မြန်မာစစ်အာဏာရှင်များ ဖက်ဆစ်ဖြစ်ကြရခြင်း အကြောင်း

By Hein Htet Kyaw. Original article: Why Myanmar’s Military Dictatorships are Fascist Regimes, published on October 17, 2025. Translated into Burmese by Hein Htet Kyaw.

ဂျော့ချ်အော်ဝဲလ်မှ သတိပေးခဲ့ဖူးသည့်အတိုင်း “ဖက်ဆစ်ဝါဒ” ဟူသော ဝေါဟာရမှာ တိကျသော အဓိပ္ပာယ်တို့အား ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ အာဏာရှင်ဆန်မှုနှင့် စစ်အုပ်ချုပ်ရေးစနစ်ကဲ့သို့သော အပေါ်ယံသွင်ပြင်တွေကိုသာ အဓိကထားကြည့်ကြသည့်အတွက် ၎င်းဖက်ဆစ်ဝါဒ၏ မူလအနှစ်သာရကို လျစ်လျူရှုမိကြပြီး၊ မဟုတ်မမှန် သုံးနှုန်းမှုနှင့် အလွဲသုံးစား ခေါ်ဝေါ်သုံးစွဲမှုတို့ကြောင့် “ဖက်ဆစ်” ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်များ ပါးသွားခြင်းတို့ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ ထိုကဲ့သို့သော အာဏာရှင်ဆန်မှုများနှင့် စစ်အုပ်ချုပ်ရေးစနစ်တို့သည် ဖက်ဆစ်အစိုးရများတွင် ရှိနေသည်မှာ မှန်သော်လည်း ၎င်းတို့သာလျှင် ဖက်ဆစ်ဝါဒ၏ တစ်ခုတည်းသော သတ်မှတ်ချက်များတော့ မဟုတ်ကြပေ။

သို့သော်လည်း ဖက်ဆစ်ဝါဒီများအဖြစ် တိတိပပ သတ်မှတ်နိုင်ပါသော နိုင်ငံရေးအုပ်စုများစွာ ရှိသည်။ လက်ရှိ စစ်ကောင်စီအပါအဝင် မြန်မာစစ်အာဏာရှင်စနစ်များသည် ဖက်ဆစ်အစိုးရစနစ်၏ အထူးတလည် တိကျခိုင်မာသော ဥပမာတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

မြန်မာ့တပ်မတော်- ဖက်ဆစ်ဂျပန်တပ်မတော်၏ လက်ရာ

မြန်မာ့တပ်မတော်၏ မူလဘူတအား သိရှိရန် ဒုတိယကမ္ဘာစစ်ဆီသို့ ပြန်လည်ခြေရာခံနိုင်ပါသည်။ ထိုအချိန်က ဖက်ဆစ်အင်အားကြီးနိုင်ငံဖြစ်သော ဂျပန်အင်ပါယာသည် ဗြိတိသျှနှင့် မဟာမိတ်တပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် မြန်မာအမျိုးသားရေးဝါဒီများကို စုဆောင်း၍ စစ်ပညာသင်ကြားပေးခဲ့ပါသည်။ ရုရှား-ဂျပန်စစ်ပွဲတွင် အနိုင်ရခဲ့မှုကြောင့် ချီးကျူးခံခဲ့ရသည့် ဂျပန်သည် ၎င်းတို့အား ထောက်ပံ့ပေးပါက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးမည်ဟု ကတိပြုခဲ့သည်။

၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကေဂျီ ဆူဇူကီး (Keiji Suzuki) နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ ဦးဆောင်မှုအောက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ဖွဲ့စည်းခဲ့သည်။ အစပိုင်းတွင် လူအင်အား ၂,၃၀၀ ဖြင့် ဖွဲ့စည်းခဲ့သော်လည်း ဂျပန်တို့ မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်ရာတွင် ကူညီပေးခဲ့သည့်အတွက် BIA ၏ လူအင်အားမှာ သိသိသာသာ တိုးလာခဲ့သည်။

သို့သော်လည်း BIA ၏ ဝါဒဖြန့်မှုများသည် ကရင်လူမျိုးများအပေါ် အောင်မြင်မှု မရရှိခဲ့ဘဲ၊ ကရင်များက ဗြိတိသျှအပေါ် သစ္စာစောင့်သိခဲ့ကြသည်။ ယင်းအခြေအနေကြောင့် ဂျပန်တို့၏ လေ့ကျင့်ပေးမှုအောက်မှ BIA ၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကို ပထမဆုံး ထုတ်ဖော်ပြသခဲ့သည့် အကြမ်းဖက်မှုဖြစ်သော ကရင်ကျေးရွာသား အနည်းဆုံး ၁,၈၀၀ ကို သတ်ဖြတ်သည့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ပါသည်။

ဖက်ဆစ်ဝါဒကို နားလည်ခြင်း- နိုင်ငံတကာဆိုရှယ်လစ်ဝါဒမှ အမျိုးသားဆိုရှယ်လစ်ဝါဒသို့

မာ့က်စ်ဝါဒသည် အခြားသော ခေတ်ပြိုင်လှုပ်ရှားမှုများ (အထူးသဖြင့် စိတ်ကူးယဉ်ဆန်သော လှုပ်ရှားမှုများ) နှင့် နှိုင်းယှဉ်လျှင် ပထမဦးဆုံးနှင့် ထူးခြားသော “သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ” တစ်ခုဖြစ်သော်လည်း ၎င်း၏ အတွင်းသမိုင်းကြောင်း၌ အကျပ်အတည်းများစွာ ကြုံတွေ့ခဲ့ရသည်။ ဤအကျပ်အတည်းများသည် ပြန်လည်ပြင်ဆင်ရေး လှုပ်ရှားမှုအမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့ပြီး၊ တော်လှန်ရေးသမားများမှသည် ပြောင်းလဲတိုးတက်ရေးသမားများအထိ အမျိုးမျိုးသော ဆိုရှယ်လစ်ဝါဒပုံစံများကို ဖြစ်ပေါ်စေခဲ့သည်။

