By Kevin Carson. Original article: In Memoriam: David Graeber, 1961-2020, published on September 4th, 2020. Burmese version by Hein Htet Kyaw.
ထုံးစံအတိုင်း အောက်မေ့ဖွယ် ဆောင်းပါးတစ်ပုဒ်ကို အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ဖြင့် စတင်ရသည်ဖြစ်ရာ ဒေးဗစ်ဂရေးဘာ၏ အတ္ထုပ္ပတ္တိအား ဖော်ပြထားရပါအံ့။
ဒေးဗစ် ဂရေးဘာသည် မင်းမဲ့ဝါဒီ မနုဿဗေဒပညာရှင် အဖြစ် ရည်ညွှန်းခံရခြင်းကို အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့သူဖြစ်သောကြောင့်၊ ကျွန်ုပ်ကမူ မင်းမဲ့ဝါဒီနှင့် မနုဿဗေဒပညာရှင်တစ်ဦးဖြစ်သူ ဒေးဗစ် ဂရေးဘာသည် ၅၉ နှစ်အရွယ်တွင် စက်တင်ဘာလ ၃ ရက်၊ ဗင်းနစ်မြို့၌ မည်သည့်အကြောင်းကြောင့်ဟု အစီရင်ခံခြင်း မရှိသေးသည့် အကြောင်းရင်းများဖြင့် ကွယ်လွန်ခဲ့သည်ဟု ဆိုပါမည်။
သူသည် အော်ကျူပိုင်း ဝေါစထရိ (Occupy Wall Street) လှုပ်ရှားမှု၏ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး၊ ကွယ်လွန်ချိန်၌ လန်ဒန် ဘောဂဗေဒကျောင်း (London School of Economics) တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ၊ (အခြားစာအုပ်များအပြင်) Fragments of an Anarchist Anthropology၊ Debt: The First 5000 Years၊ The Democracy Project၊ The Utopia of Rules၊ နှင့် Bullshit Jobs တို့ကို ရေးသားခဲ့သူဖြစ်သည်။
သူ့တွင် ဇနီးဖြစ်သူ သတင်းစာဆရာ/အနုပညာရှင် နီကာ ဒူဘရော့စကီး (Nika Dubrovsky) ကို ကျန်ရစ်ခဲ့သည်။
ဤသို့သော ဆောင်းပါးမျိုးတွင် ကိုယ်ရေးကိုယ်တာ မှတ်စုအချို့ ထည့်သွင်းခြင်းသည်လည်း သာမန်ဖြစ်သည်။ သို့သော် ပြောစရာ များများစားစား မရှိပါ။ ကျွန်ုပ်တို့သည် အီးမေးလ် အနည်းငယ်ချင်းစီ ဖလှယ်ခြင်းနှင့် တွစ်တာတွင် အပြန်အလှန် ဆက်ဆံခြင်းများဖြင့် သာမန်အားဖြင့် သိကျွမ်းခဲ့ကြသည်။ ထိုအရာများမှလွဲ၍ ကျွန်ုပ်တို့၏ အဓိက ဆက်နွှယ်မှုမှာ သူ၏ လက်ရာများက ကျွန်ုပ်အပေါ် လွှမ်းမိုးမှု ရှိခြင်းပင်ဖြစ်သည်။
Debt: The First 5000 Years သည် သူ၏ စာပေလက်ရာနှင့် ကျွန်ုပ် ပထမဆုံး ထိတွေ့မှုဖြစ်သည်။ ၎င်းသည် လက်ယာ-လစ်ဘာတေးရီးယန်း အသိုက်အဝန်းအတွင်းသို့ ပစ်ချလိုက်သော ဒိုင်းနမိုက်ချောင်း နှင့်ညီမျှသော အရာ ဖြစ်ခဲ့သည် (၎င်းတို့ အာရုံစိုက်ခဲ့လျှင် ဖြစ်ရမည်)။ အရင်းရှင်ဝါဒ၏ အတွေးအခေါ်သည် အရင်းရှင်လူ့အဖွဲ့အစည်း၏ အဓိကလက္ခဏာရပ်များ၏ မူလအစကို သူ့အလိုလို ဖြစ်ပေါ်လာခြင်းနှင့် သဘာဝဖြစ်ခြင်းဟု ပုံဖော်ထားသည့် အရင်းရှင်ဆန်သော ကလေးသူငယ် ပုံပြင်များ (မာ့က်စ်၏ ဝေါဟာရကို ငှားသုံးရလျှင်)၊ ဖြစ်ပုံနှင့် ပတ်သက်သည့် ဇာတ်လမ်းများနှင့် Robinsonade ပုံစံ ဇာတ်လမ်းများပေါ်တွင် အခြေခံထားသည်။
မြေယာပိုင်ဆိုင်မှုတွင် ပုဂ္ဂလိက — ဆိုလိုသည်မှာ တစ်ဦးချင်း၊ အခကြေးငွေ-ရိုးရှင်းသော ပိုင်ဆိုင်မှု — သည် တစ်ဦးချင်းစီက ငြိမ်းချမ်းစွာ အိမ်ယာတည်ထောင်ခြင်း၊ မိမိတို့၏ လုပ်အားကို ရောနှောခြင်း၊ နှင့် ထိုမြေကို ဘုံပိုင်နက်မှ ခွဲထုတ်ခြင်းတို့မှတစ်ဆင့် ပေါ်ပေါက်လာခဲ့သည်။ ငွေသားဆက်နွှယ်မှုတွင် ကုန်စည်ဖလှယ်ရန် ထုတ်လုပ်မှု၏ လွှမ်းမိုးကြီးစိုးမှုသည် သယ်ယူပို့ဆောင်ရေး၊ ဘားတာလုပ်ငန်းနှင့် ဖလှယ်ရေးတို့ကို ပြုလိုသော လူ့သဘာဝ၏ ရည်ရွယ်ချက်မှ မူတည်သည်။ ငွေကြေးကို ဘားတာမှ ပေါ်ပေါက်လာသော “ဆန္ဒများ နှစ်ထပ်တိုက်ဆိုင်မှု” ပြဿနာအား ဖြေရှင်းရန်အတွက်နှင့် အဖိုးတန်သတ္တုများ၏ စကြာဝဠာသုံး ကုန်ပစ္စည်းအဖြစ် အဆင်ပြေစေရန်အတွက် လက်ခံကျင့်သုံးခဲ့သည်။ ဤဒဏ္ဍာရီများအားလုံးကို ရှေးဦးခေတ် လစ်ဘရယ်ပညာရှင်များက စစ်မှန်သော သမိုင်းဆိုင်ရာ အချက်အလက်များ မရှိသည့်အခါတွင် အရာများကို ရှင်းပြရန်အတွက် ကြိုတင်ယူဆချက်အနေဖြင့် “ဖြစ်နိုင်ဖွယ်ရာ ဇာတ်လမ်း” တစ်မျိုးအဖြစ် သတ်မှတ်ခဲ့သည်။
