လစ်ဘရယ်-မင်းမဲ့ဝါဒ

လစ်ဘာတေးရီးယန်း ဆိုရှယ်ဒီမိုကရေစီ သီအိုရီ

Wesley Whitman. Original: Liberal-Anarchism, September 14, 2025. Translated into Burmese by Hein Htet Kyaw.

လစ်ဘရယ်ဝါဒ ဆိုတာ သေချာနားလည်အောင်ကြည့်ရင် လွတ်လပ်တဲ့ဈေးကွက် ဒါမှမဟုတ် လွတ်လပ်ခွင့် (negative liberty) အတွက်တင် အကြောင်းပြချက် ပေးတာမျိုး မဟုတ်ပါဘူး။ အခြေခံအားဖြင့်ကတော့ ဖိနှိပ်မှုတွေကနေ လွတ်မြောက်ရေးဆိုင်ရာ ဒဿနတစ်ခု ဖြစ်ပါတယ်။ အလားတူပါပဲ၊ မင်းမဲ့ဝါဒ ဆိုတာ မင်းမဲ့စရိုက် ဆုတောင်းပွဲ မဟုတ်ဘဲ မည်သူမျှ စိုးမိုးခြယ်လှယ်ခြင်းမရှိတဲ့ ဆန္ဒအလျောက် ဖွဲ့စည်းထားတဲ့ လူမှုအဖွဲ့အစည်းကို ဖန်တီးဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။ ဒီနားလည်မှု နှစ်ခုကို ပေါင်းစပ်ပြီး တွေးခေါ်မြှော်မြင်မှု ပရစ်ဇမ် (dialectical libertarian lens) နဲ့ ကြည့်လိုက်ရင်၊ အဲဒီအစဉ်အလာတွေကနေ ကျနော် “လစ်ဘရယ်-မင်းမဲ့ဝါဒ” (liberal-anarchism) လို့ ခေါ်တဲ့ သီအိုရီသစ်တစ်ရပ် ဖြစ်ပေါ်လာပါတယ်။

အနုပဋိလောမ လစ်ဘာတေးရီးယန်း နည်းလမ်း

လစ်ဘရယ်-မင်းမဲ့ဝါဒ ဟာ သဘောတရားအခြေခံ လစ်ဘာတေးရီးယန်းဝါဒရဲ့ ယုတ္တိပေါ်မှာ အခြေခံထားတာပါ။ ဒါဟာ သေသူလို ပုံသေကားချပ် မူဝါဒတစ်ခု မဟုတ်ဘဲ အခြေအနေပေါ်မူတည်ပြီး ကြည့်တတ်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မူဝါဒ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခုကို “ပုံစံတကျ လစ်ဘာတေးရီးယန်း ဟုတ်မဟုတ်” ဆုံးဖြတ်မယ့်အစား၊ ဒီနည်းလမ်းက အဲဒီအရာဟာ သီးခြားလူမှုအခြေအနေတစ်ခုမှာ “တကယ်ပဲ လူတွေကို ဖိနှိပ်မှုကနေ လွတ်မြောက်စေသလား” လို့ မေးခွန်းထုတ်ပါတယ်။ ဥပမာ- ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ဥပဒေတွေဟာ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ရဲ့ ပုံစံတကျ လွတ်လပ်ခွင့်ကို ကန့်သတ်နိုင်ပေမယ့်၊ သမိုင်းကြောင်းအရ ဖိနှိပ်ခံထားရတဲ့ လူမှုအသိုင်းအဝိုင်းမှာတော့ ဖိနှိပ်မှုကို လျှော့ချပေးပြီး ဖိနှိပ်ခံရသူတွေရဲ့ တကယ့်လွတ်လပ်ခွင့်ကို တိုးတက်စေတဲ့အတွက် တကယ်တမ်းကျ လစ်ဘာတေးရီးယန်း သဘောတရားနဲ့ ကိုက်ညီနေပါတယ်။

ဒီနည်းလမ်းကြောင့် အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှု တိုင်းကို ဖိနှိပ်မှုလို့ မမြင်တော့ပါဘူး။ တကယ်တော့ မြေယာတန်ဖိုးခွန် ဒါမှမဟုတ် လူမှုရေး အကျိုးအမြတ် ခွဲဝေမှု လိုမျိုး အစိုးရစွက်ဖက်မှုအချို့ဟာ လက်ဝါးကြီးအုပ် အခွင့်ထူးတွေကို ဖျက်ဆီးပစ်နိုင်ပြီး တစ်ဦးချင်းစီကို ပိုမိုလုပ်ပိုင်ခွင့် ပေးနိုင်ပါတယ်။ သမိုင်းဝင် အာဏာနဲ့ ကြွယ်ဝမှု စုစည်းမှုတွေ ကြောင့် ကစားကွင်းက မညီမညာဖြစ်နေတဲ့ လူအဖွဲ့အစည်းမှာ လွတ်လပ်ခွင့်ဆိုတာ ဝင်မစွက်ဖက်ဘဲ ဒီအတိုင်းကြည့်နေရုံနဲ့ မရဘဲ တက်တက်ကြွကြွ ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်။

ပြန်လည်ဖော်ထုတ်လိုက်သော လစ်ဘရယ်ဝါဒ

လစ်ဘရယ်-မင်းမဲ့ဝါဒ ဟာ လစ်ဘရယ်ဝါဒရဲ့ သမိုင်းဝင် တိုးတက်ပြောင်းလဲမှု အပြည့်အဝကို လက်ခံထားပါတယ်။ အာဒမ် စမစ် (Adam Smith) နဲ့ ဂျွန် လော့ခ် (John Locke) တို့ရဲ့ တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ ပုဂ္ဂလိက ဦးဆောင်မှုကို အလေးပေးတဲ့ ဂန္ထဝင် လစ်ဘရယ်ဝါဒကိုရော၊ ဂျွန် ရောလ်စ် (John Rawls) ရဲ့ နိုင်ငံရေး လစ်ဘရယ်ဝါဒနဲ့ ဂျွန် မေးနဒ် ကိန်းစ် (John Maynard Keynes) တို့ရဲ့ စီးပွားရေး လက်တွေ့ဝါဒကိုပါ ပေါင်းစပ်ယူထားတာပါ။ ဒီတွေးခေါ်ရှင်တွေဟာ နိုင်ငံတော်ရဲ့ ဖိနှိပ်မှုပဲဖြစ်ဖြစ်၊ ဈေးကွက်ရဲ့ ဖိနှိပ်မှုပဲဖြစ်ဖြစ် ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိနေသမျှ လွတ်လပ်ခွင့် ဆိုတာ ရှင်သန်လို့မရဘူးဆိုတဲ့ နားလည်မှုကို စေတနာတူ တူညီကြပါတယ်။

