By abc. Original article: The First Intifada and Anarchism, published on November 23, 2022. Translated into Burmese by Hein Htet Kyaw.
ပထမ အင်တီဖာဒါ (အာရဗီလိုတော့ ‘ခါချပစ်တာ’ ဒါမှမဟုတ် ‘အုံကြွမှု’ လို့ အဓိပ္ပာယ်ရပါတယ်) ဆိုတာ အစ္စရေးက ပါလက်စတိုင်းနယ်မြေတွေကို သိမ်းပိုက်ထားတာကို ပထမဆုံးအကြိမ် ပါလက်စတိုင်းတွေဘက်က ပြန်တွန်းလှန်ခဲ့တဲ့ အုံကြွမှုကြီးပေါ့။ ဒါဟာ ၁၉၈၇ ဒီဇင်ဘာကနေ ၁၉၉၃ အော်စလို သဘောတူညီချက် (Oslo Accords) လက်မှတ်မထိုးခင်အထိ ကြာခဲ့ပါတယ်။ အစ္စရေးကျူးကျော်မှုကို တော်လှန်တဲ့ ဒီ “အင်တီဖာဒါ” ဆိုတဲ့ နာမည်က ကမ္ဘာတစ်ဝှမ်းမှာ လူသိများတဲ့ သမိုင်းဝင်အမည်တစ်ခု ဖြစ်လာခဲ့တယ်။ ဖြစ်ပုံကတော့ ၁၉၈၇ ဒီဇင်ဘာမှာ ဂါဇာဒေသမှာ အစ္စရေး ကုန်တင်ကားတစ်စီးက ပါလက်စတိုင်းတွေ ပါလာတဲ့ကားကို ဝင်တိုက်မိပြီး လူလေးယောက် သေဆုံးသွားရာကနေ စတာပါ။ အဲဒီနောက် ဂါဇာအစ္စလာမ္မစ်တက္ကသိုလ်က ကျောင်းသားတွေက သေဆုံးဒဏ်ရာရသူတွေကို ကူညီဖို့ ဆေးရုံရှေ့မှာ စုရုံးကြဖို့ နှိုးဆော်ရင်းနဲ့ အင်တီဖာဒါလို့ လူသိများလာမယ့် တော်လှန်ရေးကြီး စတင်ခဲ့တာ ဖြစ်ပါတယ်။
ပထမ အင်တီဖာဒါရဲ့ ဖွဲ့စည်းပုံကို ကြည့်ရင် ထောင်တွေ၊ ကျောင်းတွေ၊ ရပ်ကွက်တွေနဲ့ လုပ်ငန်းခွင်တွေမှာ အောက်ခြေလူတန်းစား ကော်မတီလေးတွေကနေတစ်ဆင့် ဗဟိုချုပ်ကိုင်မှုမရှိဘဲ ပျံ့နှံ့ဖွဲ့စည်းထားတာမို့ အနာခို-ဆင်ဒီကလစ်ဇင် (မင်းမဲ့ဝါဒအခြေခံ-အလုပ်သမားသမဂ္ဂလှုပ်ရှားမှု) အငွေ့အသက်တွေ ရနေပါတယ်။ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ဖို့ပဲဖြစ်ဖြစ်၊ တခြားဘာကြောင့်ပဲဖြစ်ဖြစ် ဒါဟာ အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုကြီးပါပဲ။ အထွေထွေသပိတ်မှောက်တာ၊ ဂါဇာနဲ့ ဝက်စ်ဘင့်ခ်က အစ္စရေးအဖွဲ့အစည်းတွေကို သပိတ်မှောက်တာ၊ အစိုးရနဲ့ စစ်တပ်အမိန့်တွေကို အာခံတာ၊ အခွန်မဆောင်တာ၊ မြေအောက်ကျောင်းတွေ ထောင်တာ၊ အပြန်အလှန် ကူညီရေးကွန်ရက်တွေ ဖွဲ့တာ၊ အစ္စရေးလိုင်စင်မယူဘဲ ကားမောင်းတာ၊ နံရံဆေးရေးပန်းချီတွေ ရေးတာ၊ အတားအဆီးတွေ ချတာနဲ့ အစ္စရေးစစ်တပ် အဆောက်အအုံတွေကို ခဲတွေ၊ မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်တာမျိုးတွေလိုမျိုး မင်းမဲ့ဝါဒီ လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်သူတွေ သဘောကျမယ့် လုပ်ဆောင်ချက်တွေ အများကြီး ရှိခဲ့တယ်။