သို့သော် ထူးခြားသောအချက်မှာ နောက်ပိုင်း နှစ်ပေါင်း သုံးလေးရာတိုင်အောင် သမိုင်းနှင့် မနုဿဗေဒဆိုင်ရာ အချက်အလက်များ အမြောက်အမြား ဝင်ရောက်လာသော်လည်း၊ ထိုအချက်အလက်များကို ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ထိုအချက်များနှင့် ပြန်လည်ညှိနှိုင်းရန် မည်သည့်အားထုတ်မှုမျှ မရှိဘဲ ၎င်းတို့သည် ထပ်ခါတလဲလဲ ပြောဆိုခံနေရဆဲ ဖြစ်သည်။ လက်ယာ-လစ်ဘာတေးရီးယန်း စီးပွားရေးပညာရှင်များနှင့် ပိုလီမစ်ရေးသားသူများသာမက၊ အတိုင်းအတာတစ်ခုအထိ ပင်မရေစီးစီးပွားရေးပညာရှင်များပါ ဤအချက်အလက်အများစုကို ယခုခေတ်အထိ ဆက်လက် ပြောဆိုနေကြသည်။ ကောလိပ်များ၏ မိတ်ဆက်သင်တန်းများတွင် လက်ရှိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော မည်သည့် စီးပွားရေးစာအုပ်ကိုမဆို pdf ဖိုင်ဖြင့် ကောက်ယူပြီး “ဆန္ဒများ နှစ်ထပ်တိုက်ဆိုင်မှု” ကို ရှာဖွေပါက၊ သင် အမှန်တကယ် ထိုအချက်ကို တွေ့ရှိနိုင်ပါသည်။ Debt စာအုပ်တွင် ဂရေးဘာသည် ထိုအချက်အလက်များကို အသုံးပြု၍ ဒဏ္ဍာရီတစ်ခု (ငွေနှင့် အကြွေး၏ မူလအစ) နှင့် အခြားအရာများ (တစ်နည်းအားဖြင့်) တို့သည် — တိတိကျကျ ပြောရလျှင် — လုံးဝနှင့် အပြီးအပိုင် အဓိပ္ပာယ်မရှိသော အရာများ ဖြစ်ကြောင်း ပြသခဲ့သည်။
သူ၏ ကျွန်ုပ်ဖတ်ရှုခဲ့သော ဒုတိယမြောက် စာအုပ်မှာ The Democracy Project: A History, A Crisis, A Movement ဖြစ်သည်။ ထိုစာအုပ်တွင် အဓိက အကြောင်းအရာ နှစ်ခု ဆုံစည်းခဲ့သည်– ဒေးဗစ် ဂရေးဘာ၏ Occupy လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ညီမျှမှုရှိသော လှုပ်ရှားမှု အတွေ့အကြုံနှင့် အခြားသော မင်းမဲ့ဝါဒီ နိုင်ငံရေးပုံစံများတွင် ပါဝင်သူတစ်ဦးအဖြစ် တွေ့ကြုံရမှုနှင့် သာမန်လူများ၏ ဒီမိုကရေစီနည်းကျ ကိုယ်ပိုင်အုပ်ချုပ်မှု အလေ့အကျင့်၏ ရှည်လျားသော သမိုင်းတို့ ဖြစ်သည်။ နောက်ဆုံးအချက်တွင် မာရွန်းလူမျိုးစု၊ ပင်လယ်ဓားပြ လောကနိဗ္ဗာန်များနှင့် နိုင်ငံတော်၏ လက်လှမ်းမမီသော နေရာများတွင် ရည်ရွယ်ချက်ရှိရှိ နေထိုင်ကြသူ အခြားလူအုပ်စုများ၏ စိတ်ဝင်စားဖွယ် သမိုင်းမှတ်တမ်း ခရီးစဉ်များ ပါဝင်သည်။ ၎င်းသည် “ဒီမိုကရေစီ” ကို ကြီးမားသော နွားချေးပုံပေါ်၌ ပေါက်ရောက်သော နူးညံ့သိမ်မွေ့သည့် ပန်းတစ်ပွင့်အဖြစ် ရှုမြင်ကြသော၊ ဘီစီ ၅ ရာစု အေသင်မြို့၊ ၁၆၈၈-၈၉ ခုနှစ် အင်္ဂလန်၊ နှင့် ၁၇၆၀ ပြည့်လွန်နှစ်များမှစ၍ မြောက်အမေရိက စသည့် အဆင့်မြင့် လူ့အဖွဲ့အစည်း အနည်းငယ်၏ ရှားပါးသောအခြေအနေများတွင်သာ ပေါ်ပေါက်ခဲ့သော ပျက်စီးလွယ်သည့် ရှေးဟောင်းပစ္စည်းအဖြစ် ရှုမြင်ကြသည့် စိစစ်ဝေဖန်မှုများ ပြုတတ်သော နီယိုကွန်ဆာဗေးတစ် လူတန်းစားများအား မျက်နှာရိုက်လိုက်ခြင်း နှင့် တူနေသည်။ ယင်းအစား ဂရေးဘာက ဤသို့ အောက်ပါအတိုင်း ငြင်းချက်ထုတ် တင်ပြခဲ့သည်။
ဒီမိုကရေစီသည် သမိုင်းနှင့်အမျှ၊ လူ့ဉာဏ်ရည်နှင့်အမျှ ရှေးကျသည်။ မည်သူမျှ ၎င်းကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ကျွန်ုပ် ထင်ပါသည်… လူသားမျိုးနွယ်များသည် အချင်းချင်း အနိုင်ကျင့်ရန် ကြိုးပမ်းခြင်းကို ရပ်တန့်ပြီး ဘုံပြဿနာတစ်ခုကို စုပေါင်းဖြေရှင်းရန် ဆက်သွယ်ရေးစွမ်းရည်များ တိုးတက်လာသည့်အခိုက်အတန့်တွင် ၎င်း ပေါ်ပေါက်လာသည်ဟု ငြင်းဆိုနိုင်ပါသည်။ သို့သော် ထိုသို့ ခန့်မှန်းတွေးဆခြင်းသည် အချည်းနှီး ဖြစ်သည်။ အဓိကအချက်မှာ ပါလီကျွန်းမှ seka လူမျိုးစုမှသည် ဘိုလီးဗီးယားမှ ayllu လူမျိုးစုအထိ၊ အကန့်အသတ်မရှိသော အမျိုးမျိုးသော တရားဝင်လုပ်ထုံးလုပ်နည်းများကို အသုံးပြုကာ ဒီမိုကရေစီ စည်းဝေးပွဲများကို ခေတ်အဆက်ဆက်နှင့် နေရာတိုင်းတွင် သက်သေပြနိုင်ပြီး၊ ပါဝင်သူအားလုံး တန်းတူအခွင့်အရေး ရရှိရေးနိယာမပေါ်တွင် အခြေခံ၍ လူအုပ်စုကြီးတစ်ခု စုပေါင်းဆုံးဖြတ်ချက်ချရန် အတူတကွ ထိုင်သည့်နေရာတိုင်းတွင် အမြဲ ပေါ်ထွက်လာလိမ့်မည်ဟူ၍ ဖြစ်သည်။