အာဒမ် စမစ် နဲ့ ဂျွန် လော့ခ် တို့လို ဂန္ထဝင် လစ်ဘရယ်ဝါဒီတွေဟာ မြေပိုင်ရှင် ဘုတ်ထိုင် စီးပွားရှာသူတွေရဲ့ အာဏာကို ကန့်သတ်ဖို့နဲ့ စီးပွားရေး သာယာဝပြောမှုကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဖို့အတွက် မြေယာတန်ဖိုး ခွန်ကောက်ခံတာကို ထောက်ခံခဲ့ကြပါတယ်။ ဂျွန် ရောလ်စ် က တရားမျှတတဲ့ လူအဖွဲ့အစည်းဆိုတာ အစဉ်အလာ ကင်းပီတယ်လစ်ဝါဒ ထက် ပိုင်ဆိုင်မှု ပစ္စည်းတွေကို လူထုကြား မျှမျှတတ ခွဲဝေပေးတဲ့ “ပိုင်ဆိုင်မှု-ပိုင်ဆိုင်သော ဒီမိုကရေစီ” ဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရောလ်စ် က မညီမျှမှုတွေ ဖြစ်ပေါ်လာပြီးမှ ပစ္စည်းဥစ္စာတွေကို ပြန်လည်ခွဲဝေတာထက် မညီမျှမှုတွေ မဖြစ်ပေါ်အောင် အဖွဲ့အစည်းတွေကို ကြိုတင်ပုံစံထုတ်တာ က ပိုမိုထိရောက်ကြောင်း သဘောတရား ထည့်သွင်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကိန်းစ် က အမှန်တကယ် ရှိနေတဲ့ ဈေးကွက်တွေရဲ့ မတည်ငြိမ်မှုကို အသိအမှတ်ပြုခဲ့ပြီး အလုပ်အကိုင် အပြည့်အဝရရှိရေးနဲ့ လူသားတွေရဲ့ သာယာဝပြောမှုကို ထောက်ပံ့ဖို့ သေချာစဉ်းစားထားတဲ့ စည်းမျဉ်းတွေ လိုအပ်တယ်လို့ အလေးပေးပြောခဲ့ပါတယ်။

ဒီသဘောအရ လစ်ဘရယ်-မင်းမဲ့ဝါဒ ဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အုပ်စုငယ်စု စီးပွားရေးစနစ် (ခရိုနီသဘော) ကို ငြင်းပယ်ပြီး၊ လစ်ဘရယ် ဒီမိုကရေစီနဲ့ ဈေးကွက်စနစ်တွေကို စည်းကမ်းချက်အချို့နဲ့ ထောက်ခံထားပါတယ်။ ဒါဟာ အာဏာရှင်ဆန်တဲ့ ကြွယ်ဝသူတွေရဲ့ စနစ် မဟုတ်ဘဲ ပိုင်ဆိုင်မှု-ပိုင်ဆိုင်သော ဒီမိုကရေစီကို ထောက်ခံပြီး၊ နိုင်ငံတော်ရဲ့ အတင်းအဓမ္မ ဖိနှိပ်ချုပ်ချယ်မှု ထိန်းချုပ်မှုကို သဘောတူညီချက်နဲ့ တာဝန်ယူမှုအပေါ် အခြေခံတဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေနဲ့ အစားထိုးဖို့ ကြိုးပမ်းတာပါ။

အစွန်းရောက် လစ်ဘရယ်ဝါဒအဖြစ် မင်းမဲ့ဝါဒ

လစ်ဘရယ်-မင်းမဲ့ဝါဒ အခင်းအကျင်းမှာ မင်းမဲ့ဝါဒ ဆိုတာ စည်းစနစ်ပျက်ပြားတာကို ငြင်းပယ်တာမဟုတ်ဘဲ ဖိနှိပ်ချုပ်ချယ်မှုကို ငြင်းပယ်တာ ဖြစ်ပါတယ်။ ပီးယား-ဂျိုးဇက် ပရူးဒွန် (Pierre-Joseph Proudhon)၊ ဖရက် ဖော့ဒ်ဗာရီ (Fred Foldvary) နဲ့ ပိုကျယ်ပြန့်တဲ့ အညမညသဘော နဲ့ ဂျီယို-လစ်ဘာတေးရီးယန်း အစဉ်အလာတွေကနေ ကူးစက်လာတဲ့ လစ်ဘရယ်-မင်းမဲ့ဝါဒ ဟာ တရားဥပဒေနဲ့ စည်းစနစ်တွေဟာ ဆန္ဒအလျောက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကနေ ထွက်ပေါ်လာမယ့် လူအဖွဲ့အစည်းကို မျှော်မှန်းထားတာပါ။ အဲဒါတွေကတော့ ဒီမိုကရေစီနည်းကျ ပေါင်းစည်းထားတဲ့ အဖွဲ့အစည်းတွေ၊ အပြန်အလှန် ကူညီရေး အသိုင်းအဝိုင်းတွေ၊ လူထု တရားရုံးတွေနဲ့ အပြိုင်အဆိုင် စာချုပ်ညှိနှိုင်းရေး စနစ်တွေပဲ ဖြစ်ပါတယ်။

အဲဒီလို လူအဖွဲ့အစည်းဟာ ဈေးကွက်တွေ ဒါမှမဟုတ် စာချုပ်တွေကို ဖျက်ဆီးပစ်မှာ မဟုတ်ဘဲ၊ ဂျော့ဂျစ်စတို နဲ့ ဒီစထရီဗျူးတစ်စတို မူဝါဒတွေကနေတစ်ဆင့် စီးပွားရေး အာဏာ ခွဲဝေမှုကို ပြန်လည် ပုံဖော်မှာ ဖြစ်ပါတယ်။ ဈေးကွက်တွေကို အဆင့်ဆင့် အာဏာပိုင် ကော်ပိုရေးရှင်းကြီးတွေ၊ မြေပိုင်ရှင်ကြီးတွေနဲ့ လက်ဝါးကြီးအုပ်သူတွေ စိုးမိုးခွင့်ပေးမယ့်အစား၊ ထုတ်လုပ်မှု ပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ပိုင်ဆိုင်ခွင့် ပေးမှာဖြစ်ပါတယ်။ ဒါမှလည်း ဈေးကွက်ထဲမှာ ပါဝင်ဆောင်ရွက်မှုဟာ တကယ့် လွတ်လပ်ခွင့်နဲ့ အခွင့်အလမ်းတွေကို ထိရောက်စွာ ရရှိစေမှာပါ။ ဒီနည်းဖြင့် လစ်ဘရယ်-မင်းမဲ့ဝါဒ ဟာ ဗဟိုအတတ်မရှိတဲ့ အုပ်ချုပ်မှု၊ ပစ္စည်းဥစ္စာ မျှမျှတတ ခွဲဝေမှုနဲ့ စနစ်တကျ မညီမျှမှုတွေကို ဖျက်ဆီးဖို့ ပုံစံထုတ်ထားတဲ့ အဖွဲ့အစည်းတွေကို မြှင့်တင်ပေးခြင်းအားဖြင့် ဒီစထရီဗျူးတစ်စတို စံနှုန်းတွေနဲ့ ပေါင်းဆုံသွားပါတယ်။ ဒီချဉ်းကပ်မှုဟာ ပိုမိုထိရောက်ပြီး မိမိကိုယ်တိုင် စည်းကမ်းထိန်းသိမ်းနိုင်တဲ့ ဈေးကွက်ကို ဦးတည်စေပြီး၊ အမြဲတမ်း ဝင်ရောက်စွက်ဖက်နေရမှုကို လျှော့ချပေးပါတယ်။ ရလဒ်ကတော့ ထုတ်လုပ်မှု ပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ပိုင်ဆိုင်ခွင့်ရှိတဲ့ တကယ့် လွတ်လပ်တဲ့ ဈေးကွက်တစ်ခု ဖြစ်လာမှာပါ။ ဒါဟာ လက်ရှိ စနစ်နဲ့ လုံးဝ မတူပါဘူး။ လက်ရှိစနစ်မှာတော့ ချမ်းသာမှုနဲ့ အာဏာတွေဟာ “လဲကျလို့မရလောက်အောင် ကြီးမားတဲ့” စက်မှုလုပ်ငန်းကြီးတွေမှာ စုစည်းနေပြီး၊ စီးပွားရေး ကျဆင်းချိန်တွေမှာ အစိုးရ ကယ်ဆယ်ရေးတွေ ပေးရတာဟာ ပုံမှန်လို ဖြစ်နေပါတယ်။