ထင်ရှားသော မာ့က်စ်ဝါဒီ ပညာရှင်တစ်ဦးဖြစ်သူ ဂျော့ဂျ် ဆိုရယ်လ် (Georges Sorel) သည် အဓိကလမ်းကြောင်းနှစ်ခုကြောင့် မာ့က်စ်ဝါဒ၏ “အကျပ်အတည်း” သို့မဟုတ် “ပျက်စီးယိုယွင်းမှု” ကို ဖော်ထုတ်ခဲ့သည်။ မာ့က်စ်ဝါဒ၏ အဓိကလမ်းကြောင်းနှစ်ခုတို့မှာ မူရင်းမာ့က်စ်ဝါဒ (တော်လှန်ရေး လူမှုဒီမိုကရေစီ) နှင့် ပြန်လည်ပြင်ဆင်ရေး မာ့က်စ်ဝါဒ (ပြုပြင်ပြောင်းလဲရေး လူမှုဒီမိုကရေစီ) တို့ဖြစ်သည်။ ဆိုရယ်လ်အတွက်မူ ထိုအချိန်က မာ့က်စ်ဝါဒရှိ လွှမ်းမိုးနေသော လမ်းကြောင်းနှစ်ခုစလုံးသည် မာ့က်စ်ဝါဒ၏ တော်လှန်ရေး ရည်ရွယ်ချက်ဖြစ်သော လုပ်သားထုအာဏာရှင်စနစ်ကို လုံးဝ ဖယ်ရှားပစ်ကာ သာမန်ဓနရှင်လူတန်းစား(Bourgeois) ၏ နိုင်ငံရေးအစီအစဉ်အဖြစ်သို့ ပြောင်းလဲပစ်လိုက်ပြီဟု စောဒကတက်ခဲ့သည်။ ထိုခေတ် မာ့က်စ်ဝါဒ၏ လမ်းကြောင်းနှစ်ခုစလုံးသည် အခြေခံကျသော အပြောင်းအလဲကို လိုက်စားခြင်းမရှိဘဲ၊ လက်ရှိအရင်းရှင်များ၏နေရာကို ဆိုရှယ်လစ် နိုင်ငံရေးသမားနှင့် ပညာတတ်ဓနရှင်ပေါက်စ လူတန်းစားသစ်ကို အုပ်ချုပ်ရေးမှူးများအဖြစ် ရိုးရှင်းစွာ အစားထိုးကာ တင်မြှောက်ရန်သာ ရည်ရွယ်သည်ဟု သူက ယုံကြည်ခဲ့သည်။

မာ့က်စ်ဝါဒ၏ တော်လှန်ရေးစိတ်ဓာတ်ကို ထိန်းသိမ်းထားရန် ဂျော့ဂျ် ဆိုရယ်လ်သည် တော်လှန်ရေး အလုပ်သမားသမဂ္ဂစနစ် (Revolutionary Syndicalism) ကို အဆိုပြုခဲ့သည်။ ယင်းသည် လုပ်သားထု (proletariat) ၏ တော်လှန်ရေး စိတ်ဓါတ် ပြန်လည်ထူထောင်ရေးကို အောင်မြင်ရန်အတွက် လူမှုဒီမိုကရေစီ၏ ပါလီမန်နိုင်ငံရေးအား ဖယ်ကျဥ်ခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အလုပ်သမားသမဂ္ဂများ (syndicates) ဦးဆောင်သော အထွေထွေသပိတ်တိုက်ပွဲ (General Strike) ကိုသာ လုပ်သားထုအာဏာရှင်စနစ်ဆီ သွားရာလမ်းအဖြစ် သတ်မှတ်ကာ၊ ထိုသွားရာလမ်းအပေါ်ရောက်ရန်မှာလည်း လုပ်သားထုအား ဆင်ခြင်တုံတရားကင်းသော ပုံရိပ် (ဒဏ္ဍာရီ) တစ်ခုက မောင်းနှင်ရသည့် တိုက်ရိုက်လှုပ်ရှားမှု (Direct Action) တို့ကသာ လုပ်နိုင်မည်ဟု ဆိုခဲ့သည်။

သို့သော်လည်း တော်လှန်ရေး အလုပ်သမားသမဂ္ဂစနစ်သည် အလုပ်သမားလူတန်းစားနှင့် အဆက်အသွယ်မရရှိသေးဟု ယုံကြည်လာသောအခါ သူသည် “မာ့က်စ်ဝါဒ၏ အကျပ်အတည်း” ကို ဖြေရှင်းရန် နောက်ထပ် ကြိုးပမ်းမှုတစ်ခု ပြုလုပ်ခဲ့သည်။ ဤကြိုးပမ်းမှုသည် Cercle Proudhon မည်သော အဖွဲ့ကို တည်ထောင်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ဤအဖွဲ့သည် မာ့က်စ်ဝါဒီများ (ဆိုရယ်လ်ကဲ့သို့)၊ အလုပ်သမားသမဂ္ဂဝါဒီများ (အက်ဒ်ဝက် ဘာ့သ် ကဲ့သို့)၊ အာနာခို-အလုပ်သမားသမဂ္ဂဝါဒီများ (ဂျော့ဂျ် ဗာလွိုက် ကဲ့သို့)၊ ဘုရင်စနစ်လိုလားသူများ (ဟင်နရီ လာဂရန်းဂျ် ကဲ့သို့) နှင့် အမျိုးသားရေးသမားများ (ချားလ်စ် မော်ရပ်စ် ကဲ့သို့) အပါအဝင် နိုင်ငံရေးရောင်စဉ်တစ်လျှောက်မှ ပုဂ္ဂိုလ်များကို စုစည်းထားသော ထူးခြားသည့် နိုင်ငံရေးအဖွဲ့ဖြစ်သည်။