The Utopia of Rules: On Technology, Stupidity, and the Secret Joys of Bureaucracy တွင် ဂရေးဘာသည် ကြီးမားသော ကော်ပိုရေးရှင်း၊ အစိုးရအေဂျင်စီ၊ နှင့် အခြားသော ဗဟိုချုပ်ကိုင်မှုရှိသော အဖွဲ့အစည်းများ၏ အုပ်ချုပ်ရေးယဉ်ကျေးမှုကို စစ်ဆေးခဲ့သည်။ ထိုလုပ်ငန်းစဉ်တွင်၊ သူသည် ပင်မရေစီး လစ်ဘရယ်/တိုးတက်ရေးဝါဒီနှင့် လက်ယာ-လစ်ဘာတေးရီးယန်း ဇာတ်ကြောင်းများတွင် ဖော်ပြထားသည့်အတိုင်း ဗဟိုချုပ်ကိုင်မှုရှိသော နိုင်ငံတော်နှင့် အိုလီဂိုပိုလီ ကော်ပိုရေးရှင်းတို့သည် ရန်သူများ ဖြစ်နေသည်ထက် — တစ်ခုတည်းသော အရာ၏ မတူညီသော ပုံစံများ သို့မဟုတ် တစ်ခုတည်းသော အရာ၏ ကွဲပြားသော အစိတ်အပိုင်းများ သာ ဖြစ်ကြောင်း ပြသခဲ့သည်။ အမှန်စင်စစ် အရင်းရှင်စနစ်သည် အုပ်ချုပ်ရေးနိုင်ငံတော်၏ နောက်ခံတွင် ကြီးထွားလာခဲ့ပြီး၊ တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်း၏ ဖန်တီးမှုပင် ဖြစ်သည်။
ကျွန်ုပ်သည် သူ၏ နောက်ဆုံးစာအုပ်ဖြစ်သော Bullshit Jobs: A Theory ကို စိတ်ပျက်စွာဖြင့် ယခုတိုင် မဖတ်ရသေးပါ။ Utopia of Rules မှ အကြောင်းအရာများနှင့် မည်သို့ ဆက်စပ်နေသည်ကို သိလို၍သာမကဘဲ၊ ကျွန်ုပ်၏ တုံ့ပြန်ချက်ကို လင့်ခ်ချိတ်၍ တွစ်တာတွင် သူ့ထံသို့ တင်ပြကာ၊ သူ၏ အမြင်ကို သိနိုင်မည့် အခွင့်အရေးကို ယခု ကျွန်ုပ် လုံးဝ ဆုံးရှုံးသွားပြီဖြစ်သောကြောင့် စိတ်ပျက်မိသည်ဟု ဆိုခြင်းဖြစ်သည်။
ကျွန်ုပ် ပြန်လည်သုံးသပ်ချက်များနှင့် ကောက်နုတ်ချက်များ၊ နှင့် ဂရေးဘာ၏ ထိုအကြောင်းအရာများနှင့် ပတ်သက်သည့် ဆောင်းပါးများမှ မြင်တွေ့ခဲ့ရသည့်အပေါ် အခြေခံ၍၊ ၎င်းသည် အမြင့်ဆုံး လစာရရှိသော ကော်ပိုရိတ် ကော်လာဖြူ အလုပ်များသည် စစ်မှန်သော တန်ဖိုးအနည်းငယ်သာ ထုတ်လုပ်ရုံသာမကဘဲ တန်ဖိုးကို တက်ကြွစွာ ဖျက်ဆီးနေသည်ဟူသော ကျွန်ုပ်တို့၏ ဉာဏ်ဖြင့်သိမြင်နိုင်သော အမြင်ကို အသေးစိတ် ရှင်းပြခဲ့သည်။ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်သော အလုပ်များကို လုပ်ဆောင်သူများ (ဤစာအုပ်ထုတ်ဝေပြီးနောက် အချို့သော အဖြစ်အပျက်များကြောင့် “မရှိမဖြစ် လုပ်သား” ဟူသော ဝေါဟာရ ပေါ်ထွက်လာသည်) — စားသောက်ကုန်များ ပြင်ဆင်သူများ၊ နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများကို စောင့်ရှောက်သူများ၊ ကလေးသူငယ်များကို သင်ကြားသူများ၊ စက်ရုံထုတ်လုပ်ရေးလိုင်းများတွင် ကြက်သားအစိတ်အပိုင်းများ သို့မဟုတ် ဝစ်ဂျက်များကို လုပ်ဆောင်သူများ၊ လက်လီဖောက်သည်များနှင့် ဆက်ဆံသူများ၊ ကြမ်းပြင်များကို သန့်ရှင်းရေးလုပ်သူများ စသည်တို့သည် — ၎င်းတို့၏ အလုပ်၏ အရေးပါမှုနှင့် နှိုင်းယှဉ်ပါက လစာအလွန်နည်းရုံသာမက၊ အဓိပ္ပာယ်မရှိသောအလုပ်များတွင် လစာကောင်းစွာရသူများ၏ မတရားပြုမှုနှင့် ဝင်ရောက်စွက်ဖက်မှုကိုပါ ခံစားနေကြရသည်။
အဓိပ္ပာယ်မရှိသောအလုပ်များသည် လူနည်းစုက ကျန်လူများကို လုယက်ပြီး၊ စုပုံထားသော ပစ္စည်းများပေါ်တွင် ထိုင်နေသည့် လူ့အဖွဲ့အစည်းတစ်ခု၏ ရှုထောင့်တွင်သာ “လိုအပ်နေသည်” ဖြစ်သည်။ အဓိပ္ပာယ်မရှိသောအလုပ်များ၏ အဓိကအစိတ်အပိုင်းမှာ လုယက်သူများ၏ ဥစ္စာဓနများကို ခြေရာခံသော စာရင်းရေးသွင်းခြင်း အလုပ်များ သို့မဟုတ် သုံးမထားသော မြေများ၊ ဗလာကျင်းနေသော အိမ်များ၊ နှင့် အခြား အသုံးမပြုသော ပိုင်ဆိုင်မှုများ၏ ပိုင်ဆိုင်ခွင့်များကို ကာကွယ်သည့် ကောက်ရိုးပုံစောင့်ခွေး (gate-keeping) အလုပ်များဖြစ်ပြီး၊ အလုပ်လုပ်နေသူများသည် ၎င်းတို့ အသုံးပြုနေသော စက်ပစ္စည်းများကို ပိုင်ဆိုင်သူများထံမှ အမိန့်များ ဆက်လက်ခံယူရစေရန် သေချာစေခြင်း ဖြစ်သည်။ ကျန်အလုပ်များသည် ထောက်ပံ့ကြေးပေးထားသော စွန့်ပစ်ပစ္စည်း ထုတ်လုပ်မှု အပေါ် အခြေခံသည့် စီးပွားရေး၏ ရလဒ်ဖြစ်ပြီး၊ ၎င်းသည် အလွန်အကျွံတည်ဆောက်ထားသော၊ ထိရောက်မှုမရှိဘဲ ဗဟိုချုပ်ကိုင်မှုရှိသော၊ နှင့် ရင်းနှီးမြှုပ်နှံမှု အားကောင်းသော စက်မှုလုပ်ငန်းကို လည်ပတ်နေစေရန်အတွက် လိုအပ်သည်။
