Nick Manley. Original: Brief Introduction To Left-Wing Laissez Faire Economic Theory: Part Two, May 9, 2014. Translated by Hein Htet Kyaw.
ဘန်ဂျာမင်တက်ကာ၏ လက်ဝါးကြီးအုပ်မှုကြီးလေးခုသဘောကို ဆွေးနွေးပြီးနောက် ဆက်လက်ဆွေးနွေးရမည့် နောက်ထပ်ကြီးမားသည့်အချက်မှာ ခေတ်ပြိုင်အပြန်အလှန်ဝါဒီတစ်ဦးလည်းဖြစ်၊ တစ်သီးပုဂ္ဂလမင်းမဲ့ဝါဒီတစ်ဦးဖြစ်သူ Kevin Carson ၏ အယူအဆတို့ဖြစ်သည်။ သူ၏ သဘောတရား တချို့အား ကျွန်ုပ်ယူသုံးထားပြီးဖြစ်သည်။ သို့ရာတွင် Kevin ၏ ဆန်းသစ်တီထွင်မှုတချို့အား ဆက်လက် မီးမောင်းထိုးပြချင်သေးသည်။
Kevin ၏ သဘောတရားအရ အစိုးရမှ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကုမ္ပဏီတို့အား ငွေကြေးထောက်ပံ့နေခြင်းသည် ကော်ပိုရိတ်လုပ်ငန်းကြီးတို့၏ အကျိုးစီးပွားအား များစွာ ဖြစ်ထွန်းစေသည်။ ၎င်းသည် ကြီးမားသော အတုအယောင် စျေးကွက်များနှင့် ဗဟိုချုပ်ကိုင်သော စီးပွားရေး သရုပ်ဆီသို့ ဦးတည်စေသည်။ ကြွယ်ဝချမ်းသာမှု စုစည်းမှုသည် စီးပွားရေးကဏ္ဍတွင် မညီမျှမှုများ ပိုမိုဖြစ်ပေါ်စေသည်။
Kevin ပြောသည့်အတိုင်းဆိုရလျှင်
လမ်းများနှင့် အင်တာနက်ကဲ့သို့သော အရာများအတွက် ကုမ္ပဏီကြီးများကို အခကြေးငွေ ပေးဆောင်စေမည့်အစား ကျွန်ုပ်တို့၏အခွန်များကို အသုံးပြု၍ ပေးဆောင်သည့်အခါ ကုမ္ပဏီကြီးအတွက် အမြတ်ထွက်စေသည်။ အကြောင်းမှာ ၎င်းတို့၏ လုပ်ငန်းအတွက် ကုန်ကျစရိတ်ကို အမှန်တကယ် ပေးဆောင်ရန် မလိုကြတော့။ ထို ကုန်ကျစရိတ်အား ပြည်သူလူထုက ပေးချေရလေသည်။
Kevin မှပင် နိုင်ငံတော်မှ ငွေကြေးထောက်ပံ့သည့် အခြေခံအဆောက်အအုံများ၏ ဗဟိုချုပ်ကိုင်မှု အကျိုးသက်ရောက်မှုကို အောက်ပါအတိုင်း ဆက်လက်ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုတွင် အစိုးရက သယ်ယူပို့ဆောင်ရေးစနစ်ကြီးတစ်ခုအတွက် ပေးဆောင်ပြီးနောက် စီးပွားရေးလုပ်ငန်းကြီးများသည် ပိုမိုကြီးလာတတ်သည်။ ဥပမာအားဖြင့် အစိုးရက ရထားလမ်းများဖောက်လုပ်ရန် အခမဲ့ (သို့မဟုတ်) အလွန်စျေးပေါသောမြေကို စက်ရုံများ၊ ရေနံနှင့် ဘဏ်လုပ်ငန်းကဲ့သို့သော နယ်ပယ်များတွင် ကုမ္ပဏီကြီးများအား ပေးသောအခါ ထိုလုပ်ငန်းများ ပိုမိုကြီးမားလာစေရန် ကူညီပေးလေသည်။
သူ့တွင် စိတ်ဝင်စားစရာကောင်းသော စိတ်ကူးသစ်တို့ ရှိတတ်သည်။ တန်ဖိုးသည် တစ်စုံတစ်ခုကို ဖန်တီးရာတွင် အလုပ်မည်မျှလုပ်ဆောင်သည်သာမက လူမည်မျှလိုချင်သည်အပေါ်လည်း အခြေခံသည်ဟု သူယုံကြည်သည်။ ၎င်းသည် တန်ဖိုးနှင့်ပတ်သက်သော တွေးခေါ်ပုံနှစ်မျိုးကို ပေါင်းစပ်ထားသည်။ သူက အောက်ပါအတိုင်း ဆိုသည်။