လူမှုဖူလုံရေး နိုင်ငံတော်မှသည် ဆန္ဒအလျောက် ဖွဲ့စည်းထားသော ဘုံအကျိုးစီးပွား အဖွဲ့အစည်းသို့

လစ်ဘရယ်-မင်းမဲ့ဝါဒ ဟာ ရေရှည် မျှော်မှန်းချက် ဖြစ်ပေမယ့်၊ ဆိုရှယ်-ဒီမိုကရက်တစ် လူမှုဖူလုံရေး နိုင်ငံတော်ကို တက်လှမ်းစရာ ခြေလှမ်းတစ်ခုအဖြစ် မြင်ပါတယ်။ ကျနော် “လစ်ဘာတေးရီးယန်း ဆိုရှယ် ဒီမိုကရေစီ” မှာ လျှောက်လဲခဲ့သလိုပဲ၊ ဂျေမ်းစ် မီးဒ် (James Meade) ရဲ့ လစ်ဘရယ်-ဆိုရှယ်လစ်ဝါဒ လို ပုံစံမျိုးတွေဟာ တကယ် လွတ်လပ်တဲ့ လူအဖွဲ့အစည်းဆီ သွားရာမှာ အဖြစ်နိုင်ဆုံး လမ်းကြောင်းကို ပေးပါတယ်။ မီးဒ် ရဲ့ ရောနှောစီးပွားရေးစနစ်—ကျယ်ကျယ်ပြန့်ပြန့် ခွဲဝေထားတဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ လူမှုအဖွဲ့အစည်း ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းများနဲ့ အားလုံးပါဝင်တဲ့ လူမှုရေး အကျိုးအမြတ် ခွဲဝေမှု တို့ ပေါင်းစပ်ထားမှု—ဟာ ဖိနှိပ်တဲ့ အဆင့်ဆင့် အာဏာပိုင်တွေကို လျှော့ချရင်း ဈေးကွက်ရဲ့ အကျိုးကျေးဇူးတွေကို ထိန်းသိမ်းပေးပါတယ်။ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒ (သို့မဟုတ် ဆိုရှယ် ဒီမိုကရေစီ) ဟာ တကယ် လွတ်လပ်တဲ့ ဈေးကွက်တွေဆီ သွားရာ လမ်းကြောင်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ဗဟိုချုပ်ကိုင်မှုရှိတဲ့ အစိုးရ စီမံကိန်း ရေးဆွဲမှု ဆိုရှယ်လစ်ဝါဒ မဟုတ်ဘဲ၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ အဖွဲ့အစည်းများရဲ့ ပေါင်းစည်းမှုပဲ ဖြစ်ပါတယ်။

နိုင်ငံတော် အချုပ်အခြာကျော်လွန်သော လစ်ဘရယ်ဝါဒဆီသို့

လစ်ဘရယ်-မင်းမဲ့ဝါဒ က လွတ်လပ်မှုကို တစ်ယောက်တည်း သီးခြားနေထိုင်တာ ဒါမှမဟုတ် စည်းမဲ့ကမ်းမဲ့ နေထိုင်တာ မဟုတ်ဘဲ၊ ဖိနှိပ်မှုမရှိခြင်းနဲ့ အပြန်အလှန် လေးစားမှုအဖြစ် ပြန်လည် ကောက်ယူဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါဟာ အုပ်ချုပ်မှုကို အကန်းပါး ကန့်ကွက်တာ မဟုတ်ဘဲ၊ အာဏာပိုင် အားလုံးဟာ သူတို့ရဲ့ အာဏာစက်အောက်မှာ ရှိသူတွေကို ကိုယ်တိုင် တရားမျှတကြောင်း သက်သေပြရမယ်လို့ အခိုင်အမာ တောင်းဆိုတာပါ။ အာဏာပိုင်တွေက အဲဒီ စာမေးပွဲ ကျရှုံးတဲ့အခါ၊ လစ်ဘရယ်-မင်းမဲ့ဝါဒ က အဲဒီ အာဏာပိုင်တွေကို ငြိမ်းချမ်းစွာ ဖျက်သိမ်းဖို့ လမ်းပြမြေပုံကို ပေးပါတယ်။

အနာဂတ်ဆိုတာ Laissez-faire (လွတ်လပ်တဲ့ စီးပွားရေး) ထံ ပြန်သွားတာ မဟုတ်သလို၊ ဗျူရိုကရေစီ ဆိုရှယ်လစ်ဝါဒဆီ ခုန်ကူးတာလည်း မဟုတ်ပါဘူး။ လစ်ဘရယ် စံနှုန်းတွေနဲ့ မင်းမဲ့ ကျင့်သုံးမှုတွေကို ပေါင်းစပ်ထားတဲ့ သီအိုရီသစ်တစ်ရပ် ဖြစ်ပါတယ်။ ဒီ အစဉ်အလာ နှစ်ခုလုံးကို အသေအချာ သဘောတရားအရ ချိတ်ဆက်ခြင်းဖြင့်၊ ကျနော်တို့ဟာ တကယ်ပဲ လစ်ဘာတေးရီးယန်း ဖြစ်ပြီး၊ စစ်မှန်စွာ ဒီမိုကရေစီဆန်ကာ အပြည့်အဝ လွတ်လပ်တဲ့ လူအဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ဆိုရှယ်-ဒီမိုကရက်တစ် မင်းမဲ့ဝါဒ – လွတ်လပ်မှု၏ အလိုလို ဖြစ်ပေါ်လာသော စည်းစနစ်