ဂရေးဘာ၏ မင်းမဲ့ဝါဒသည် Pyotr Kropotkin နှင့် Colin Ward တို့၏ မင်းမဲ့ဝါဒနှင့် နီးနီးနားနား ကွန်မြူနစ်ဝါဒဆန်သည်ဟု ကျွန်ုပ် ခန့်မှန်းရသော်လည်း၊ ကျွန်ုပ်သည် ၎င်းအား “နာမဝိသေသနမပါသော မင်းမဲ့ဝါဒီများ” (anarchists without adjectives) ဟူသော ကျွန်ုပ်၏ အထွေထွေအမျိုးအစားတွင် ထိုပုဂ္ဂိုလ်နှစ်ဦးနှင့်အတူ ထည့်သွင်းထားပါသည်။ Kropotkin နှင့် Ward ကဲ့သို့ပင်၊ လူသားတို့၏ ဖန်တီးနိုင်စွမ်းနှင့် ကိုယ်ပိုင်အစွမ်းအစအပေါ် ဂရေးဘာ၏ ယုံကြည်မှုနှင့်၊ အချင်းချင်း ဆက်ဆံရန်နှင့် ဘုံကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန်အတွက် ၎င်းတို့ ရှာဖွေတွေ့ရှိသည့် မယုံနိုင်စရာကောင်းသော သမိုင်းဆိုင်ရာ မတူကွဲပြားသည့် နည်းလမ်းများအပေါ် သူ၏ မြတ်နိုးမှုသည် ဈေးကွက်များ၊ သမဂ္ဂများ စသည်တို့ကဲ့သို့သော သီးခြား စီးပွားရေး ပုံစံများထဲသို့ သွတ်သွင်းရန် ဒဿနဆိုင်ရာ ကျဉ်းမြောင်းသော ကြိုးပမ်းမှုမှန်သမျှထက် ပိုမိုကြီးမားသည်။ သူသည် ကြိုတင်ယူဆချက် သီအိုရီဆိုင်ရာ ဖော်မြူလာများက သမိုင်း၏ ထူးခြားမှုနှင့် “ဖြစ်တည်မှု” ကို အကြမ်းဖက်ခြင်း သို့မဟုတ် ထိုသို့သော ဖော်မြူလာများအပေါ် အခြေခံ၍ သာမန်၊ မျက်နှာချင်းဆိုင် လူအုပ်စုများ၏ ၎င်းတို့ကိုယ်တိုင် အသုံးဝင်သော စီစဉ်မှုများ — မည်သို့ပင်ဖြစ်စေ — တီထွင်နိုင်စွမ်းကို ဝင်ရောက်စွက်ဖက်ခြင်းတို့ကို လက်ခံလိုစိတ် မရှိခဲ့ပေ။ ထိုနည်းတူစွာ၊ သူသည် ကိုယ်တိုင်-စီစဉ်ထားသော၊ လူသား-ပမာဏ အဖွဲ့အစည်းများ၏ ကွဲပြားမှုနှင့် ထူးခြားမှုကို သူ မြတ်နိုးခြင်းအပေါ် မည်သည့် နောက်ဆက်တွဲ ဝိသေသန ပါသော မင်းမဲ့ဝါဒကိုမျှ လွှမ်းမိုးခွင့် မပြုခဲ့ပေ။
၎င်း၏ “အကြွေး” အမည်ရှိ စာတမ်းတွင် သူ ဤသို့ အောက်ပါအတိုင်း ရေးသားခဲ့သည်။
“ကျွန်ုပ်တို့သည် စီးပွားရေးဘဝ၏၊ ထို့ပြင် လူ့ဘဝ၏ ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံအုတ်မြစ်များကို အမှန်တကယ် နားလည်လိုပါက၊ ကျွန်ုပ်ထင်သည်မှာ ကျွန်ုပ်တို့သည် အလွန်သေးငယ်သော အရာများဖြင့် စတင်ရပါမည်။ နေ့စဉ် လူမှုဘဝ၏ အသေးစိတ်အချက်များ၊ ကျွန်ုပ်တို့၏ မိတ်ဆွေများ၊ ရန်သူများနှင့် ကလေးများကို ဆက်ဆံပုံ — မကြာခဏဆိုသလို (ဆားလှမ်းပေးခြင်း၊ စီးကရက် ငှားသောက်ခြင်းကဲ့သို့) အလွန်သေးငယ်သော အမူအရာများ ဖြစ်၍ ၎င်းတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့ လုံးဝ ရပ်တန့်၍ စဉ်းစားလေ့ မရှိပါ။ မနုဿဗေဒက လူသားများသည် မိမိတို့ကိုယ်ကို မည်မျှ ကွဲပြားပြီး များပြားသော နည်းလမ်းများဖြင့် စီမံခန့်ခွဲနေထိုင်ခဲ့ကြသည်ကို ကျွန်ုပ်တို့အား ပြသခဲ့ပြီးဖြစ်သည်။”
နာမဝိသေသနမပါသော သူ၏ မင်းမဲ့ဝါဒအပြင်၊ ဂရေးဘာ၏ အခြားအယူအဆများစွာသည် ကျွန်ုပ်အတွက် အထူးအထောက်အကူပြုသည်ကို တွေ့ရသည်။ ၎င်းတို့ထဲမှ တစ်ခုဖြစ်သော၊ ကမ္ဘာတစ်ဝန်းနှင့် သမိုင်းတစ်လျှောက်မှ သာမန်လူများ၏ လက်တွေ့ဘဝ ဒီမိုကရေစီကို ကျွန်ုပ်တို့ အထက်တွင် စဉ်းစားခဲ့ပြီး ဖြစ်သည်။
နောက်ထပ်တစ်ခုမှာ “နေ့စဉ် မင်းမဲ့ဝါဒ” ဖြစ်သည်။ ကိုလင် ဝါ့ဒ် (Colin Ward) က Anarchy in Action စာအုပ်တွင် ပြသခဲ့သည့်အတိုင်း၊ လူ့အဖွဲ့အစည်းကို စနစ်တကျ ပြန်လည်ပုံစံထုတ်ရမည့် အပြီးသတ် စနစ်တစ်ခု ဖြစ်သည်ထက်၊ မင်းမဲ့ဝါဒသည် လူများ အချင်းချင်း အပြန်အလှန် ဆက်ဆံသည့် နည်းလမ်းတစ်ခုအဖြစ် ယခုအချိန်၌ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ရှိနေပါသည်။ “မင်းမဲ့ဝါဒသည် ယခုပင်လျှင် လူသားအပြန်အလှန် ဆက်သွယ်မှုအတွက် အဓိကအခြေခံများထဲမှ တစ်ခုဖြစ်နေပြီး၊ အမြဲတမ်းလည်း ထိုသို့ပင် ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့သည် အချိန်တိုင်း ကိုယ့်ဘာသာ စီမံခန့်ခွဲနေပြီး အပြန်အလှန် အကူအညီပေးနေကြသည်။ ကျွန်ုပ်တို့ အမြဲတမ်း ထိုသို့ လုပ်ဆောင်ခဲ့ကြသည်” (ဤအချက်အား “သင်ဟာ မင်းမဲ့ဝါဒီတစ်ယောက်လား။ အဖြေက သင့်အား အံ့အားသင့်စေနိုင်သည်” မည်သော ဆောင်းပါးမှ အောက်ပါအတိုင်း ကိုးကားနိုင်မည်ဖြစ်သည်)။