ထုတ်လုပ်သူများအနေဖြင့် ၎င်းတို့ရရှိသည့်စျေးနှုန်းသည် ၎င်းတို့၏ ကုန်ကြမ်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များအတွက် မျှတသောတန်ကြေးပြန်ရမည်ဟု ယုံကြည်ပါမှသာလျှင် ၎င်းတို့၏ကုန်ပစ္စည်းများကို စျေးကွက်အတွင်း ရောင်းချမည်ဖြစ်သည်။ သို့သော်လည်း ပြိုင်ဘက်များသည် စျေးကွက်ထဲသို့ ဝင်ရောက်ကာ နောက်ဆုံးယူနစ်ကို ထုတ်လုပ်သည့် ကုန်ကျစရိတ်ကို ကာမိသည့် အဆင့်အထိ စျေးနှုန်းများ ကျဆင်းစေနိုင်သောကြောင့် ၎င်းတို့သည် အလွန်မြင့်မားသောစျေးနှုန်းများကို အချိန်အကြာကြီး ကောက်ခံနိုင်မည်မဟုတ်ပေ။
ဤစီးပွားရေးရှုထောင့်အရ အစိုးရစည်းမျဉ်းများသည် စျေးကွက်အပေါ် လွှမ်းမိုးထားသည့် အခြေအနေများကို ဖန်တီးခြင်းနှင့် စျေးကွက်လက်ဝါးကြီးအုပ်မှုတို့ကဲ့သို့ မလိုလားအပ်သော အကျိုးဆက်များ ရှိတတ်သည်။ ကုမ္ပဏီများသည် စျေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် ဆန်းသစ်တီထွင်ရန် မလိုအပ်ပါပဲ ယင်းအခြေအနေသည် ပြိုင်ဆိုင်မှုကို ဟန့်တားစေပြီး အမျိုးအစားနှင့် အရည်အသွေးနိမ့်သော ထုတ်ကုန်များကို ဖြစ်ပေါ်စေသည်။ Roy Childs Jr သည် လူသိများသော သမိုင်းပညာရှင် Gabriel Kolko ၏ လက်ရာကို ကိုးကား၍ သူ၏လက်ဝဲသစ်အမြင်များကို အောက်ပါအတိုင်း ထောက်ပြခဲ့ဖူးသည်။
1800 နှောင်းပိုင်းနှင့် 1900 ခုနှစ်များအစောပိုင်းတွင် ကုမ္ပဏီများစွာမှာ ပေါင်းစည်းပြီး အရွယ်အစားပိုကြီးလာသော်လည်း Gabriel Kolko သည် သူ၏ The Triumph of Conservatism နှင့် Railroads and Regulation တွင် အလုံးစုံလမ်းကြောင်းသည် အစိုးရထိန်းချုပ်မှု တိုးမြင့်လာစေရန်မဟုတ်ကြောင်း စောဒကတက်ခဲ့သည်။
ကုမ္ပဏီများစွာအတွင်းပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာသည်။ပြိုင်ဆိုင်မှုတိုးလာစေမှုသည်သြဇာကြီးမားသောစီးပွားရေးခေါင်းဆောင်များစွာကိုစိုးရိမ်စေသည်။ပေါင်းစည်းခြင်းဖြင့်ဤပြိုင်ပွဲကိုထိန်းချုပ်ရန်ကြိုးစားခဲ့သော်လည်းအပြည့်အဝမအောင်မြင်ခဲ့ပေ။တိုင်းပြည်ကြီးပွားတိုးတက်ပြီးစီးပွားရေးလုပ်ငန်းများပိုမိုပူးပေါင်းလာသည်နှင့်အမျှနိုင်ငံတော်အစိုးရသာလျှင်စီးပွားရေးကိုတည်ငြိမ်အောင်ထိန်းထားနိုင်သည်ဟုသြဇာကြီးသောစီးပွားရေးခေါင်းဆောင်များကနားလည်ခဲ့ကြသည်။သမိုင်းပညာရှင်များကြားတွင်ဘုံယုံကြည်ချက်နှင့်မတူညီသည့်လက်တွေ့အခြေအနေမှာအစိုးရ၏စွက်ဖက်မှုသည်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်ကြီးများ၏စီးပွားရေးလက်ဝါးကြီးအုပ်မှုများကိုတုံ့ပြန်ခြင်းမဟုတ်ပါပဲစီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ပွားရေးလက်ဝါးကြီးအုပ်မှုများမရှိခြင်းကြောင့်ပင်။