လက်ဝဲ-မင်းမဲ့ဝါဒီ အများစုနဲ့ စိတ်ကူးယဉ်သမားတွေရဲ့ ယူဆချက်တွေနဲ့ မတူဘဲ၊ လစ်ဘာတေးရီးယန်း သို့မဟုတ် မင်းမဲ့ အသိုင်းအဝိုင်းတွေရဲ့ သဘာဝကျတဲ့ သွားရာလမ်းကြောင်းဟာ ပစ္စည်းဥစ္စာ အားလုံးကို ဘုံပိုင်ဆိုင်ရေး ဒါမှမဟုတ် ဈေးကွက်တွေကို ဖျက်သိမ်းရေးဆီ မဟုတ်ပါဘူး။ အဲဒီအစား၊ ကိုယ်တိုင် ပြန်လည် စည်းရုံးဖို့ လွတ်လပ်ခွင့် ပေးလိုက်တဲ့အခါ၊ အဲဒီ အသိုင်းအဝိုင်းတွေဟာ အပြန်အလှန် ကူညီမှု၊ ဆန္ဒအလျောက် ပူးပေါင်းမှုနဲ့ လုပ်ငန်းဆောင်တာ ထိရောက်မှုတို့ အပေါ် အခြေခံတဲ့ လစ်ဘရယ် အဖွဲ့အစည်း အမျိုးမျိုးကို ဖန်တီးလေ့ ရှိကြပါတယ်။ ဒါဟာ “ဆိုရှယ်-ဒီမိုကရက်တစ် မင်းမဲ့ဝါဒ” လို့ ခေါ်ဆိုနိုင်တဲ့ ပင်မ အတွေးအခေါ် ဖြစ်ပါတယ်။ အဲဒါကတော့ လွတ်လပ်တဲ့ လူအဖွဲ့အစည်းတစ်ခုဟာ ကွန်မြူနစ် ရလဒ်တွေထက် လစ်ဘရယ် သို့မဟုတ် ဆိုရှယ်-ဒီမိုကရက်တစ် ရလဒ်တွေဆီ ဦးတည်သွားတတ်တယ် ဆိုတာပါပဲ။

မင်းမဲ့ဝါဒ ဟာ ချမှတ်ထားတဲ့ သဘောတရား ရိုက်သွင်းမှုတွေရဲ့ အပြင်ဘက်မှာ အကောင်အထည် ပေါ်လာတဲ့အခါ၊ စျေးနှုန်းတွေ ဒါမှမဟုတ် စာချုပ်တွေလို စီးပွားရေး ပေါင်းစပ်ညှိနှိုင်းမှု စနစ်တွေကို ငြင်းပယ်တာမျိုး မဟုတ်ပါဘူး။ ပုံစံတူ စီးပွားရေး စနစ်တစ်ခုတည်းကို သက်ရောက်စေတာလည်း မဟုတ်ပါဘူး။ အဲဒီအစား၊ ကွဲပြားတဲ့ အသိုင်းအဝိုင်းတွေဟာ သူတို့ရဲ့ စံနှုန်းတွေနဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ လက်တွေ့ကျတဲ့ စနစ်တွေကို ကျင့်သုံးကြတဲ့ အစီအစဉ်ပေါင်းစုံကို အဓိပ္ပာယ်ဆောင်ပါတယ်။ ကျနော် “လစ်ဘာတေးရီးယန်း ဆိုရှယ် ဒီမိုကရေစီ” မှာ လျှောက်လဲခဲ့သလိုပဲ၊ ဒီ လွတ်လပ်မှုဟာ လစ်ဘရယ် သီအိုရီသမားတွေ စိစစ်ခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ ဆင်တူတဲ့ အဖွဲ့အစည်းတွေကို ခဏခဏ ဖြစ်ပေါ်စေပါတယ်—ဒါပေမဲ့ အခုတော့ နိုင်ငံတော်ရဲ့ အတင်းအဓမ္မ ဖိနှိပ်ရေး ယန္တရားကနေ လွတ်မြောက်ပြီး သဘောတူညီချက်အပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

အပြိုင်အဆိုင် ငွေကြေးများနှင့် ဆန္ဒအလျောက် လဲလှယ်မှု

ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ အပြိုင်အဆိုင် ငွေကြေးတွေ ထွက်ပေါ်လာတာပါ။ တကယ့် မင်းမဲ့ လူအဖွဲ့အစည်းမှာ ဗဟိုအာဏာပိုင်က တရားဝင် ငွေကြေးကို လက်ဝါးကြီးအုပ်မထားတဲ့အခါ၊ အသိုင်းအဝိုင်းတွေဟာ ငွေကြေး ပုံစံအမျိုးမျိုးကို စမ်းသပ်လေ့ရှိကြပါတယ်—ဒေသတွင်း ငွေကြေးများ၊ လုပ်အားမှတ်စုများ (Ithaca HOUR လိုမျိုး)၊ အပြန်အလှန် ချေးငွေ စနစ်များ၊ ဘလော့ခ်ချိန်း အခြေခံ တိုကင်များ စသဖြင့်ပေါ့။ ဒီငွေကြေးတွေဟာ အထက်က စီမံကိန်းချတာကြောင့် ဖြစ်လာတာ မဟုတ်ဘဲ၊ ယုံကြည်မှု၊ ခန့်မှန်းချက်နဲ့ ဈေးကွက် ပေါင်းစပ်မှုတို့ရဲ့ အောက်ခြေမှ အထက်သို့ စနစ်အရ ဖြစ်ပေါ်လာတာပါ။ ရလဒ်ကတော့ ရှုပ်ထွေးပရမ်းပတာ မဟုတ်ဘဲ ဗဟိုများစွာပါဝင်တဲ့ ဘဏ္ဍာရေးစနစ် တစ်ခုဖြစ်ပြီး၊ မာက်စ်ဝါဒီတွေရဲ့ ငွေကြေးဖျက်သိမ်းရေး ဒါမှမဟုတ် အစိုးရ ဗဟိုဘဏ်စနစ်တို့ထက် ဖရီးဒရစ် ဟာယက် (Friedrich Hayek) ရဲ့ နိုင်ငံတော်မဲ့ ငွေကြေးဆိုင်ရာ အယူအဆနဲ့ ပိုနီးစပ်ပါတယ်။

ဒါဟာ လက်ဝါးကြီးအုပ် အတင်းအဓမ္မ ဖိနှိပ်မှုတွေကနေ ကင်းလွတ်သွားတဲ့အခါ၊ ဈေးကွက် စနစ်တွေဟာ မင်းမဲ့ဝါဒနဲ့ ဆန့်ကျင်ဘက် ဖြစ်မနေဘဲ လွတ်လပ်မှုရဲ့ ကိရိယာတွေ ဖြစ်လာနိုင်ကြောင်း ဖော်ပြနေတာပါ။