အခြေခံအကျဆုံး မင်းမဲ့ဝါဒီမူမှာ ကိုယ့်ဘာသာ စီမံခန့်ခွဲခြင်း (self-organization) ဖြစ်သည်။ ထိုမူမှာ လူသားများသည် တစ်ဦးနှင့်တစ်ဦး ကျိုးကြောင်းဆီလျော်သော နားလည်မှုများ ရရှိရန်၊ သို့မဟုတ် ဂုဏ်သိက္ခာနှင့် လေးစားမှုဖြင့် ဆက်ဆံရန်အတွက် တရားစွဲဆို အရေးယူခြင်းဖြင့် ခြိမ်းခြောက်ခံရရန် မလိုအပ်ဟု ယူဆခြင်းပင်ဖြစ်သည်။
မင်းမဲ့ဝါဒသည် လူများ မိမိတို့ရွေးချယ်သည့်အတိုင်း လွတ်လပ်စွာ ပြုမူဆောင်ရွက်သည့်အခါ၊ နှင့် တန်းတူညီမျှ လွတ်လပ်သူများ — ထို့ကြောင့် တစ်ပါးသူများအပေါ် တာဝန်ရှိသည်ကို သတိပြုမိသူများ — နှင့် ဆက်ဆံသည့်အခါ ပြုမူသည့်ပုံစံသက်သက်မျှသာ ဖြစ်သည်။
… [မင်းမဲ့ဝါဒသည်] ယခုပင်လျှင် လူသားအပြန်အလှန် ဆက်သွယ်မှုအတွက် အဓိကအခြေခံများထဲမှ တစ်ခုဖြစ်နေပြီး၊ အမြဲတမ်းလည်း ထိုသို့ပင် ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့သည် အချိန်တိုင်း ကိုယ့်ဘာသာ စီမံခန့်ခွဲနေပြီး အပြန်အလှန် အကူအညီပေးနေကြသည်။ ကျွန်ုပ်တို့ အမြဲတမ်း ထိုသို့ လုပ်ဆောင်ခဲ့ကြသည်။
သမိုင်းတစ်လျှောက် ကိုယ်တိုင်-စီမံထားသော အဖွဲ့အစည်းများ၏ အလွန်များပြားသည့် ကွဲပြားမှုနှင့် ထူးခြားချက်များကို ဂရေးဘာ လေးစားမှု ရှိသော်လည်း၊ ထို့ပြင် လူများ၏ မိမိတို့၏ စီမံမှုများကို ရွေးချယ်နိုင်သော လွတ်လပ်မှုကို လက်ခံသော်လည်း၊ သူသည် စီမံမှုအချို့ကို မည်သည့် လွတ်လပ်သူများအတွက်မဆို အလွန် ဖြစ်နိုင်ခြေနည်းသော ရွေးချယ်မှုများအဖြစ် ရှုမြင်ပြီး၊ အကြမ်းဖက်အုပ်ချုပ်မှု သို့မဟုတ် အောင်နိုင်မှု မရှိပါက မည်သည့်နေရာတွင်မှ တည်ငြိမ်စွာ တည်ရှိနိုင်ဖွယ် မရှိဟု ယူဆသည်။
“ဒီမိုကရေစီ စီမံကိန်း” (The Democracy Project) တွင် သူ အောက်ပါအတိုင်း ရေးသားခဲ့သည်။
“သမိုင်းက ပြသခဲ့သည်မှာ ကြီးမားလှသော ဓနမညီမျှမှုများ၊ ကျွန်စနစ်၊ အကြွေးကျွန်ပြုရေး သို့မဟုတ် လုပ်အားခ ကျွန်ပြုရေး ကဲ့သို့သော အဖွဲ့အစည်းများသည် စစ်တပ်များ၊ အကျဉ်းထောင်များနှင့် ရဲများက ထောက်ခံထားမှသာလျှင် တည်ရှိနိုင်ကြောင်း ဖြစ်သည်။”
ထိုနည်းတူစွာပင်၊ ထိုစာအုပ်၌ သူ ငြင်းခုံတင်ပြခဲ့သည့်အတိုင်း၊ အရင်းရှင်မင်းမဲ့ဝါဒီများ၏ စံပြလူ့အဖွဲ့အစည်းသည် နိုင်ငံတော်မရှိဘဲ ကြာရှည်စွာ တည်မြဲနိုင်ဖွယ်မရှိပေ။
ကျွန်ုပ်သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် အင်တာနက် သတင်းအဖွဲ့များ သို့ မကြာခဏ ဝင်ရောက်လေ့ရှိပြီး၊ ထိုအချိန်က “အရင်းရှင်မင်းမဲ့ဝါဒီများ” (anarcho-capitalists) ဟု မိမိကိုယ်ကို ခေါ်ဝေါ်သည့် သတ္တဝါများဖြင့် ပြည့်နှက်နေခဲ့သည်။… ထိုလူအများစုသည် သူတို့၏အချိန်များစွာကို လက်ဝဲ မင်းမဲ့ဝါဒီများကို အကြမ်းဖက်မှု ထောက်ခံသူများအဖြစ် ပြစ်တင်ဝေဖန်ခြင်းဖြင့် ကုန်ဆုံးခဲ့ကြသည်။ “သင်တို့သည် လွတ်လပ်သော လူ့အဖွဲ့အစည်းကို ထောက်ခံပြီး အခကြေးငွေရယူသည့် လုပ်သားစနစ်ကို အဘယ်ကြောင့် ဆန့်ကျင်ရသနည်း။ ကျွန်ုပ်သည် တစ်စုံတစ်ဦးကို ကျွန်ုပ်၏ ခရမ်းချဉ်သီးများ ခူးဆွတ်ရန် အလုပ်ခန့်လိုပါက၊ သင်တို့သည် အင်အားသုံး၍ မဟုတ်ဘဲ အခြားမည်သို့ တားဆီးနိုင်မည်နည်း။” ထို့ကြောင့် ယုတ္တိအားဖြင့် အခကြေးငွေစနစ်ကို ဖျက်သိမ်းရန် မည်သည့်ကြိုးပမ်းမှုမဆို KGB ၏ ပုံစံသစ်ဖြင့်သာ အတင်းအကျပ် ဆောင်ရွက်နိုင်မည်ဟု ဆိုလိုသည်။ ထိုသို့သော ငြင်းခုံချက်များကို မကြာခဏ ကြားရသည်။ သို့သော် သိသိသာသာ မကြားရသည်မှာ မည်သူမျှ “ကျွန်ုပ်က အခြားတစ်စုံတစ်ဦး၏ ခရမ်းချဉ်သီးများ ခူးဆွတ်ရန် ကိုယ့်ကိုယ်ကိုယ် အလုပ်လုပ်လိုပါက၊ သင်တို့သည် အင်အားသုံး၍ မဟုတ်ဘဲ အခြားမည်သို့ တားဆီးနိုင်မည်နည်း” ဟု ပြောဆိုခြင်း မရှိခြင်းပင်ဖြစ်သည်။ လူတိုင်းသည် အနာဂတ် နိုင်ငံမဲ့ လူ့အဖွဲ့အစည်းတွင် သူတို့သည် အလုပ်ရှင်လူတန်းစား၏ အဖွဲ့ဝင်များ ဖြစ်လာမည်ဟု တစ်နည်းနည်းဖြင့် စိတ်ကူးနေပုံရသည်။ မည်သူမျှ မိမိတို့သည် ခရမ်းချဉ်သီး ခူးဆွတ်သူများ ဖြစ်လာမည်ဟု မထင်ကြချေ။ သို့သော် ဤခရမ်းချဉ်သီး ခူးဆွတ်သူများသည် အတိအကျအားဖြင့် မည်သည့်နေရာမှ ရောက်ရှိလာမည်ဟု သူတို့ စိတ်ကူးနေကြပါသနည်း။