ဤပေါင်းစပ်ထားသော ဖက်ဆစ်ဝါဒရှေ့ပြေး လှုပ်ရှားမှုသည် “တော်လှန်ရေး အလုပ်သမားသမဂ္ဂစနစ် သို့မဟုတ် ဆိုရယ်လ်၏ မာ့က်စ်ဝါဒ” ကို အမျိုးသားရေးဝါဒနှင့် ရောစပ်ကာ “အမျိုးသား အလုပ်သမားသမဂ္ဂစနစ် (National Syndicalism)” တစ်ခုကို ဖန်တီးစေခဲ့ပြီး၊ လူထုပရိသတ်ကို “အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တော်လှန်‌ရေး” အိပ်မက်မှသည် “တစ်ပြည်ထောင် ဆိုရှယ်လစ်နိုင်ငံတော်” အိပ်မက်ဆီသို့ ဆွဲဆောင်ခဲ့သည်။

မူဆိုလီနီသည် မူလက အီတလီဆိုရှယ်လစ်ပါတီ၏ အမျိုးသားညွှန်ကြားရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး “အဗန်တီ (Avanti!)” ဆိုရှယ်လစ်သတင်းစာကို တာဝန်ယူခဲ့သူဖြစ်သည်။ မူရင်းမာ့က်စ်ဝါဒအပေါ် စိတ်ပျက်အားလျော့လာပြီးနောက် မူဆိုလီနီသည် ပြန်လည်ပြင်ဆင်ရေး မာ့က်စ်ဝါဒီအတွေးအခေါ်ဖြစ်သည့် ဂျော့ဂျ် ဆိုရယ်လ်၏ “တော်လှန်ရေး အလုပ်သမားသမဂ္ဂစနစ်” ၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်။

ထို့အပြင် ၁၉၀၉ ခုနှစ်တွင် ထရန်တီနို (Trentino) ဒေသ၌ ဆိုရှယ်လစ်နိုင်ငံရေးများလုပ်နေစဥ် တွေ့ရှိလာရသော သူ၏လေ့လာတွေ့ရှိချက်များကြောင့် မူဆိုလီနီ၏ နိုင်ငံတကာဝါဒဆိုင်ရာ ခံယူချက်များမှာ ပို၍ပင် ပျက်ပြားလာခဲ့သည်။ ထိုဒေသတွင် သြစတြီးယား ဆိုရှယ်လစ်များသည် နိုင်ငံတကာဝါဒထက် အမျိုးသားအမှတ်လက္ခဏာကို ဦးစားပေးပြီး၊ အီတလီအလုပ်သမားများနှင့် အီတလီဆိုရှယ်လစ်များကို အရေးမပေးသော သြစတြီးယား “လူမျိုးရေး ဆိုရှယ်လစ်ဝါဒ” ကို မြှင့်တင်နေသည်ကို သူ မြင်တွေ့ခဲ့ရသည်။ ပထမကမ္ဘာစစ် ဖြစ်ပွားလာသောအခါ ဥရောပရှိ ဆိုရှယ်လစ်ပါတီများသည် နိုင်ငံတကာဝါဒကို စွန့်လွှတ်ကာ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ စစ်ပွဲကြိုးပမ်းအားထုတ်မှုများကို ထောက်ခံခဲ့ကြသည့်အတွက် သူ၏ သံသယများမှာ ပိုမိုခိုင်မာသွားခဲ့သည်။

ဤသို့ဖြင့် သူသည် “အမျိုးသား အလုပ်သမားသမဂ္ဂစနစ်”ကို လက်ခံကျင့်သုံးခဲ့သည်။ သူ၏ Opera Omnia စာအုပ်တွင် “ကျွန်တော်တို့ ဆိုရှယ်လစ်တွေဟာ နိုင်ငံတွေရဲ့ ပြဿနာတွေကို ဘယ်တုန်းကမှ စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ပါဘူး။ “ကွန်မြူနစ် အင်တာနေရှင်နယ် အဖွဲ့ချုပ်” က ဒါကို ဘယ်တုန်းကမှ ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့ပါဘူး။ “ကွန်မြူနစ် အင်တာနေရှင်နယ် အဖွဲ့ချုပ်” ဆိုတာ ဖြစ်ရပ်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ သေဆုံးသွားခဲ့ပါပြီ။ နိုင်ငံဆိုတာ လူသားတိုးတက်မှုရဲ့ အဆင့်တစ်ခုဖြစ်ပြီး၊ ခုချိန်ထိ ကျော်လွန်လို့ မရသေးပါဘူး။ အမျိုးသားစိတ်ဓာတ်ဆိုတာ ရှိနေပြီး ဒါကို ငြင်းလို့မရပါဘူး” ဟူ၍ စောဒကတက်ခဲ့သည်။

ထို့ကြောင့် ဖက်ဆစ်ဝါဒသည် နိုင်ငံတကာလုပ်သားထုညီညွတ်မှုထက် အမျိုးသားရေးကို ဦးစားပေးခြင်းဖြင့် လူထုပရိသတ်ကို ဆွဲဆောင်ရန် ကြိုးပမ်းသည့် ဆိုရှယ်လစ်နှင့် အမျိုးသားရေးဝါဒဆိုင်ရာ အတွေးအမြင်များ ပေါင်းစပ်မှုမှ ပေါ်ထွက်လာခဲ့သည်ဟူ ယထာဘူတကျကျ သုံးသပ်နိုင်မည်။ ဤပြောင်းလဲမှုသည် နိုင်ငံကို အားနည်းစေမည့် လူတန်းစားတိုက်ပွဲများကို အားပေးခြင်းထက် အနောက်တိုင်း အင်ပါယာနယ်ချဲ့ဝါဒကို တွန်းလှန်နိုင်သော ခိုင်မာသည့်နိုင်ငံတော်တည်ဆောက်ရန် မတူညီသော လူတန်းစားများကို စုစည်းရန် ရည်ရွယ်သည့် မူဆိုလီနီ၏ နိုင်ငံတော် ကော်ပိုရိတ်စနစ် (State Corporatism) ကို သီအိုရီတစ်ခုအဖြစ် တီထွင်စေခဲ့သည်။