အပြန်အလှန် အာမခံစနစ်နှင့် ပူးပေါင်းဆောင်ရွက်သော လူမှုဖူလုံရေး

ကျန်းမာရေးစောင့်ရှောက်မှုဟာ အလိုလို ဖြစ်ပေါ်လာတဲ့ စည်းစနစ်က ဆိုရှယ်-ဒီမိုကရက်တစ် ပုံစံတွေကို ပံ့ပိုးပေးတဲ့ အခြား ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ မင်းမဲ့ သန့်စင်ဝါဒီ အချို့က လူမှုရေး အာမခံ စနစ်ကို တွန်းလှန်နိုင်ပေမယ့်၊ တကယ့် ကမ္ဘာ့ လစ်ဘာတေးရီးယန်း စမ်းသပ်မှုတွေက အဲဒီလို စနစ်တွေရဲ့ ထိရောက်မှုကို ဖော်ပြနေပါတယ်—အပြန်အလှန် ကူညီရေး အသိုင်းအဝိုင်းများ၊ ညီအစ်ကိုအသင်းအပင်းများ၊ ဂီးလ် (guilds) များနဲ့ သမဝါယမ အသင်းများသည် အစိုးရ ပါဝင်မှု မရှိဘဲ ကျန်းမာရေး၊ မသန်စွမ်းမှု အာမခံနဲ့ ပင်စင်တွေကို ကာလရှည်ကြာ ပေးအပ်ခဲ့ကြပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ အမြတ်အစွန်း အများဆုံး ရရှိရေးထက် စာနာထောက်ထားမှု၊ စွန့်စားရမှု ပံ့ပိုးမှုနဲ့ လူထု အုပ်ချုပ်မှုတို့ကနေတစ်ဆင့် ထွန်းကားလာတာပါ။

ဒီလို မူတူးဝယ်လစ် ပုံစံတွေဟာ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒရဲ့ စိတ္တဇဓာတ်ကို ဖော်ဆောင်နေပါတယ်—ဒါပေမဲ့ ဗဟိုချုပ်ကိုင်မှု မရှိဘဲ၊ စနစ်ပေါင်းစပ်ထားပြီး အတင်းအဓမ္မ မဟုတ်တဲ့ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒ ဖြစ်ပါတယ်။ အမြတ်အစွန်း ဦးတည် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဗျူရိုကရေစီ လူမှုဖူလုံရေး နှစ်ခုလုံးအတွက် လစ်ဘာတေးရီးယန်း အစားထိုးစနစ်တစ်ခုကို ပေးအပ်ထားပြီး၊ ညီမျှတဲ့ ရလဒ်တွေဟာ အတင်းအဓမ္မ ဖိနှိပ်မှုအပေါ် မှီခိုဖို့ မလိုကြောင်း သက်သေပြနေပါတယ်။

မြေယာတန်ဖိုးခွန်နှင့် စီးပွားရေး တရားမျှတမှု

ပိုပြီး တော်လှန်ပြောင်းလဲမှု ဖြစ်စေတာကတော့၊ တကယ် လွတ်လပ်တဲ့ အသိုင်းအဝိုင်းတွေဟာ အာဒမ် စမစ် နဲ့ ဟင်နရီ ဂျော့ဂျ် (Henry George) တို့လို ဂန္ထဝင် လစ်ဘရယ်တွေ မျှဝေခဲ့တဲ့ မြေယာတန်ဖိုး ခွန်ကောက်ခံမှု အပေါ်မှာ သဘောတူညီလေ့ ရှိကြတာပါ။ မြေယာဟာ အကန့်အသတ်ရှိပြီး၊ လူက ဖန်တီးထားတာ မဟုတ်တဲ့ သယံဇာတ တစ်ခုဖြစ်ကြောင်း လူတွေ သိရှိလာတဲ့အခါ၊ အဲဒါရဲ့ မလုပ်ဘဲရတဲ့ တန်ဖိုးကို ခွဲဝေယူတာဟာ တရားမျှတကြောင်း မြင်တွေ့ကြပါတယ်။ ဝင်ငွေခွန် သို့မဟုတ် အရောင်းခွန်တွေနဲ့ မတူဘဲ၊ မြေယာတန်ဖိုး ခွန်တွေဟာ ထုတ်လုပ်မှု အပေါ် ပြစ်ဒဏ်မပေးဘဲ၊ လူထု ရှိနေမှုနဲ့ အခြေခံ အဆောက်အအုံတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်သူ့တန်ဖိုးကို ပြန်လည် တောင်းယူတာ ဖြစ်ပါတယ်။

မြေယာတန်ဖိုးခွန်ဟာ ဗဟိုချုပ်ကိုင်မှု မရှိတဲ့ ကြိုတင်ခွဲဝေမှု ပုံစံတစ်ခုအဖြစ် ဆောင်ရွက်ပါတယ်—ဒါဟာ အာဏာပိုင် မြေယာ သိမ်းပိုက်မှုကို တားဆီးပေးပြီး၊ ပြည်သူ့ ဘဏ္ဍာကို ထောက်ပံ့ကာ၊ ထိရောက်တဲ့ မြေယာ အသုံးချမှုကို မြှင့်တင်ပေးပါတယ်—ဒါတွေ အားလုံးကို လော့ခ် ရဲ့ စံနှုန်းအရ ပိုင်ဆိုင်မှု အခွင့်အရေးတွေကို မချိုးဖောက်ဘဲ လုပ်ဆောင်တာပါ။ မင်းမဲ့ အခင်းအကျင်းမှာတော့ အဲဒီလို အခွန်ကို ဗဟိုအစိုးရက မဟုတ်ဘဲ ဆန္ဒအလျောက် ဖွဲ့စည်းထားတဲ့ ဒေသတွင်း အသိုင်းအဝိုင်းများ သို့မဟုတ် ဘုံပိုင် စီမံခန့်ခွဲရေး အဖွဲ့အစည်းများက ကောက်ခံမှာ ဖြစ်ပါတယ်။

ဒီနည်းဖြင့် လစ်ဘရယ်-မင်းမဲ့ဝါဒ (သို့မဟုတ် လစ်ဘာတေးရီးယန်း ဆိုရှယ် ဒီမိုကရေစီ) ဟာ ဈေးကွက်နဲ့ ဆိုရှယ်လစ်ဝါဒ၊ လွတ်လပ်မှုနဲ့ ညီမျှမှု တို့အကြား မှားယွင်းတဲ့ ရွေးချယ်မှုအပိုင်းအခြားကို ဖော်ထုတ်ပေးပါတယ်။ လူတွေဟာ တကယ် လွတ်လပ်တဲ့အခါ၊ သီးခြားခွဲထွက် တစ်ဦးချင်းဝါဒ ဒါမှမဟုတ် တင်းကျပ်တဲ့ စုပေါင်းဝါဒဆီ ပြန်မသွားကြကြောင်း ပြသနေပါတယ်။ သူတို့ဟာ စီးပွားရေး လွတ်လပ်မှုကို လူမှုရေး ကာကွယ်မှုတွေနဲ့ ရောနှောထားတဲ့ လိုက်လျောညီထွေရှိပြီး လူသားဆန်တဲ့ အဖွဲ့အစည်းတွေကို တည်ဆောက်ကြပါတယ်—ဒါဟာ လစ်ဘရယ်ရော ဒီမိုကရက်တစ်ပါ ဖြစ်ပြီး၊ မင်းမဲ့ရော လူမှုရေး အသိပါ ရှိတဲ့ အလိုလို ဖြစ်ပေါ်လာတဲ့ စည်းစနစ်တစ်ခု ဖြစ်ပါတယ်။