ဤနေရာတွင် စိတ်ဖြင့် စမ်းသပ်ကြည့်သည့် သေးငယ်သော စမ်းသပ်ချက်တစ်ခုကို အသုံးပြုနိုင်သည်။ ၎င်းကို ကျွန်းကို ပိုင်းခြားခြင်းဆိုင်ရာ ဥပမာပုံပြင်ဟု ခေါ်ကြပါစို့။ စိတ်ကူးယဥ်ဝါဒီ အုပ်စုနှစ်စုသည် ကျွန်းတစ်ဝက်စီကို ပိုင်ဆိုင်ရန် တောင်းဆိုသည်။ ၎င်းတို့သည် နှစ်ဖက်စလုံးတွင် အရင်းအမြစ်များ အကြမ်းအားဖြင့် ညီမျှစေရန် နယ်နိမိတ်ကို သတ်မှတ်ရန် သဘောတူညီကြသည်။ အုပ်စုတစ်စုက အချို့အဖွဲ့ဝင်များ ပိုင်ဆိုင်မှုရှိပြီး၊ အချို့မှာ မရှိ၊ ပိုင်ဆိုင်မှုမရှိသူများမှာ လူမှုရေး အာမခံချက်များ မရှိဘဲ၊ ချမ်းသာသူများက ပေးလိုသည့် မည်သည့် စည်းကမ်းချက်ဖြင့်မဆို အလုပ်မရှာပါက ငတ်သေရန် ချန်ထားခြင်းခံရမည့် စီးပွားရေးစနစ်ကို စတင်ဖန်တီးသည်။ အခြားအုပ်စုကမူ လူတိုင်း အနည်းဆုံး အခြေခံ အသက်မွေးဝမ်းကျောင်းနည်းလမ်းများကို အာမခံထားပြီး၊ ရောက်ရှိလာသူ အားလုံးကို ကြိုဆိုသည့် စနစ်ကို ဖန်တီးသည်။
မင်းမဲ့ဝါဒီအရင်းရှင် ကျွန်းတစ်ဖက်ရှိ ညစောင့်များ၊ သူနာပြုများနှင့် ဘောက်ဆိုက်သတ္တု တူးဖော်သူများ ဖြစ်လာရန် စီစဉ်ထားသူများသည် ထိုနေရာ၌ ဆက်လက်နေထိုင်ရန် ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက် မည်သို့ ရှိနိုင်မည်နည်း။ ရင်းရှင်များသည် ၎င်းတို့၏ လုပ်သားအင်အား ဆုံးရှုံးမှုကို ရက်သတ္တပတ် အနည်းငယ်အတွင်း ကြုံတွေ့ရလိမ့်မည်။ ရလဒ်အနေဖြင့်၊ ၎င်းတို့သည် မိမိတို့၏ နယ်မြေများကို ကိုယ်တိုင် ကင်းလှည့်ရမည်၊ မိမိတို့၏ အိပ်ရာအိုးများကို ကိုယ်တိုင်ရှင်းရမည်၊ နှင့် မိမိတို့၏ ကြီးလေးသော စက်ယန္တရားများကို ကိုယ်တိုင် လည်ပတ်လုပ်ကိုင်ရမည် — ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ အလုပ်သမားများအား အလွန်အမင်း ကောင်းမွန်သော အခွင့်အရေးများကို အလျှင်အမြန် ကမ်းလှမ်းခြင်း မပြုပါက ဖြစ်ပြီး၊ ထိုသို့ ကမ်းလှမ်းပါကလည်း နောက်ဆုံး၌ ဆိုရှယ်လစ် ဥတုပျတစ်ခုတွင် နေထိုင်ရသကဲ့သို့ ဖြစ်နေလိမ့်မည်။
ဤအချက်နှင့် အခြားအကြောင်းရင်းများစွာကြောင့်၊ စစ်တပ်များ၊ ရဲများနှင့် အကျဉ်းထောင်များ၏ ထောက်ခံမှုမပါဘဲ ဈေးကွက်စီးပွားရေးတစ်ခု ဖန်တီးရန် မည်သည့်ကြိုးပမ်းမှုမဆို လက်တွေ့တွင် အရင်းရှင်စနစ်နှင့် လျင်မြန်စွာ ဆင်တူတော့မည် မဟုတ်ဟု ကျွန်ုပ် ယုံကြည်ပါသည်။ အမှန်စင်စစ် ၎င်းသည် ကျွန်ုပ်တို့ ဈေးကွက်အဖြစ် တွေးတောလေ့ရှိသည့်အရာနှင့် အလွန်နည်းပါးစွာ ဆင်တူလိမ့်မည်ဟု ကျွန်ုပ် အခိုင်အမာ ယူဆပါသည်။
ကျွန်ုပ် အကျိုးသက်ရောက်မှု ရှိသည်ဟု တွေ့ရှိခဲ့သော နောက်ထပ်အယူအဆတစ်ခုမှာ “အခြေခံ ကွန်မြူနစ်ဝါဒ” ဖြစ်သည်။ ဆိုလိုသည်မှာ မြေပိုင်ရှင်များ၊ နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားများ၊ သို့မဟုတ် အရင်းရှင် ကော်ပိုရေးရှင်းများက အုပ်ချုပ်သည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းအားလုံးသည် ၎င်းတို့၏ တည်ရှိမှုနှင့် ဆက်လက်ရှင်သန်မှုအတွက် သာမန်လူများ ကျင့်သုံးနေသော လစ်ဘာတေးရီးယန်း ကွန်မြူနစ်ဝါဒ၏ အခြေခံအုတ်မြစ်ကို အားကိုးနေကြရခြင်း ဖြစ်သည်။
“အကြွေး” အမည်ရှိ စာအုပ်တွင် သူ အောက်ပါအတိုင်း ရေးသားခဲ့သည်။
လူများသည် မိမိတို့ကိုယ်ကို ရန်သူများအဖြစ် မသတ်မှတ်ထားသရွေ့၊ လိုအပ်ချက်ကို လုံလောက်စွာ ကြီးမားသည်ဟု သို့မဟုတ် ကုန်ကျစရိတ်ကို လုံလောက်စွာ ကျိုးကြောင်းဆီလျော်သည်ဟု ယူဆပါက၊ “မိမိတို့၏ စွမ်းဆောင်နိုင်မှုအတိုင်း ပေးဆပ်ရန်၊ မိမိတို့၏ လိုအပ်ချက်အတိုင်း ရယူရန်” ဟူသော နိယာမကို အသုံးပြုမည်ဟု ယူဆထားလိမ့်မည်။
