အုပ်ချုပ်လာတဲ့အခါမှာလည်း အနိုင်ကျင့်ခံရသူတွေအဖြစ်ပဲ ဆက်လက် သတ်မှတ်နေကြဆဲ ဖြစ်တယ်။

အနာခီဝါဒရဲ့ အစွန်းရောက်ဆန်းသစ်မှုဟာ အခြားဝါဒတွေနဲ့ ကွဲပြားစေပြီး၊ သူ့ရဲ့အမည်နဲ့ လူစုလူဝေး သတ်ဖြတ်မှုတွေ မရှိခဲ့ရတာ ဖြစ်ပါတယ်။ မင်းရဲ့ အတွေးအခေါ်ဟာ ကျင့်ဝတ်အပေါ်မှာ တိုက်ရိုက် အခြေခံထားပြီး၊ အရာရာမှာ ဒါကို အဓိကထားနေသမျှ ကာလပတ်လုံး သတ်ဖြတ်ခြင်းနဲ့ အာဏာရှင်စနစ်ဆီ လမ်းကြောင်းလွဲသွားဖို့ ခက်ခဲပါတယ်။ အနာခီဝါဒဟာ လုပ်ရပ်တိုင်း၊ အစီအစဉ်တိုင်းအတွက် “ဒါဟာ လွတ်မြောက်စေသလား”၊ “ဒါဟာ လွတ်လပ်မှုနဲ့ ပိုပြီး စည်းချက်ညီသလား” ဆိုတာကို အမြဲတမ်း မေးခွန်းထုတ်နေရတာ ဖြစ်ပါတယ်။

ငါတို့ လုံးဝ ကျေနပ်သွားတဲ့ စက္ကန့်အထိ ရောက်သွားရင်တော့ အနာခီဝါဒကို စွန့်လွှတ်လိုက်တာပဲ ဖြစ်ပါတယ်။ အစွန်းရောက်သူအတွက် နောက်ဆုံး ပန်းတိုင်ဆိုတာ မရှိဘဲ၊ အမြဲတမ်း နိုးကြားတက်ကြွနေရမှာ ဖြစ်ပါတယ်။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

Anarchy and Democracy
Fighting Fascism
Markets Not Capitalism
The Anatomy of Escape
Organization Theory