အစိုးရများသည် ပြည်သူလူထု၏ အခွန်ထမ်းငွေဖြင့် ကုမ္ပဏီကြီးများကို တိုက်ရိုက်ထောက်ပံ့မှုများဖြင့် ကူညီပေးလေ့ရှိသည်။ ၎င်းကို ကော်ပိုရိတ်သက်သာချောင်ချိရေးဟုခေါပြီး ကုမ္ပဏီကြီးများသည် ဤနည်းဖြင့် ဒေါ်လာထရီလျံပေါင်းများစွာ ရရှိခဲ့သည်။ အစိုးရများသည် ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် ပွင့်လင်းသောစျေးကွက်ပွင့်လာအောင် တွန်းအားပေးရန် စစ်တပ်ကို အသုံးပြုကာ “လွတ်လပ်သောကုန်သွယ်မှု” ဟု မှားယွင်းလွဲမှားစွာခေါ်ဆိုခဲ့သည်။ အလုပ်သမားများ၏ သပိတ်ကို ရပ်တန့်ရန် ရဲ သို့မဟုတ် စစ်တပ်ကို အသုံးပြုခဲ့သည်။ အဆိုပါနည်းလမ်းသည် အထူးသဖြင့် Gilded Age ဟုခေါ်သော အတိတ်ကာလတွင် စီးပွားရေးလုပ်ငန်းများကို ကူညီရန် နည်းလမ်းတစ်ခုဖြစ်သည်။
အထက်ဖော်ပြပါအားလုံးသည် စီးပွားရေးအတွင်း နိုင်ငံတော် သို့မဟုတ် အစိုးရ၏ အဓိကအခန်းကဏ္ဍနှင့် ပတ်သက်၍ မည်သို့ပြောကြသနည်း? ၎င်းတို့ကို စီးပွားရေးခေါင်းဆောင်များ၏ “အုပ်ချုပ်သူလူတန်းစား” က အုပ်ချုပ်သည်ဟု ကားလ်မာ့က်စ် မှပြောခဲ့သကဲ့သို့ အစိုးရများသည် အင်အားကြီးစီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွားကို အဓိကအားဖြင့် ဆောင်ရွက်ပေးကြောင်း ပြသနေသည်။ အစိုးရသည် တခါတရံ တွင် ဆင်းရဲနွမ်းပါးသူတို့ကို ကူညီဟန်ရှိသော်ငြား ဤအကူအညီသည် ကော်ပိုရေးရှင်းကြီးများအတွက် ပေးကမ်းပါသော ကြီးမားသောပံ့ပိုးကူညီမှုတို့နှင့် ယှဥ်လျှင် များစွာနည်းပါသည်။ ထို့ကြောင့် အစိုးရများသည် ဆင်းရဲနွမ်းပါးသူများကို အမှန်တကယ် ဂရုစိုက်သည်ဟု မဆိုလိုပါဟု ကောက်ချက်ချရမည်သာ။ နိုင်ငံတော် (သို့မဟုတ်) အစိုးရ၏ အဓိက လုပ်ဆောင်ချက်များသည် အုပ်ချုပ်သူ လူတန်းစား၏ လက်ထဲတွင် ငွေကို စုဝေးမိစေရန်သာ လုပ်ဆောင်သည်။ ၎င်းတို့၏ အဓိက ရည်မှန်းချက်မှာ ချမ်းသာသူများကို ပိုမိုချမ်းသာစေရန်ဖြစ်ပြီး ဤလွန်ကဲသော မညီမျှမှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းရန် ကြိုးစားမှုသည် ၎င်းတို့၏ ဒုတိယဦးစားပေးသာဖြစ်သည်။ ဒီလောက်နှင့်သာ ကျွန်ုပ်တို့၏ ခွဲခြမ်းစိတ်ဖြာသုံသပ်မှုကို အဆုံးသတ်ခွင့်ပြုပါ။