ဤအချက်တွင် မူဆိုလီနီ၏ “နိုင်ငံတော် ကော်ပိုရိတ်စနစ်” သည် မော်စီတုန်း (Mao Zedong) ၏ ဒီမိုကရေစီသစ် သီအိုရီ (New Democracy theory) နှင့် အမှန်တကယ် ဆင်တူပါသည်။ မော်၏ သီအိုရီအရ “နိုင်ငံတော်” က အနောက်တိုင်း နယ်ချဲ့ဝါဒကို ဆန့်ကျင်နိုင်ရန် နိုင်ငံတော် တိုးတက်ပြန့်ပွားရေးအတွက် “အမျိုးသား(ရေး) လူတန်းစား လေးလွှာ” ပူးပေါင်းဆောင်ရွက်ရေးကို တောင်းဆိုခဲ့သည်။

လူတန်းစားတိုက်ပွဲကို လျစ်လျူရှုကာ၊ နယ်ချဲ့ဆန့်ကျင်ရေးအမည်ခံပြီး အမျိုးသားရေး လူတန်းစားပူးပေါင်းဆောင်ရွက်ခြင်း၏ အလားတူ လက်တွေ့အခြေအနေများကို တရုတ်၊ ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ကဲ့သို့သော “လက်ရှိ တည်ရှိနေသော ဆိုရှယ်လစ်နိုင်ငံများ” ဟု အများခေါ်သည့် တစ်ပါတီအာဏာရှင်ဆိုရှယ်လစ်နိုင်ငံအသီးသီးတွင် တွေ့မြင်နိုင်သည်။

ဂျပန်ဖက်ဆစ်ဝါဒ- စစ်မှန်သော ဆိုရှယ်လစ်ဝါဒ

ဂျပန်အင်ပါယာ၏ ဖက်ဆစ်အတွေးအခေါ်သည် “ဂျပန်ဖက်ဆစ်ဝါဒ၏ ဖခင်” ဟု မကြာခဏဆိုကြသော အီကီကီတာ (Ikki Kita) ၏ အတွေးအမြင်များအပေါ်တွင် အမြစ်တွယ်နေပါသည်။ ကီတာသည် သူ၏ “စစ်မှန်သော ဆိုရှယ်လစ်ဝါဒ” ဟု အမည်ပေးထားသော ဖက်ဆစ်အတွေးအခေါ်ကို ဆိုရှယ်လစ်ဝါဒ၊ အမျိုးသားရေးဝါဒ၊ ဗုဒ္ဓဘာသာ၊ ရှင်တိုဘာသာ နှင့် စစ်အုပ်ချုပ်ရေးဝါဒတို့ ပေါင်းစပ်ပြီး ဖော်ထုတ်ခဲ့ပါသည်။

သူသည် အနောက်တိုင်း နယ်ချဲ့ဝါဒနှင့် ကိုလိုနီစနစ်တို့ကို ဆန့်ကျင်သော ကမ္ဘာလုံးဆိုင်ရာ တော်လှန်ရေးကို ဂျပန်နိုင်ငံ ကိုလိုနီကျွန်အပြုခံနေရပါသော “အလုပ်သမားလူတန်းစား နိုင်ငံများ၏ တပ်ဦး” အနေဖြင့် ဦးဆောင်ရမည်ဟုဆိုသည်။ ထိုသို့ ဦးဆောင်ရန်လည်း အင်အားကြီးမားပြီး၊ တရားမျှတကာ၊ အရင်းရှင်ဆန့်ကျင်ရေး လမ်းစဉ်ကျင့်သုံးသော “ပြောင်းလဲထားသည့် ဂျပန်နိုင်ငံတော်” ကို လိုလားခဲ့သည်။ ဤရည်မှန်းချက်ကို နောက်ပိုင်းတွင် ဂျပန်အင်ပါယာမှ လက်ခံကျင့်သုံးခဲ့ပြီး၊ ဂျပန်ဖက်ဆစ်ဝါဒ၏ အဓိကအနှစ်သာရကို ဖြစ်ပေါ်စေခဲ့သည်။ ဤအတွေးအခေါ်သည် များစွာသောဂျပန်ပြည်သူတို့ကို စေ့ဆော်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ကီတာကိုယ်တိုင်ပင် သေဒဏ်ပေးခံခဲ့ရပါသည်။

ဤလွှမ်းမိုးမှုသည် ကိုလိုနီနယ်ချဲ့လက်အောက်ခံ အရှေ့တောင်အာရှသို့ပါ ပျံ့နှံ့သွားခဲ့သည်။ ငယ်စဉ်ကတည်းက ကွန်မြူနစ်နှင့် ဆိုရှယ်လစ်အတွေးအခေါ်များကို စိတ်ဝင်စားခဲ့ကြသူများဖြစ်သည့် ဆူဘက်စ် ချန်ဒရာ ဘို့စ် (Subhas Chandra Bose) နှင့် ဗိုလ်ချုပ်အောင်ဆန်း နှစ်ဦးစလုံးသည် မိမိတို့၏ နိုင်ငံများကို ဗြိတိသျှကိုလိုနီစနစ်မှ လွတ်မြောက်စေရန် ဂျပန်အင်ပါယာ၏ စစ်ရေးအကူအညီကို (မူလတွင် ကွန်မြူနစ်နိုင်ငံများမှ အကူအညီကို လိုချင်ခဲ့သော်လည်း) တောင်းခံခဲ့ကြသည်။ ဘို့စ်သည် အိန္ဒိယ လွတ်လပ်ရေးတပ်မတော် (IIA) ကို တည်ထောင်ခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို တည်ထောင်ခဲ့သည်။ ဂျပန်အင်ပါယာတပ်တော်၏ လေ့ကျင့်ပေးမှုအောက်တွင် ရှိခဲ့ကြသောကြောင့် ၎င်းတို့သည် ဤပေါင်းစပ်သမူဟပြုသော ဖက်ဆစ်အတွေးအခေါ်များအခံကို ထိတွေ့သိရှိကာ လွှမ်းမိုးခံခဲ့ရဖွယ် ရှိပါသည်။ ဥပမာအားဖြင့်၊ ဘို့စ်သည် သူ၏ နိုင်ငံရေးအတွေးအခေါ်အဖြစ် အမျိုးသားဆိုရှယ်လစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒတို့ကို ပေါင်းစပ်ရန်ပင် ကြိုးစားခဲ့ဖူးသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နောက်ကွယ်မှ အတွေးအခေါ်သမူဟပေါင်းစပ်မှု (Syncretism)