အမှန်စင်စစ် “ကွန်မြူနစ်ဝါဒ” သည် မှော်ဆန်သော ဥတုပျတစ်ခု မဟုတ်သလို၊ ထုတ်လုပ်မှုနည်းလမ်းများ ပိုင်ဆိုင်မှုနှင့်လည်း မည်သို့မျှ မသက်ဆိုင်ပေ။ ၎င်းသည် ယခုပင် တည်ရှိနေသောအရာဖြစ်သည် — မည်သည့် လူ့အဖွဲ့အစည်း၌မဆို အတိုင်းအတာတစ်ခုအထိ တည်ရှိနေသောအရာ ဖြစ်သည်၊ သို့သော် အရာရာတိုင်းကို ထိုနည်းဖြင့် စီမံထားသည့် လူ့အဖွဲ့အစည်းမျိုး မရှိခဲ့ဖူးသကဲ့သို့၊ မည်သို့ ဖြစ်နိုင်မည်ကိုလည်း စဉ်းစားရန် ခက်ခဲပေလိမ့်မည်။ ကျွန်ုပ်တို့ အားလုံးသည် အချိန်၏ အများစုတွင် ကွန်မြူနစ်များကဲ့သို့ ပြုမူဆောင်ရွက်နေကြသည်။ … “ကွန်မြူနစ် လူ့အဖွဲ့အစည်း” သည် မည်သည့်အခါမျှ တည်ရှိနိုင်မည် မဟုတ်ပါ။ သို့သော် လူမှုရေးစနစ်အားလုံးသည်၊ အရင်းရှင်စနစ်ကဲ့သို့သော လူမှုရေးစနစ်များပင်လျှင်၊ လက်တွေ့တွင် တည်ရှိနေသော ကွန်မြူနစ်ဝါဒ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ထို့ပြင် “မျှော်လင့်ချက်မဲ့မှု၏ ယန္တရား” အမည်ရှိ စာတမ်းတွင်လည်း အောက်ပါအတိုင်း ရေးသားခဲ့သည်။
…[ကွန်မြူနစ်ဝါဒသည်] လူများ “မိမိတို့၏ စွမ်းဆောင်နိုင်မှုအတိုင်း ပေးဆပ်ရန်၊ မိမိတို့၏ လိုအပ်ချက်အတိုင်း ရယူရန်” ဟူသော နိယာမအရ ပြုမူဆောင်ရွက်သည့် မည်သည့်အခြေအနေမျိုးကိုမဆို အမှန်တကယ် ဆိုလိုသည်။ ၎င်းသည် လက်တွေ့တွင် အတူတကွ လုပ်ဆောင်နေပါက လူတိုင်း နီးပါး ပြုမူသည့် နည်းလမ်းဖြစ်သည်။ ဥပမာအားဖြင့်၊ လူနှစ်ဦးသည် ပိုက်လုံးတစ်ခုကို ပြင်ဆင်နေပြီး တစ်ဦးက “လိမ်ဖဲ့ခြင်း (wrench) ကို ပေးပါဦး” ဟု ပြောလိုက်ပါက၊ အခြားတစ်ဦးက “ကျွန်ုပ် ဘာပြန်ရမလဲ” ဟု ပြန်ပြောမည် မဟုတ်ပေ။ ၎င်းတို့သည် Bechtel သို့မဟုတ် Citigroup တွင် အလုပ်လုပ်နေသူများ ဖြစ်နေသည့်တိုင် ထိုသို့ပင် မှန်ကန်သည်။ ၎င်းတို့သည် ကွန်မြူနစ်ဝါဒ၏ မူများကို အသုံးပြုကြသည်မှာ ထိုမူများသာလျှင် အမှန်တကယ် အလုပ်ဖြစ်သောကြောင့် ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များ သို့မဟုတ် စီးပွားရေးပြိုလဲမှုများ ဖြစ်ပွားပြီးနောက် မြို့ကြီးများနှင့် နိုင်ငံများ တစ်ခုလုံးသည် ကြမ်းတမ်းပြီး လျင်မြန်သော ကွန်မြူနစ်ဝါဒပုံစံအချို့သို့ အဘယ်ကြောင့် ပြန်လည်ရောက်ရှိသွားရသည်ဟူသော အကြောင်းရင်းလည်း ၎င်းပင်ဖြစ်သည်။ ဈေးကွက်များနှင့် အာဏာပိုင် အဆင့်ဆင့် ကွင်းဆက်များသည် ၎င်းတို့ မတတ်နိုင်သော ဇိမ်ခံပစ္စည်းများ ဖြစ်လာကြသည်။
ဖန်တီးနိုင်စွမ်းကို ပိုမို လိုအပ်လေ၊ ပေးထားသည့် အလုပ်တစ်ခုတွင် လူများ ပိုမို ယာယီစီမံလုပ်ဆောင်ရလေ၊ ရရှိလာသော ကွန်မြူနစ်ဝါဒပုံစံသည် ပိုမို တန်းတူညီမျှမှုရှိရန် ဖြစ်နိုင်လေ ဖြစ်သည်။ ထို့ကြောင့်ပင် ရီပတ်ဘလစ်ကန် ကွန်ပျူတာ အင်ဂျင်နီယာများသည်ပင် ဆော့ဖ်ဝဲလ် အယူအဆအသစ်များ တီထွင်ရန် ကြိုးပမ်းသည့်အခါ သေးငယ်သော ဒီမိုကရေစီအဖွဲ့များကို ဖွဲ့စည်းလေ့ရှိသည်။ အလုပ်သည် စံသတ်မှတ်ချက်ရှိပြီး ငြီးငွေ့စရာ (ထုတ်လုပ်ရေးလိုင်းများကို စဉ်းစားကြည့်ပါ) ဖြစ်လာမှသာ ပို၍ အာဏာရှင်ဆန်သော၊ ဖက်ဆစ် ဆန်သော ကွန်မြူနစ်ဝါဒပုံစံများကို စိုးမိုးရန် ဖြစ်နိုင်လာသည်။ သို့သော် အမှန်တကယ်မှာ ပုဂ္ဂလိက ကုမ္ပဏီများသည်ပင် ပြည်တွင်း၌ ကွန်မြူနစ်ဝါဒ၏ မူများအရ စည်းရုံးဖွဲ့စည်းထားခြင်း ဖြစ်သည်။
ထိုကွန်မြူနစ်ဝါဒ၏ အတိုင်းအတာ — စုစုပေါင်း လူမှုရေးနှင့် စီးပွားရေး လုပ်ဆောင်မှုတွင် ၎င်း၏ ဝေစု — သည် လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု၊ ခေတ်ကာလတစ်ခုနှင့်တစ်ခု အလိုက် များစွာ ကွဲပြားခဲ့သည်။ သို့သော် နိုင်ငံတော်မရှိသော ရှေးဦးလူ့အဖွဲ့အစည်းအားလုံး — အမဲလိုက်စုဆောင်းသူ အုပ်စုများ ဖြစ်စေ၊ နိုင်ငံမဲ့ စိုက်ပျိုးရေးရွာများ ဖြစ်စေ — သည် နှိုင်းယှဉ်ချက်အရ မြင့်မားသော ကွန်မြူနစ်ဝါဒ အတိုင်းအတာများ ရှိခဲ့ကြပြီး၊ ထိုကွန်မြူနစ်ဝါဒသည် မကြာသေးမီကအထိ နေရာများစွာတွင် နိုင်ငံတော်များနှင့် မြေရှင်ကြီးများအောက်၌ပင် ဆက်လက်တည်ရှိနေခဲ့သည်။ ထို့ပြင် ဤအခြေအနေသည် မြေပိတ်ဆို့မှုများ ဖြင့် အကြမ်းဖက် နှိမ်နင်းခြင်း မရှိသော ကိစ္စရပ်အားလုံးတွင် ပုံမှန် အခြေအနေ ဖြစ်ခဲ့သည်။
