မြန်မာ့ခရိုနီစနစ်၏ ဆိုရှယ်လစ်အခြေခံ အကြောင်းတရားများ – မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မှသည် ခရိုနီအရင်းရှင်စနစ်ဆီသို့

By Hein Htet Kyaw. Original article: Burmese Way to Crony Capitalism: The Socialist Roots of Burmese Cronyism, published on April 7, 2026. Burmese translation by Hein Htet Kyaw.

၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကို သမိုင်းတွင် အာဏာမက်မောသော ဗိုလ်ချုပ်တစ်ဦး၏ ရုတ်တရက် အာဏာလုယူမှုအဖြစ် မှတ်တမ်းတင်လေ့ရှိကြသော်လည်း၊ စစ်တပ်အနေဖြင့် ယနေ့တိုင် နိုင်ငံရေးမှ ထွက်ခွာရန် ငြင်းဆန်နေခြင်းနှင့် စစ်ဗျူရိုကရက်လူတန်းစားမှသည် အထက်တန်းလွှာ “ခရိုနီ” လူတန်းစားအဖြစ် ပြောင်းလဲလာခြင်းတို့မှာ ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက စတင်ခဲ့သော ၎င်းတို့၏ ဗျူရိုကရက်တစ်အာဏာနှင့် စီးပွားရေးအကျိုးအမြတ် ခုနစ်ဆယ်ကျော် သက်တမ်းရင့် အမြစ်တွယ်မှုများတွင် အခြေခံလျက်ရှိသည်။ လက်ရှိနိုင်ငံရေးအခြေအနေကို နားလည်သဘောပေါက်ရန်မှာ စစ်တပ်သည် လွန်ခဲ့သော နှစ်ပေါင်း ၇၀ အတွင်း နိုင်ငံ၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးယန္တရားဗဟိုချက်မတွင် မည်သို့ပုံစံဖြင့် အခိုင်အမာ ကိန်းဝပ်ခဲ့သည်ကို လေ့လာဆန်းစစ်ရန် လိုအပ်သည်။

လက်ဝဲညီညွတ်ရေးကောင်စီ

လွတ်လပ်ရေးရရှိပြီး လပိုင်းအကြာ ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် “လက်ဝဲညီညွတ်ရေးကောင်စီ” ကို ဖွဲ့စည်းခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ တစ်ပါတီအာဏာရှင်စနစ် တည်ထောင်လိုသော ဗမာပြည်ကွန်မြူနစ်ပါတီမှ မာ့က်စ်-လီနင်ဝါဒီများနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်သော ဗမာပြည်ဆိုရှယ်လစ်ပါတီမှ ဆိုရှယ်ဒီမိုကရက်များအကြား ရန်လိုသောဆက်ဆံရေးကို ညှိနှိုင်းရန်ဖြစ်သည်။

အဆိုပါကောင်စီတွင် စစ်ဘက်မှ လက်ဝဲသမားများ၊ ဆိုရှယ်လစ်ပါတီဝင်များ၊ ပြည်သူ့ရဲဘော်အဖွဲ့နှင့် လက်ဝဲအင်အားစုများ ပါဝင်ခဲ့ကြသည်။ ၁၉၅၈ နှင့် ၁၉၆၂ ခုနှစ်များတွင် အာဏာသိမ်းခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း ဦးနေဝင်း သည် လက်ဝဲညီညွတ်ရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး၊ ကွန်မြူနစ်ပါတီ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူး ဦးသိန်းဖေမြင့် က အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးသိန်းဖေမြင့်နှင့် အဖွဲ့ဝင်အချို့သည် ၁၉၄၈ ခုနှစ် ဩဂုတ်လတွင်ပင် ဦးနေဝင်းအား အာဏာသိမ်း၍ ဆိုရှယ်လစ်ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် တိုက်တွန်းခဲ့ကြသော်လည်း ထိုစဉ်က ဦးနေဝင်းက ငြင်းဆိုခဲ့သည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း (DSI)

၁၉၅၁ ခုနှစ်ဝန်းကျင်တွင် စစ်သည်များအတွက် အမြတ်မယူသော စစ်တပ်သုံး ကုန်စုံဆိုင်လုပ်ငန်းနှင့် စစ်တပ်၏ စိတ်ဓာတ်မြှင့်တင်ရေး “လူမှုဖူလုံရေး” လုပ်ငန်းများ ဆောင်ရွက်ရန်ဟူသော အကြောင်းပြချက်ဖြင့် DSI ပေါ်ပေါက်လာခဲ့သည်။ နောင်တွင် ၎င်းသည် စစ်ဗျူရိုကရက်တစ်စုမှ စီးပွားရေးကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်လာခဲ့သည်။ ဗိုလ်မှူးချုပ် အောင်ကြီး ၏ ဦးဆောင်မှုအောက်တွင် DSI သည် ပုဂ္ဂလိကကဏ္ဍသို့ သိသိသာသာ နယ်ချဲ့လာပြီး နိုင်ငံ၏ အင်အားအကောင်းဆုံး စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်လာခဲ့သည်။