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ အဖွဲ့ဝင်ဟောင်းဖြစ်သူ (ဦးသိန်းဖေမြင့်၏ ပြန်လမ်းမရှိသော ဦးနုစာအုပ်အား ကိုးကား) ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော်သည် နိုင်ငံကို အုပ်ချုပ်ရန်အတွက် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဥ်” ဟူသော အတွေးအခေါ်အသစ်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို ထူထောင်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူး သခင်ဖေမြင့် အပါအဝင် ကွန်မြူနစ်ပါတီဝင်အများအပြားသည် နေဝင်းအစိုးရအား မာ့က်စ်-လီနင်ဝါဒီ အစိုးရအဖြစ် ကြိုဆိုခဲ့ကြသည်။ (သို့သော် ဗမာပြည် ကွန်မြူနစ်ပါတီတစ်ခုလုံးအနေဖြင့်မူ နေဝင်းအစိုးရကို မာ့က်စ်-လီနင်ဝါဒီ အစိုးရအဖြစ်လည်း လက်မခံသလို တရားမဝင်သော အစိုးရအဖြစ် သတ်မှတ်ခဲ့သည်)

ကွန်မြူနစ်ပါတီက မဆလအစိုးရအား အလုပ်သမားလူတန်းစား၏ ရှေ့ဆောင်ပါတီအဖြစ် အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီး၊ မဆလသည် ၎င်းတို့၏ ရည်မှန်းချက်ကို ရှေ့တိုးဆောင်ရွက်ရန် အာဏာသိမ်းယူခဲ့ခြင်းဖြစ်ရာ ဗကပ ၏ ရည်မှန်းချက်နှင့် ဆန့်ကျင်ကြောင်း စောဒကတက်ခဲ့သည်။ သို့သော်လည်း မဆလ၏ လမ်းညွှန်သဘောတရားဖြစ်သော “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” သည် မာ့က်စ်-လီနင်ဝါဒနှင့် ဆက်စပ်သော အင်္ဂါရပ်များနှင့် မူဝါဒများစွာကို ပေါင်းစပ်ထည့်သွင်းထားသည်မှာ အမှန်ပင်ဖြစ်သည်။ ရလဒ်အနေဖြင့် ဗမာ့အလုပ်သမားပါတီ (အခြားသော မာ့က်စ်-လီနင်ဝါဒီပါတီတစ်ခု) ကို ပူးတွဲတည်ထောင်သူဖြစ်သူ သခင်ချစ်မောင် အပါအဝင် ၎င်းဗမာ့အလုပ်သမားပါတီ၏ ပါတီဝင်အများအပြားသည် မဆလအစိုးရအား ကြိုဆိုခဲ့ကြသလို တချို့မှာ ပူးပင်ပူးပေါင်းခဲ့ကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အရန်အဖွဲ့ဝင်ဖြစ်သူ သခင်တင်မြ သည်ပင်လျှင် ဤလမ်းစဉ်၏ ဗိသုကာဖြစ်သူ ဦးချစ်လှိုင် နှင့်အတူ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ အတွေးအခေါ်ကို တီထွင်ရာတွင် မဆလ အစိုးရအား ကူညီပေးခဲ့သည်။

ဦးချစ်လှိုင်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာပြည်ကွန်မြူနစ်ပါတီ(အလံနီ) နှင့် ဗမာ့ဆိုရှယ်လစ်ပါတီ ဟူ၍ ပါတီသုံးခုတွင် အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသူဖြစ်သည်။ သူသည် ကားလ်မာ့က်စ် (Karl Marx) နှင့် မော်စီတုန်း (Mao Zedong) တို့၏ လက်ရာများကို ဘာသာပြန်ဆိုပြီး အနက်ဖွင့်ဆိုခဲ့သော ပြည်သူ့စာပေတိုက်ကိုလည်း တည်ထောင်ခဲ့သူဖြစ်သည်။

ချစ်လှိုင်၏ ဉာဏ်ပညာခရီးစဉ်သည် ပြည်ပတွင် သူ၏ အတွေ့အကြုံများကြောင့် ပုံဖော်ခဲ့ခြင်းဖြစ်သည်။ CPB ၏ စတာလင်ဝါဒ (Stalinism) ဆိုင်ရာ တရားဝင် လမ်းစဉ်နှင့် သဘောထားကွဲလွဲမှုများကြောင့် ဆိုဗီယက်ယူနီယံတွင် ပညာသင်ခွင့် ငြင်းပယ်ခံခဲ့ရပြီးနောက် သူသည် ပဲရစ်မြို့သို့ သွားခဲ့ရသည်။ ထိုတွင် ၁၉၅၁ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ စတာလင်ကို စိန်ခေါ်ခဲ့သော်လည်း အနောက်တိုင်းအုပ်စုနှင့် ပူးပေါင်းခြင်းမရှိသည့် ယူဂိုဆလားဗီးယားမှ မာရှယ် တီးတိုး (Marshal Tito) ၏ မာ့က်စ်-လီနင်ဝါဒကဲ့သို့သော ပြန်လည်ပြင်ဆင်ရေး မာ့က်စ်-လီနင်ဝါဒ အတွေးအခေါ်အသစ်များနှင့် ထိတွေ့ခဲ့ရသည်။ ဤ သင်းကွဲ မဲပြာပုဆိုးကွန်မြူနစ် မဟုတ်သော ဘက်မလိုက်လှုပ်ရှားမှု ပေါ်ပေါက်လာခြင်းသည် ချစ်လှိုင်အပေါ် နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးခဲ့သည်။

၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ ချစ်လှိုင်သည် တပ်မတော်ထုတ် မြဝတီ မဂ္ဂဇင်းအတွက် စတင်ရေးသားခဲ့သည်။ သူ၏ ဆောင်းပါးများတွင် စတာလင်ဝါဒကို ဝေဖန်ခဲ့ပြီး “နာမ်ဝါဒနှင့် ရုပ်ဝါဒ သမူဟပြုခြင်း” ၏ အတွေးအခေါ်ဆိုင်ရာ မူဘောင်ကို တီထွင်ခဲ့သည်။ ဤအတွေးအခေါ်အသစ်သည် မာ့က်စ်ဝါဒီ ရုပ်ဝါဒ (Materialism) ကို ဗုဒ္ဓဘာသာ၏ အခြေခံမူများနှင့် ပေါင်းစပ်ရန် ကြိုးပမ်းခဲ့သည်။ ၎င်းသည် မာ့က်စ်ဝါဒီနှင့် ဆိုရှယ်လစ်အတွေးအခေါ်များကို မိတ်ဆက်ပေးကာ ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုရန်အတွက် ရိုးရာပါဠိဝေါဟာရများကို အသုံးပြုခြင်းဖြင့် ဤဆက်စပ်မှုကို ပိုမိုခိုင်မာစေခဲ့သည်။ အမှန်စင်စစ်၊ ချစ်လှိုင်၏ ပေါင်းစပ်အတွေးအခေါ်သည် ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားတန်ဖိုးများနှင့် မြန်မာဗုဒ္ဓဘာသာဝင်တို့ လက်ခံနိုင်သော အနာဂတ် ဆိုရှယ်လစ်နိုင်ငံတော်အတွက် အတွေးအခေါ်ဆိုင်ရာ အခြေခံအုတ်မြစ်ကို ချရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ချစ်လှိုင်သည် အရင်းရှင်ဆန့်ကျင်ရေး၊ ဘော်ရှီဗစ်ပုံစံ တပ်ဦးပါတီ၊ တစ်ပါတီအာဏာရှင်စနစ်နှင့် ဆိုရှယ်လစ်နိုင်ငံတော်ထူထောင်ခြင်း ကဲ့သို့သော မာ့က်စ်-လီနင်ဝါဒီ သဘောတရားများကို အသုံးပြုခဲ့သော်ငြားလည်း ၎င်းတွင် အမျိုးသားရေးဝါဒအခံနှင့် ရှေးရိုးစွဲဝါဒအထိုင်တို့ ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ “တတိယလမ်းစဥ် ဖြစ်သော နိုင်ငံတော် ကော်ပိုရိတ်စနစ်” နှင့် “မော်စီတုန်း၏ ဒီမိုကရေစီသစ်” ကဲ့သို့ပင် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” သည် မိမိကိုယ်ကို ဖိနှိပ်ခံနေရသော နိုင်ငံတစ်နိုင်ငံအဖြစ် ယူဆကာ “နယ်ချဲ့ဆန့်ကျင်ရေး” အမည်ဖြင့် (အမျိုးသားဓနရှင်၊ အမျိုးသားဓနရှင်ပေါက်စ၊ အမျိုးသားလုပ်သားထုနှင့် အမျိုးသား တောင်သူလယ်သမား) လူတန်းစားပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတည်ဆောက်ရေးကို အာရုံစိုက်ခဲ့ပြီး၊ နိုင်ငံပိုင်သိမ်းခြင်းမှတစ်ဆင့် နိုင်ငံတော်ထိန်းချုပ်ထားသော စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ခဲ့သည်။ ထို့အပြင် အမျိုးသားရေးဘော်ရှီဗစ်များ (National Bolsheviks) နှင့် ဆင်တူစွာ နိုင်ငံခြားသားများနှင့် ပြည်ပဓနရှင်လူတန်းစား (အထူးသဖြင့် အိန္ဒိယနှင့် တရုတ်လူမျိုးများ) ဟု ၎င်းက ယူဆသောသူများအပေါ် “အစွန်းရောက် အမျိုးသားရေး” သဘောထားဖြင့် ဖယ်ထုတ်သည့် နိုင်ငံရေးကို ကျင့်သုံးခဲ့သည်။

မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် ဦးချစ်လှိုင်ကို အီတလီဖက်ဆစ်ဝါဒ၏ အတွေးအခေါ်ပညာရှင် ဂျီယိုဗန်နီ ဂျန်တိုင်းလ် (Giovanni Gentile) နှင့် ထပ်တူပြုနိုင်မည်ဖြစ်ပြီး အစိုးရ၏ အတွေးအခေါ်ဆိုင်ရာ ဗိသုကာအဖြစ် ရှုမြင်နိုင်မည်ဖြစ်သည်။ နေဝင်းကမူ မူဆိုလီနီကဲ့သို့ပင် ထိုအတွေးအခေါ်ကို လက်တွေ့အကောင်အထည်ဖော်ပြီး နိုင်ငံရေးခေါင်းဆောင်အဖြစ် ကိုယ်စားပြုနိုင်မည်။