စိုက်ပျိုးရေး တော်လှန်ရေးမှသည် မည်သည့် ပုံစံမျိုးဖြင့်ဖြစ်စေ လူတန်းစား နိုင်ငံတော်များက နှိမ်နင်းခဲ့သည်အထိ၊ လူသား အဖွဲ့အစည်း၏ ပုံသေပုံစံမှာ ဘုံမြေယာပိုင်ဆိုင်ခွင့်ရှိသော စိုက်ပျိုးရေးရွာ ဖြစ်သည်ဟု အလွယ်တကူ ပြောဆိုနိုင်သည်။ မိသားစုများသည် ဘုံလယ်ကွင်းအမျိုးမျိုးတွင် အခါအားလျော်စွာ ပြန်လည်သတ်မှတ်ပေးသော ဝေစုများကို အသုံးပြုပိုင်ခွင့်များ ရှိခဲ့ကြပြီး၊ ဘုံကျက်စားရာ မြက်ခင်းပြင်နှင့် သစ်တောများကိုလည်း ဝင်ရောက် အသုံးပြုခွင့် ရှိခဲ့ကြသည်။ ဤသည်မှာ အနောက်ဥရောပနှင့် အင်္ဂလန်တွင် ခေတ်သစ်အစောပိုင်းအထိ ထွန်းကားခဲ့သော ပွင့်လင်းလယ်ကွင်းရွာစနစ်၊ ဝါရင် ဟေစတင်း (Warren Hastings) က ဘင်္ဂလားတွင် နှိမ်နင်းခဲ့သည့် “အာရှပုံစံ” ဟု ခေါ်ဆိုသည့် စနစ်၊ နှင့် စတိုလီပင် (Stolypin) ၏ “ပြုပြင်ပြောင်းလဲမှုများ” နှင့် စတာလင်၏ အတင်းအကြပ် စုပေါင်းလုပ်ဆောင်ခြင်းတို့ ပေါင်းစပ်မှုကြောင့် ပျက်စီးသွားသည်အထိ ရုရှားတွင် ရှင်သန်ခဲ့သော မီယာ (Mir) တို့ပင် ဖြစ်သည်။
**ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများအပြင်၊ ဂရေးဘာသည် Occupy လှုပ်ရှားမှုအပေါ် လက်တွေ့ကျသော သက်ရောက်မှု ကြီးမားစွာ ရှိခဲ့သည်ကို ကျွန်ုပ် ထည့်သွင်းပြောကြားရပါမည်။ အသေးစိတ်ကို The Democracy Project တွင် လေ့လာနိုင်သော်လည်း၊ အကျဉ်းချုပ်အားဖြင့်– ၂၀၁၁ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လများတွင် Occupy သည် Adbusters မဂ္ဂဇင်းနှင့် Workers World Party ကဲ့သို့သော အနည်းငယ်သော ဒေါင်လိုက်အဖွဲ့အစည်း လှုပ်ရှားမှုများ၏ မူလ ပရောဂျက် ဖြစ်ခဲ့သည်။ ၎င်းကို ကြိုတင်ပြုလုပ်ထားသော ပိုစတာများနှင့် ကြွေးကြော်သံများ၊ နှင့် သတ်မှတ်ထားသော ခေါင်းဆောင်များ ပါဝင်သည့် သမားရိုးကျ ဆန္ဒပြပွဲအဖြစ် စိတ်ကူးထားခဲ့ပြီး၊ ဓာတ်ပုံရိုက်ယူမှုများနှင့် တရားဝင် ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ပျောက်ကွယ်သွားရန် ဖြစ်နိုင်ခြေများခဲ့သည်။ စပိန်နိုင်ငံမှ M15 ကို မျက်မြင်တွေ့ရှိခဲ့သော မင်းမဲ့ဝါဒီ အနည်းငယ်သည် ဂရေးဘာပတ်ဝန်းကျင်တွင် စုစည်းပြီး အထွေထွေညီလာခံ (general assembly) ကို ဖန်တီးခဲ့ကာ၊ ၎င်းကို ၎င်း၏ နောက်ဆုံး ညီမျှမှုရှိသော လှုပ်ရှားမှုလမ်းကြောင်းသို့ တွန်းပို့ခဲ့သည်။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှု မရှိပါက — “မိူရိုးမဲ့တဲ့ သံချောင်းလေး” (for want of a nail) ပုံပြင်ကဲ့သို့ — Occupy သည် နယူးယောက် နိုင်ငံရေး လှုပ်ရှားမှုများ၏ အောက်ခြေမှတ်စုတစ်ခုမျှသာ ဖြစ်နေပေလိမ့်မည်။ Black Lives Matter၊ NoDAPL နှင့် Antifa ကဲ့သို့သော နောက်ဆက်တွဲ လှုပ်ရှားမှုများ မည်သို့ပင် ပုံစံယူခဲ့သည်ဖြစ်စေ၊ ၎င်းတို့ကို မှတ်မိနိုင်မည် မဟုတ်ပေ။
မင်းမဲ့ဝါဒီ တွေးခေါ်ရှင်တစ်ဦးအနေဖြင့် ဒေးဗစ် ဂရေးဘာသည် ပြီးခဲ့သည့် ရာစုနှစ်အတွင်းမှ Kropotkin၊ Ward၊ James Scott၊ နှင့် Murray Bookchin တို့အပါအဝင် အခြားသော ထင်ရှားသော ပုဂ္ဂိုလ်များနည်းတူ အလားတူအမျိုးအစားထဲသို့ ကျရောက်နေသည်။ သူသည် ၅၉ နှစ်အရွယ်တွင် ဤအောင်မြင်မှုများကို ပြီးမြောက်ခဲ့ပြီး၊ အမှန်တကယ်အားဖြင့် သူ၏ ရင့်ကျက်သော ဉာဏဖွံ့ဖြိုးမှုသက်တမ်း၏ တစ်ဝက် သို့မဟုတ် ထို့ထက်ပို၍ ကျန်ရှိနေသေးသည်ကို သတိပြုသင့်သည်။ Scott သည် ၈၃ နှစ်အရွယ်တွင် ယနေ့တိုင် အသက်ရှင်နေဆဲဖြစ်ပြီး၊ ကျန်သူများအားလုံးသည် ၎င်းတို့၏ ၈၀ အရွယ်တွင် ကွယ်လွန်ခဲ့ကြသည်။ သူ၏ ကွယ်လွန်မှုက ကျွန်ုပ်တို့ထံမှ မည်သည့်အရာများကို ယူဆောင်သွားသည်ကို မသိနိုင်ပါ — ကျွန်ုပ်တို့ ပို၍ ဆင်းရဲသွားသည်ကိုသာ သိရှိရပါသည်။
C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how