ဒဿနဆိုင်ရာ လစ်ဘာတေးရီးယန်းဝါဒ၊ စာပြန်စနိဂုံး

သဘောတရားအခြေခံ လစ်ဘာတေးရီးယန်း ရှုထောင့်ကနေ ကြည့်ရင်၊ မင်းမဲ့ဝါဒီတွေဟာ လစ်ဘရယ်နဲ့ ဆိုရှယ်-ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို တိုက်ရိုက် ငြင်းပယ်တာမျိုး မလုပ်သင့်ဘဲ၊ အဲဒီအစား လက်ရှိ ပကတိ အခြေအနေရဲ့ ကန့်သတ်ချက်တွေထဲမှာ ပိုပြီး လွတ်လပ်တဲ့ လူအဖွဲ့အစည်းတစ်ခုဆီ သွားရာ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေအဖြစ် အသိအမှတ်ပြုသင့်ပါတယ်။ လူမှုဖူလုံရေး၊ လူမှုရေး အာမခံစနစ်နဲ့ ပြည်သူ့ ပညာရေးလို အဖွဲ့အစည်းတွေဟာ—အစိုးရက စီမံခန့်ခွဲနေတာ ဖြစ်ပေမယ့်—ဖိနှိပ်မှုကို လျှော့ချပေးဖို့၊ အတင်းအဓမ္မ ဖိနှိပ်မှုကို သက်သာစေဖို့နဲ့ လူတစ်ဦးချင်းစီအတွက် တကယ့် အခွင့်အလမ်းတွေကို တိုးချဲ့ပေးဖို့ မကြာခဏ အထောက်အကူပြုပါတယ်။ ဒါတွေဟာ လမ်းဆုံး မဟုတ်ဘဲ၊ လူအဖွဲ့အစည်းကို လစ်ဘာတေးရီးယန်း စံနှုန်းဆီ တဖြည်းဖြည်း တိုးတက်သွားစေတဲ့ အကူးအပြောင်း အဆောက်အအုံတွေ ဖြစ်ပါတယ်—အဲဒီ စံနှုန်းကတော့ လူတိုင်းဟာ ဆန္ဒအလျောက်၊ အဆင့်ဆင့် အာဏာပိုင် မရှိတဲ့ အစီအစဉ်တွေမှာ အပြည့်အဝ ပါဝင်နိုင်ဖို့ ရုပ်ဝတ္ထု ပစ္စည်း အထောက်အပံ့ ရှိတဲ့ ကမ္ဘာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေကို ပုံစံတကျ ဖြစ်ရမယ်ဆိုတဲ့ အစွန်းရောက် သဘောတရားတစ်ခုတည်းနဲ့ ငြင်းပယ်တာဟာ အမှားကြီးတစ်ခု ဖြစ်ပါတယ်။ ငါတို့ရဲ့ ရည်မှန်းချက်ဟာ အဆင်ပြေ သာယာပြီး ကိုယ်တိုင် အုပ်ချုပ်နိုင်တဲ့ လူတစ်ဦးချင်းစီနဲ့ အသိုင်းအဝိုင်းများ ဖြစ်ပါက၊ ကစားကွင်းကို ပိုပြီး မျှတအောင် လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ—ဘယ်လောက်ပဲ မပြည့်စုံပါစေ—ဟာ အရည်အချင်းပြည့်မီတဲ့ ထောက်ပံ့မှုကို ရရှိဖို့ ထိုက်တန်ပါတယ်။ ဒါကြောင့် လစ်ဘရယ်-မင်းမဲ့ဝါဒီ တစ်ယောက်ဟာ ကာလတိုမှာ လစ်ဘရယ်နဲ့ ဆိုရှယ်-ဒီမိုကရက်တစ် မူဝါဒတွေအတွက် တိုက်ပွဲဝင်မှာ ဖြစ်ပြီး၊ အနာဂတ်မှာတော့ အတင်းအဓမ္မ အဖွဲ့အစည်း အားလုံးကို ဆန္ဒအလျောက် အဖွဲ့အစည်းတွေနဲ့ အစားထိုးမယ့် အိပ်မက်ကိုလည်း မက်နေမှာ ဖြစ်ပါတယ်။