DSI ၏ အလှည့်အပြောင်းမှာ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ဗိုလ်ချုပ်နေဝင်း တက်လာသော “အိမ်စောင့်အစိုးရ” လက်ထက်တွင် ဖြစ်ပေါ်ခဲ့သည်။ တစ်ချိန်က အာဏာသိမ်းရန် ငြင်းဆိုခဲ့သော ဗိုလ်ချုပ်နေဝင်းသည် DSI တည်ထောင်ပြီးနောက်ပိုင်းတွင် နိုင်ငံခေါင်းဆောင်ဖြစ်ရန် စိတ်အားထက်သန်လာခြင်းမှာ မှတ်သားဖွယ်ဖြစ်သည်။ ၁၉၅၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် DSI သည် ကုန်ထုတ်လုပ်မှု၊ ဘဏ်လုပ်ငန်း၊ သင်္ဘောလုပ်ငန်းနှင့် ဆောက်လုပ်ရေး စသည့် အဓိကလုပ်ငန်းကဏ္ဍများအထိ ကျယ်ပြန့်လာပြီး မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် စီးပွားရေးဝန်းကျင်ကို ထိန်းချုပ်လာနိုင်ခဲ့သည်။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်ပိုရေးရှင်း (BEDC)

၁၉၆၀ ရွေးကောက်ပွဲအပြီး ဦးနု အာဏာပြန်လည်ရရှိလာသောအခါ စစ်ဗျူရိုကရက်လူတန်းစား၏ စီးပွားရေးဩဇာကို ဟန့်တားရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် စစ်တပ်က DSI ကို ၁၉၆၁ ခုနှစ်တွင် BEDC အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဤလုပ်ရပ်မှာ စစ်တပ်၏ ပိုင်ဆိုင်မှုများကို ဥပဒေကြောင်းအရ အကာအကွယ်ယူရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

BEDC ၏ လုပ်ငန်းနယ်ပယ်မှာ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများမှသည် စာအုပ်ဆိုင်နှင့် အရက်ဆိုင်များအထိ ကျယ်ပြန့်ခဲ့သည်။ ဤလုပ်ငန်းများသည် ထိုစဉ်က အာဏာရှိသော “ဗမာပြည်ဆိုရှယ်လစ်ပါတီ” အတွင်းရှိ အင်အားစုများနှင့် ပူးပေါင်းမိသွားပြီး ကြီးမားသော ဗျူရိုကရက်ယန္တရားကြီး ဖြစ်လာခဲ့သည်။ နိုင်ငံကို ကာကွယ်ရမည့် စစ်တပ်သည် စီးပွားရေးကိုပါ လက်ဝါးကြီးအုပ်လာခဲ့သည်။ BEDC မှ အရာရှိများသည် စစ်ရေးအပြင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင်ပါ “အားလုံးသိ၊ အားလုံးတတ်” ပုဂ္ဂိုလ်များအဖြစ် ဝင်ရောက်စွက်ဖက်လာကြပြီး၊ စစ်တပ်အသိုင်းအဝိုင်းသည် အထူးအခွင့်အရေးများ ရသင့်သည်ဟူသော အယူဝါဒကို ရိုက်သွင်းခဲ့ကြသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်

ဗိုလ်ချုပ်နေဝင်းသည် အိမ်စောင့်အစိုးရအတွေ့အကြုံ ရရှိပြီးနောက် ၁၉၆၂ ခုနှစ်တွင် “တော်လှန်ရေးကောင်စီ” ကို ဖွဲ့စည်း၍ အာဏာသိမ်းခဲ့သည်။ ထို့နောက် တော်လှန်ရေးကောင်စီကို “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)” အဖြစ် ပြောင်းလဲကာ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” အမည်ရှိ စီးပွားရေးစီမံကိန်းကို ချပြခဲ့သည်။ ဤစနစ်အောက်တွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းငယ်များအထိ ပြည်သူပိုင်အသိမ်းခံခဲ့ရသည်။ နိုင်ငံအတွင်းရှိ လုပ်ငန်းအားလုံးကို နိုင်ငံတော် (သို့မဟုတ်) မဆလပါတီက ပိုင်ဆိုင်ပြီး၊ မဆလပါတီကိုမူ ဦးနေဝင်းဦးဆောင်သော စစ်ဗျူရိုကရက်လူတန်းစားက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (UMEHL)