ဤသို့ဖြင့် မြန်မာနိုင်ငံ၏ မူလစစ်အာဏာရှင်စနစ်သည် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” အောက်တွင် အမျိုးသားရေးဝါဒကို ဆိုရှယ်လစ်ဝါဒနှင့် ပေါင်းစပ်ခြင်းဖြင့် “နိုင်ငံတစ်ခုတည်းတွင် ဆိုရှယ်လစ်စနစ်တည်ထောင်မှုပုံစံ” နှင့် “အမျိုးသား ဘော်ရှီဗစ်ဝါဒ” နှင့် ဆင်တူသော ဆိုရှယ်လစ်ဝါဒပုံစံကို လက်ခံကျင့်သုံးခဲ့သည်။ ဤနိုင်ငံရေးစနစ်တွင် တစ်ခုတည်းသော တရားဝင်ပါတီဖြစ်သည့် မဆလ တပ်ဦးပါတီသည် ထုတ်လုပ်မှုနည်းလမ်းများကို ထိန်းချုပ်ကာ သာမာန်အရပ်သားလူတန်းစားကို အစားထိုးရန်အတွက် နိုင်ငံတော်ကို အသုံးပြုခဲ့ပြီး၊ ပိုလျှံတန်ဖိုး (surplus value) ကို (အရင်းရှင်လူတန်းစား မရှိတော့သောကြောင့်) ထိရောက်စွာ သိမ်းယူခဲ့သည်။ ၎င်း၏ ထိန်းချုပ်မှုကို ထိန်းသိမ်းထားရန် ပါတီက အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများကို တရားမဝင်ကြောင်း ကြေညာခဲ့ပြီး၊ ကွဲလွဲမှုတိုင်းကို “ဆိုရှယ်လစ်နိုင်ငံတော်” အပေါ် “တော်လှန်ရေးဆန့်ကျင်သူ” အဖြစ် တံဆိပ်ကပ်ကာ နှိမ်နင်းခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP) နောက်ပိုင်း စစ်အစိုးရများနှင့် ၎င်းတို့၏ နီယိုဖက်ဆစ်ဝါဒ

သို့သော် ၁၉၈၈ ခုနှစ်တွင် မြန်မာ့တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို ဖျက်သိမ်းကာ၊ နောင်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု အမည်ပြောင်းလဲခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းခဲ့သည်။ ဤအစိုးရသည် ဆိုရှယ်လစ်ဝါဒကို စွန့်လွှတ်ပြီး ၂၀၁၀ ပြည့်နှစ်အထိ လက်တွေ့ကျသော အာဏာရှင်နိုင်ငံတော်အဖြစ် အုပ်ချုပ်ခဲ့သည်။

SLORC/SPDC တွင် ရှင်းလင်းသော အတွေးအခေါ်တစ်ခု မရှိသော်လည်း ၎င်း၏ အမြင့်ဆုံးခေါင်းဆောင် သန်းရွှေသည် BSPP ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ဆိုဗီယက်ယူနီယံရှိ ဖရွန်ဇေး စစ်တက္ကသိုလ် (Frunze Military Academy) တွင် စစ်ဦးစီးတက္ကသိုလ် သင်တန်းကို အောင်မြင်စွာ ပြီးဆုံးခဲ့သူဖြစ်သည်။ ထို့အပြင် ဆိုဗီယက်ယူနီယံရှိ ကေဂျီဘီ (KGB) မှ အထူးစစ်အရာရှိ လေ့ကျင့်ရေးကိုလည်း ရယူခဲ့သည်။ ဤ SLORC/SPDC အစိုးရသည် စတာလင်ဝါဒီ ဆန့်ကျင်ရေး-ဖက်ဒရယ် ရှုထောင့်များနှင့် ပဲ့တင်ထပ်နေသော်လည်း ထင်ရှားသော အတွေးအခေါ်ကို ကိုင်စွဲထားခြင်းမရှိဘဲ၊ တိုင်းရင်းသားမဟုတ်သော လူမျိုးများအပေါ် ဗမာလူမျိုးကြီးဝါဒ (Burmanization) မူဝါဒများကို အကောင်အထည်ဖော်ခြင်းဖြင့် ဆိုဗီယက်ယူနီယံ၏ ရုရှားလူမျိုးကြီးဝါဒ (Russification) ကို အတုယူခဲ့သည်။ ဤအစိုးရသည် အတင်းအဓမ္မ ယဉ်ကျေးမှု ဖိနှိပ်ပေါင်းစည်းရေး (ဗမာလူမျိုးကြီးဝါဒ) စစ်ဆင်ရေးကို ဆန့်ကျင်သော တိုင်းရင်းသားလူမျိုးများအပေါ် လူသတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ (စစ်ရေးနည်းဗျူဟာအဖြစ် အသုံးပြုခြင်း) နှင့် လူမျိုးတုံးသတ်ဖြတ်ရန် ကြိုးပမ်းခြင်း စသည့် ပြင်းထန်သော အကြမ်းဖက်မှုများကို (နိုင်ငံတော် ခွင့်ပြုချက်ဖြင့်) စနစ်တကျ အသုံးပြုခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲအတုအယောင်အပြီး၌ သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ဦးဆောင်သော စစ်တစ်ပိုင်းအစိုးရသည် လက်ယာစွန်း အမျိုးသားအမှတ်လက္ခဏာ နီယိုဖက်ဆစ်ဝါဒအဖြစ် အကောင်းဆုံး ဖော်ပြနိုင်သော အတွေးအခေါ်ကို လက်ခံကျင့်သုံးခဲ့သည်။ ဤလမ်းစဉ်အသစ်သည် အမျိုးသားရေးအစွန်းရောက်ဝါဒ (ultranationalism) နှင့် ဗုဒ္ဓဘာသာ အမှတ်လက္ခဏာကို ဗဟိုပြုခဲ့ပြီး ဗုဒ္ဓဘာသာဝင်မဟုတ်သူများ (အထူးသဖြင့် ရိုဟင်ဂျာနှင့် ဘင်္ဂါလီ မူဆလင်များ)ကို ပစ်မှတ်ထားခဲ့သည်။ ဤအတွေးအခေါ်ဆိုင်ရာ အပြောင်းအလဲကြောင့် စစ်တပ်ကို ဆန့်ကျင်သော ဗုဒ္ဓဘာသာ အမျိုးသားရေးသမား အများအပြားသည် အစိုးရနှင့် ပူးပေါင်းခဲ့ကြသည်။ ဤအမျိုးသားစွန်းဝါဒ လှိုင်းလုံးသည် ချက်ချင်းဆိုသလို ဘင်္ဂါလီနှင့် ရိုဟင်ဂျာအုပ်စုများ နှစ်ခုစလုံးအပေါ် နိုင်ငံခြားသားမုန်းတီးရေး မူဝါဒများနှင့် လူမျိုးတုံးသတ်ဖြတ်ရန် ကြိုးပမ်းမှုများကို လှုံ့ဆော်ပေးခဲ့သည်။ ထို့အပြင် ၎င်းသည် ဗမာလူမျိုးကြီးဝါဒ၏ လုပ်ငန်းစဉ်များကို ကာကွယ်ခြင်းအား ခိုင်မာစေခဲ့ပြီး ဖက်ဒရယ်စနစ်အတွက် တွန်းအားပေးမှုမှန်သမျှကို တိုင်းရင်းသားခွဲထွက်ရေး ကြိုးပမ်းမှုအဖြစ် ပုံဖော်ကာ ဖက်ဒရယ်ဆန့်ကျင်ရေး (စတာလင်ဝါဒမှ အခြေပြုသည့်) ရပ်တည်ချက်များကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်ကောင်စီသည် တစ်ပြည်ထောင်စနစ်ကို လိုက်စားခြင်းနှင့် မဆလ ခေတ်က အသုံးပြုခဲ့သော နိုင်ငံတော် သမဝါယမ စီးပွားရေးစနစ်ကို ပြန်လည်အသက်သွင်းခြင်းဖြင့် နီယိုလီဘရယ်ဝါဒကို ပယ်ချရန် ရည်ရွယ်ကြောင်း ဆိုခဲ့သည်။ စစ်ကောင်စီသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်သည့် စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နေပြီး၊ ဖက်ဒရယ်စနစ်ကို ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည့် ပုံစံဖြင့် ခွဲထွက်ရေးဝါဒနှင့် တူညီသည်ဟု သတ်မှတ်ကာ ၎င်း၏ “နိုင်ငံတော်” အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆန့်ကျင်သော အရပ်သားအားလုံးအပေါ် စစ်ရာဇ၀တ်မှုများကို ကျူးလွန်နေပါသည်။