ကျနော့် အမြင်အရ နိုင်ငံတော် တည်ရှိမှုကို ဆင်ခြေပေးနိုင်မယ့် အရာတွေဆိုလို့ စာသင်ကျောင်းတွေ မဟုတ်ဘဲ အားလုံးပါဝင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အားလုံးပါဝင်တဲ့ အခြေခံ ဝင်ငွေ (UBI) ပေးအပ်မှုပဲ ရှိပါတယ်။ လွတ်လပ်တဲ့ ဘဏ်လုပ်ငန်းစနစ်၊ အပြိုင်အဆိုင် ရဲနဲ့ တရားရုံးများ၊ နဲ့ ပြည်သူ့စစ်စနစ်တို့ဟာ အစိုးရကို နိုင်ငံတော်မဲ့ စည်းစနစ်နဲ့ ထိရောက်စွာ အစားထိုးနိုင်တယ်လို့ ကျနော် လုံးဝ ယုံကြည်ပါတယ်။ နိုင်ငံတော် တည်ရှိရတာ တန်စေမယ့် တစ်ခုတည်းသော အရာကတော့ လွတ်လပ်တဲ့ (မင်းမဲ့) လူအဖွဲ့အစည်းတစ်ခု ပေးအပ်ဖို့ ပျက်ကွက်မယ့် လူမှုဖူလုံရေး မူဝါဒတွေကို အစိုးရက ပေးအပ်နိုင်ရင် ဖြစ်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံတော်မဲ့ စည်းစနစ်တစ်ခုဟာ လူတွေကို ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အခြေခံ ဝင်ငွေ ရရှိရေးအတွက် ပိုမို ထိရောက်စွာနဲ့ သေချာပေါက် ပေးနိုင်မယ် မဟုတ်ဘူးလို့ ကျနော် မယုံကြည်ပါဘူး။ ဆန္ဒအလျောက် ဖွဲ့စည်းထားတဲ့ အသိုင်းအဝိုင်းတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အပြန်အလှန် အာမခံ စနစ်တွေနဲ့ အခြေခံ ဝင်ငွေ ပေးအပ်မှုအတွက် မြေငှားခ ခွဲဝေမှု စနစ်တွေကို သဘောတူညီကြဖို့ လမ်းများပါတယ်။ ကျနော် အစိုးရ တည်ရှိမှုကို ထောက်ခံခဲ့ဖူးတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ အစိုးရဟာ အချို့သော လူမှုဖူလုံရေး မူဝါဒတွေကို ပေးဖို့ ပိုဖြစ်နိုင်တယ်လို့ ထင်ခဲ့လို့ပါ။ အဲဒီလို ထင်ခဲ့တာ မှားသွားတယ်လို့ သိရတဲ့အခါ (အခုလည်း မှားခဲ့တယ်လို့ ယုံကြည်ပါတယ်)၊ နိုင်ငံတော်အတွက် တကယ့် အကြောင်းပြချက် မရှိတော့ပါဘူး။ လူမှုဖူလုံရေး ပေးအပ်သူအဖြစ် နိုင်ငံတော်ရဲ့ စွမ်းဆောင်ရည်ဟာ မတရားတဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်ရေး ကိရိယာအဖြစ် နိုင်ငံတော်ရဲ့ ဆိုးကျိုးတွေနဲ့ ယှဉ်ရင် အမြဲတမ်း သေးငယ်သွားလေ့ ရှိပါတယ်။ ဒါဟာ ကောင်းတာထက် ဆိုးတာကို ပိုလုပ်လေ့ရှိပါတယ်။ နိုင်ငံတော်တွေ တည်ရှိနေသမျှ ကာလပတ်လုံး၊ သဘောတရားအခြေခံ လစ်ဘာတေးရီးယန်း တစ်ယောက်အနေနဲ့ ကျနော်တို့ဟာ သူတို့ကို အားလုံးပါဝင်တဲ့ အခြေခံ ဝင်ငွေ ပေးဖို့ တွန်းအားပေးရမယ်လို့ ကျနော် လျှောက်လဲချင်ပါတယ်။ အစိုးရတွေအနေနဲ့ အနည်းဆုံး လူတိုင်း မကျန်ရစ်စေမယ့် အခြေခံ လူမှုဖူလုံရေး စံနှုန်းတစ်ခုကိုတောင် မာမမတတ မပေးနိုင်ဘူးဆိုရင်၊ သူတို့ရဲ့ တရားဝင်မှုဟာ အခြေခံကျကျ စိန်ခေါ်ခံရဖို့ ထိုက်တန်ပါတယ်။

ဖြည့်စွက်ချက် (P.S.) စပိန် ပြည်တွင်းစစ် အတွင်းက စပိန် မင်းမဲ့ဝါဒီတွေရဲ့ ဥပမာဟာ ကျနော့်ရဲ့ ဆိုရှယ်-ဒီမိုကရက်တစ် မင်းမဲ့ဝါဒ သီအိုရီကို ပိုမို ခိုင်မာစေပါတယ်။ ငွေကြေး ဖျက်သိမ်းတာထက်၊ မင်းမဲ့ ထိန်းချုပ်ထားတဲ့ ဧရိယာတွေမှာ အစားထိုး ငွေကြေးစနစ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

Sam Dolgoff ရဲ့ 1936–1939 ထုတ် The Anarchist Collectives: Workers’ Self-Management in the Spanish Revolution စာအုပ်အရ ဒီလိုရေးသားထားတာကို မြင်ရနိုင်ပါတယ်။

“စပိန် တော်လှန်ရေးအကြောင်း ပြောတဲ့အခါ၊ ‘ငွေကြေး ဖျက်သိမ်းခြင်း’ ဆိုတာ စပိန်ရဲ့ တရားဝင် အမျိုးသား ငွေကြေးကို ဆိုလိုတာဖြစ်ပြီး အဖွဲ့အစည်းတွေက ထုတ်ဝေတဲ့ ဒေသတွင်း ငွေကြေးနဲ့ မတူဘူးဆိုတာ ခွဲခြားမပြောနိုင်တာကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာတာပါ။ အဲဒီ အမျိုးသား ငွေကြေးရဲ့ ဒေသတွင်း အသုံးပြုမှုကိုပဲ ဖျက်သိမ်းခဲ့တာ ဒါမှမဟုတ် မကြာခဏဆိုသလို ပမာဏအမျိုးမျိုးနဲ့ ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။ (ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးနဲ့ စာရင်းရှင်းတာတွေကိုတော့ ‘ပီဆီတာ’ (peseta) နဲ့ပဲ တွက်ချက်နေတုန်းပါပဲ။) နေရာတစ်ခုစီမှာရှိတဲ့ လစ်ဘာတေးရီးယန်း အဖွဲ့အစည်းတွေဟာ (ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို မျှမျှတတ ခွဲဝေနိုင်ဖို့၊ ပစ္စည်းလှောင်တာနဲ့ ဈေးကစားတာတွေကို တားဆီးဖို့) သူတို့ရဲ့ ကိုယ်ပိုင် လဲလှယ်မှု စနစ်တွေကို ဖန်တီးခဲ့ကြတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ဟာ အတိုးမပါတဲ့၊ ထုတ်ဝေတဲ့ အဖွဲ့အစည်းရဲ့ အပြင်ဘက်မှာ သုံးလို့မရတဲ့ ဘောက်ချာတွေ၊ တိုကင်တွေ၊ ရေတမ်းစာအုပ်တွေ၊ လက်မှတ်တွေ၊ ကူပွန်တွေ ပုံစံနဲ့ ကိုယ်ပိုင် ဒေသတွင်း ငွေကြေးတွေကို ထုတ်ဝေခဲ့ကြပါတယ်။”

အမေရိကန် မင်းမဲ့ဝါဒီ ဂျိုဆာယာ ဝါရင် (Josiah Warren) ဟာ Cincinnati Time Store မှာ အစားထိုး ငွေကြေးအဖြစ် “လုပ်အား မှတ်စုများ” ကို ဖန်တီးခဲ့ဖူးပါတယ်။ New Harmony, Indiana နဲ့ Modern Times, Long Island တို့မှ ရည်ရွယ်ချက်ရှိရှိ တည်ထောင်ထားတဲ့ အသိုင်းအဝိုင်းတွေဟာလည်း ဝါရင် ရဲ့ အစားထိုး ငွေကြေးစနစ်ကို စမ်းသပ်ခဲ့ကြပါတယ်။ Arden, Ardentown နဲ့ Ardencroft တို့လို ဂျီယို-လစ်ဘာတေးရီးယန်း အသိုင်းအဝိုင်း အားလုံးဟာ Arden Building and Loan Association နဲ့ Raiffeisen Gild တို့လို အစားထိုး ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို စမ်းသပ်ခဲ့ကြပါတယ်။ ဒီ ဂျီယို-လစ်ဘာတေးရီးယန်း အသိုင်းအဝိုင်းတွေဟာ မြေငှားခ ကောက်ခံမှုကနေတစ်ဆင့် ပြည်သူ့ လုပ်ငန်းတွေကိုလည်း ဘဏ္ဍာငွေ ပံ့ပိုးခဲ့ကြပါတယ်။ စပိန် ပြည်တွင်းစစ်အတွင်း စပိန် မင်းမဲ့ဝါဒီတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ အချို့သော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေဟာ မြေကွက်ကြီးတွေကို ခွဲဝေတာနဲ့ မြေငှားခကို စေတနာ့ဝန်ထမ်း ပြည်သူပိုင် ပြုလုပ်တာမျိုးလို ဒီစထရီဗူးတစ်စတို နဲ့ ဂျော့ဂျစ်စတို ပုံစံ မူဝါဒတွေကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။