၁၉၈၈ ခုနှစ်နောက်ပိုင်း မဆလပါတီ ပြုတ်ကျသွားသောအခါ ၁၉၉၀ ပြည့်နှစ်တွင် ဦးပိုင် (UMEHL) ကို တည်ထောင်ခဲ့သည်။ ၎င်းသည် စစ်အစိုးရက စီးပွားရေးလုပ်ကိုင်ရန် ထောင်ထားသော ကုမ္ပဏီတစ်ခုဖြစ်သော်လည်း အစိုးရပိုင်ဆိုင်မှုအစုရှယ်ယာကို “ကာကွယ်ရေးဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံး” အမည်ဖြင့် ထားရှိခြင်းကြောင့် စစ်တပ်က ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ထားခြင်း ဖြစ်သည်။

စစ်တပ်သည် ၎င်းတို့၏ ဩဇာကိုသုံး၍ ဘဏ်များမှ အကန့်အသတ်မရှိ ချေးငွေယူခြင်းနှင့် သာမန်စစ်သည်များ၏ လစာထဲမှ ရှယ်ယာဖိုး အဓမ္မဖြတ်တောက်ခြင်းတို့ဖြင့် ဘဏ္ဍာရေးအင်အားကို တည်ဆောက်ခဲ့သည်။ ဦးပိုင်သည် လူသုံးကုန်၊ ကျောက်မျက်၊ သစ်၊ ရာဘာ စသည့် နယ်ပယ်ပေါင်းစုံတွင် လက်ဝါးကြီးအုပ်ခဲ့သည်။ ဒီမိုကရေစီအစိုးရလက်ထက်တွင် အရပ်ဘက်မှ စစ်ဆေးမှုကို ရှောင်လွှဲနိုင်ရန် “အစိုးရ” အမည်ကိုဖြုတ်၍ MEHL အဖြစ် ပြောင်းလဲကာ အကျိုးအမြတ်များကို နိုင်ငံတော်ဘတ်ဂျက်သို့ မဝင်ရောက်အောင် ဆောင်ရွက်ခဲ့သည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)

ဦးပိုင်နှင့်အပြိုင် MEC ကိုလည်း တည်ထောင်ခဲ့ပြီး သတ္တုတွင်း၊ ကုန်ထုတ်လုပ်မှုနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် လုပ်ကိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် MEC လက်အောက်၌ စက်ရုံပေါင်း ၂၁ ရုံ ရှိခဲ့သည်။ MEC ၏ လက်အောက်ခံ Star High ကုမ္ပဏီသည် ဗီယက်နမ်ကွန်မြူနစ်ပါတီလက်အောက်ရှိ ဗီယက်နမ်နိုင်ငံပိုင် Viettel နှင့်ပေါင်း၍ Mytel ၏ ရှယ်ယာ ၂၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

အကျိုးဆက်များ

စစ်ဗျူရိုကရက်ယန္တရားကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် စစ်အာဏာရှင်များသည် ကဏ္ဍတိုင်းကို လွှမ်းမိုးထားနိုင်ခဲ့သည်။ နိုင်ငံတော်ဘဏ္ဍာကို ကိုယ်ပိုင်ဘဏ္ဍာကဲ့သို့ သဘောထားကာ ဆွေမျိုးသားချင်းများကို လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းဖြင့် “ခရိုနီ” လူတန်းစားကို မွေးထုတ်ခဲ့သည်။

ဈေးကွက်စီးပွားရေးစနစ်နှင့် ဒီမိုကရေစီသို့ ကူးပြောင်းသွားပါက ၎င်းတို့၏ အထူးအခွင့်အရေးများ ဆုံးရှုံးသွားမည်ကို စိုးရိမ်သဖြင့် စစ်ဗျူရိုကရက်များသည် အသည်းအသန် ခုခံခဲ့ကြပြီး၊ ထိုရလဒ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုသို့ ဦးတည်ခဲ့သည်။ ဤနောက်ဆုံးအကြိမ် အာဏာသိမ်းရန် ကြိုးပမ်းမှုသည် နွေဦးတော်လှန်ရေးကို ပေါ်ပေါက်စေခဲ့ကာ စစ်ဗျူရိုကရက်လူတန်းစားနှင့် ခရိုနီစနစ်ကို အပြီးတိုင် ဖယ်ရှားရန် လူထုတစ်ရပ်လုံးက စုပေါင်းတိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

Anarchy and Democracy
Fighting Fascism
Markets Not Capitalism
The Anatomy of Escape
Organization Theory