အနှစ်ချုပ်

BSPP အစိုးရသည် ဘော်ရှီဗစ်ဝါဒနှင့် အမျိုးသားရေးဝါဒကဲ့သို့သော ဆန့်ကျင်ဘက် အတွေးအခေါ်များနှင့် အနုပဋိလောမ ရုပ်ဝါဒ နှင့် ပကတိ နာမ်ဝါဒတို့ သမူဟပြုထားသည့် အတွေးအခေါ် ပေါင်းစပ်ဝါဒ (syncretism) ကို ကျင့်သုံးခဲ့သည်။ ဒုတိယမျိုးဆက် စစ်အစိုးရသည် တိကျသော တရားဝင်နိုင်ငံရေး အိုင်ဒီယိုလော်ဂျီတို့ကို လိုက်နာခြင်းမရှိသော်လည်း၊ ၎င်းသည် အမျိုးသားစွန်းဝါဒီ၊ ဖက်ဒရယ်ဆန့်ကျင်ရေး၊ အထီးကျန်နေထိုင်ရေးဝါဒီနှင့် အကြွင်းမဲ့ အာဏာရှင်ဆန်သော မူဝါဒများကို အကောင်အထည်ဖော်ခဲ့သည်။ ၎င်း၏ ဗမာလူမျိုးကြီးဝါဒ အား အုပ်ချုပ်မှုပုံစံအဖြစ် အာရုံစိုက်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေးအပေါ် ရပ်တည်ချက်များ အပါအဝင်သည် စတာလင်ဝါဒနှင့် အမျိုးသား ဘော်ရှီဗစ်ဝါဒတို့တွင် တွေ့ရှိရသော အတွေးအမြင်များကို ထင်ဟပ်နေပါသည်။

ယနေ့ခေတ် အာဏာသိမိးစစ်အာဏာရှင်သည် ၎င်း၏ အာဏာကို ဆက်လက်ထိန်းသိမ်းထားရန် နည်းဗျူဟာအဖြစ် နီယိုဖက်ဆစ် အမျိုးသားအမှတ်လက္ခဏာဝါဒနှင့်အတူ ဤသမိုင်းဝင် အတွေးအခေါ်လမ်းကြောင်းများ နှစ်ခုစလုံးကို အသည်းအသန် လက်ခံကျင့်သုံးနေပါသည်။ မြန်မာနိုင်ငံရှိ စစ်အစိုးရအမျိုးမျိုးတို့သည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်ပုံ သဘာဝ၊ အခြေခံအတွေးအခေါ် သို့မဟုတ် ရှင်းလင်းစွာဖော်ပြထားသော အတွေးအခေါ်တို့မှတစ်ဆင့် ဖက်ဆစ်ဝါဒ၏ ကွာခြားသော ပုံစံတစ်ခုခုကို မတူညီသော အချိန်ကာလများတွင် မတူသော ဟန်ဖြင့် ကျင့်သုံးပြခဲ့ကြသည်။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

Anarchy and Democracy
Fighting Fascism
Markets Not Capitalism
The Anatomy of Escape
Organization Theory