Sam Dolgoff တည်းဖြတ်ပြီး Gaston Leval ရေးသားတဲ့ 1936–1939 ထုတ် The Anarchist Collectives: Workers’ Self-Management in the Spanish Revolution အရ ဒီလိုရေးသားထားတာကို မြင်ရနိုင်ပါတယ်။

“လူမှုရေးအရ ပေါင်းစည်းရေး အဆင့်တစ်ခုဟာ မကြာခဏဆိုသလို မြေကွက်ကြီးတွေကို ခွဲဝေတာဖြစ်ပါတယ် (Segorbe နဲ့ Granollers ဒေသတွေ အပြင် Aragon ကျေးရွာ အတော်များများမှာလိုမျိုးပေါ့)။ အချို့သော အခြား အခြေအနေတွေမှာတော့ ပထမဆုံး အဆင့်ဟာ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေကို ချက်ချင်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ဖိအားပေးတာ ဖြစ်ပါတယ် (Elda, Benicarlo, Castillone, Alcaniz, Caspé တို့မှာ မြေငှားခနဲ့ ဆေးဝါးဆိုင်ရာတွေကို ပြည်သူပိုင် ပြုလုပ်ခဲ့တာမျိုးပေါ့)။”

မင်းမဲ့ဝါဒီတွေဟာ သူတို့ ထိန်းချုပ်ထားတဲ့ ဧရိယာမှာ အားလုံးပါဝင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ပေးအပ်ခဲ့ကြပါတယ်။

Sam Dolgoff တည်းဖြတ်ပြီး Gaston Leval ရေးသားတဲ့ 1936–1939 ထုတ် The Anarchist Collectives: Workers’ Self-Management in the Spanish Revolution အရ ဒီလိုရေးသားထားတာကို မြင်ရနိုင်ပါတယ်။

“ကျန်းမာရေး ဝန်ဆောင်မှုတွေကို လူမှုရေးအရ ပေါင်းစည်းလိုက်တာဟာ တော်လှန်ရေးရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်… ကျန်းမာရေး လုပ်သားများ သမဂ္ဂကို ၁၉၃၆ ခုနှစ် စက်တင်ဘာလမှာ တည်ထောင်ခဲ့ပါတယ်။ …တံခါးစောင့်တွေကနေ ဆရာဝန်တွေ၊ အုပ်ချုပ်သူတွေအထိ ကျန်းမာရေး လုပ်သား အားလုံးဟာ ကျန်းမာရေး လုပ်သားများ သမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီး တစ်ခုတည်းမှာ ပါဝင်ခဲ့ကြပါတယ်… တော်လှန်ရေး ဖြစ်ပြီး ငါးလအကြာမှာ ကျန်းမာရေး လုပ်သား ၈,၀၀၀ ဟာ သမဂ္ဂသို့ ဝင်ရောက်ခဲ့ကြပါတယ် (အချက်အလက် မရှိသေးတဲ့ နှိပ်နယ်ပေးသူတွေနဲ့ ကာယကုထုံး ပညာရှင်တွေကို မပါဘဲပေါ့)။ UGT ကလည်း ကျန်းမာရေး သမဂ္ဂတစ်ခုကို ဖွဲ့စည်းခဲ့ပေမယ့် အရေအတွက်အရ ကျနော်တို့ထက် အများကြီး နည်းပါတယ်—ကျနော်တို့မှာ ဆရာဝန် ၁,၀၂၀ ရှိချိန်မှာ သူတို့မှာ ဆရာဝန် ၁၀၀ ပဲ ရှိပါတယ်။ အစိတ်အပိုင်း စာရင်းအချို့ကတော့ – ဆရာဝန် ၁,၀၂၀၊ သူနာပြု ၃,၂၀၆၊ သွားဆရာဝန် ၁၃၃၊ ဝမ်းဆွဲမ ၃၃၀၊ ဆေးကျောင်းသား ၂၀၃၊ ဓာတုဗေဒ ပညာရှင် ၁၈၀ နဲ့ အလုပ်သင် ဓာတုဗေဒ ပညာရှင် ၆၆၊ တိုင်းရင်းဆေး ပညာရှင် ၁၅၃၊ ပိုးသတ်သူ ၃၅၃၊ ဓာတ်မှန် ပညာရှင် ၇၁၊ နဲ့ တိရစ္ဆာန်ကု ဆရာဝန် ၂၀၀ တို့ ဖြစ်ပါတယ်… ကျနော်တို့ရဲ့ ရဲဘော်တွေဟာ ကျန်းမာရေး စနစ်သစ်တစ်ခုရဲ့ အခြေခံတွေကို ချမှတ်ခဲ့ကြပါတယ်… ဆေးဝါး ဝန်ဆောင်မှုသစ်ဟာ Catalonia တစ်ခုလုံးကို လွှမ်းမိုးခဲ့ပါတယ်… Catalonia တစ်ခွင်မှာ စာရင်းဝင် ကျန်းမာရေး စင်တာပေါင်း ၃၆ ခုရှိတဲ့ မြို့ပေါင်း ၂၇ မြို့မှာ ဝန်ဆောင်မှုတွေကို အပြည့်အဝ စီစဉ်ပေးထားတာကြောင့် ရွာတိုင်း၊ စုစည်းမှုတိုင်း၊ တောင်ပေါ်ရှိ တောင်သူတိုင်း၊ အမျိုးသမီးတိုင်း၊ ကလေးတိုင်းဟာ ဘယ်နေရာမှာပဲရှိရှိ ထိရောက်ပြီး ခေတ်မီတဲ့ ဆေးဝါး စောင့်ရှောက်မှုကို ရရှိခဲ့ကြပါတယ်။

စပိန် မင်းမဲ့ဝါဒီတွေဟာ သဘောတရားအရ လစ်ဘာတေးရီးယန်း ကွန်မြူနစ်ဝါဒကို လိုချင်ခဲ့ကြပေမယ့်၊ လက်တွေ့မှာတော့ လစ်ဘာတေးရီးယန်း ဆိုရှယ် ဒီမိုကရေစီနဲ့ ပိုတူတဲ့ အရာတစ်ခုကို အကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

Anarchy and Democracy
Fighting Fascism
Markets Not Capitalism
The Anatomy of Escape
Organization Theory