အော်စလို သဘောတူညီချက်ရပြီးနောက် ဝက်စ်ဘင့်ခ်နဲ့ ဂါဇာရဲ့ တချို့အစိတ်အပိုင်းတွေကို အကန့်အသတ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ‘ပါလက်စတိုင်း အာဏာပိုင်အဖွဲ့’ (Palestinian Authority) ပေါ်ပေါက်လာပြီး အင်တီဖာဒါ ပြီးဆုံးသွားပါတယ်။ ဒါကို တချို့က မင်းမဲ့ဝါဒနဲ့ ဆန့်ကျင်ဘက်လို့ မြင်နိုင်ပါတယ်၊ တကယ်လည်း တရားမဝင်တဲ့ နိုင်ငံတွေကြား ချုပ်ဆိုတဲ့ ဒီလိုစာချုပ်တွေ၊ အုပ်ချုပ်ရေးယန္တရားသစ်တွေဆိုတာ ကြည့်ရတာ သိပ်တော့ အလားအလာ မကောင်းလှပါဘူး။ ဒါပေမဲ့ မင်းမဲ့ဝါဒီတွေ သဘောတူလက်ခံမယ့် ဒီလိုတော်လှန်ရေး ပုံစံတွေကနေတစ်ဆင့် အချုပ်အခြာအာဏာကို အကြောင်းပြပြီး အကြမ်းဖက်နေတဲ့ တရားမဝင်အစိုးရဆီကနေ အုပ်ချုပ်ရေးအသစ်တစ်ခုကို ဆွဲထုတ်နိုင်ခဲ့တာပါ။ ဒါဟာ အစိုးရဘက်က ဘယ်လောက်တောင် ခြိမ်းခြောက်ခံခဲ့ရသလဲဆိုတဲ့ အလျှော့ပေးမှုဖြစ်လို့ ခေတ်သစ်မင်းမဲ့ဝါဒီ တစ်ယောက်အတွက်တော့ လက်တွေ့ကျတဲ့ အောင်မြင်မှုတစ်ခုလို့ ယူဆနိုင်ပါတယ်။
ဒီဥပမာကို ကြည့်ရင် မင်းမဲ့ဝါဒီဝါဒဆိုတာ လူနေမှုပုံစံတစ်ခု၊ လူတစ်ဦးချင်းစီနဲ့ အစိုးရကြားက ဆက်ဆံရေးကို ကြည့်တဲ့ အမြင်တစ်ခု၊ ပြီးတော့ တရားမဝင်တဲ့ အာဏာရှင်စနစ်နဲ့ မတရားတဲ့ အထက်အောက် စနစ်တွေကို တော်လှန်တဲ့ နည်းလမ်းတစ်ခုလို့ မြင်နိုင်ပါတယ်။ မင်းမဲ့ဝါဒီဝါဒရဲ့ သမိုင်းဆိုတာ အာဏာကို ဆန့်ကျင်တိုက်ပွဲဝင်ပြီး စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲနေထိုင်ဖို့ ကြိုးစားခဲ့တဲ့ သမိုင်းပါပဲ။ ဒါကြောင့်လည်း နေရာဒေသအသီးသီးမှာ မင်းမဲ့ဝါဒီစနစ်တွေဟာ သူ့ဒေသနဲ့သူ ထူးထူးခြားခြား ပေါ်ထွက်လာတာပါ။ အခုခေတ် မင်းမဲ့ဝါဒီဝါဒအကြောင်း ပြောသူတွေအနေနဲ့ မင်းမဲ့ဝါဒီဝါဒဆိုတာ စာအုပ်ကြီးတွေထဲကထက်စာရင် လက်တွေ့လှုပ်ရှားမှုတွေကနေ အရင်ပေါ်ပေါက်လာတာ ဖြစ်တယ်ဆိုတာ သိလာပါလိမ့်မယ်။
နောက်တစ်ခုက အော်စလို သဘောတူညီချက်ကြောင့် အားလုံး ငြိမ်သက်သွားတယ်လို့ ပြောတာက ဟာသ သက်သက်ပါပဲ။ အင်တီဖာဒါရဲ့ စိတ်ဓာတ်ဟာ နှစ်တွေကြာပေမယ့် ရှုံးနိမ့်သွားတာ၊ ပျောက်ကွယ်သွားတာမျိုး မရှိပါဘူး။ ဒုက္ခသည်စခန်းတွေမှာပဲဖြစ်ဖြစ်၊ ပြည်ပရောက်နေတာပဲဖြစ်ဖြစ်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတာပဲဖြစ်ဖြစ် အဲဒီစိတ်ဓာတ်က အခုထိ ရှင်သန်နေတုန်းပါ။ အင်တီဖာဒါဆိုတာ မတရားတဲ့ စနစ်တွေကို တော်လှန်တာ၊ အောက်ခြေကနေ စုစည်းတာနဲ့ နိုင်ငံတကာနဲ့ လက်တွဲတာတွေကို ကိုယ်စားပြုပါတယ်။ အစ္စရေးရဲ့ ကျူးကျော်မှုနဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေအပေါ် ဒေါသထွက်ရာကနေ စတင်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက မတရားမှုကို တော်လှန်သူတွေကို စုစည်းပေးခဲ့ပါတယ်။ ပါလက်စတိုင်း လွတ်မြောက်ရေး တိုက်ပွဲကတော့ ဆက်ရှိနေဦးမှာပါပဲ။ အစ္စရေးရဲ့ ကျူးကျော်မှု၊ လူမျိုးရေးခွဲခြားမှုတွေ ကုန်ဆုံးပြီး ပါလက်စတိုင်းတွေ လွတ်လပ်တဲ့အထိ တော်လှန်ရေးက ဆက်ရှိနေမှာပါ။ အင်တီဖာဒါရဲ့ စိတ်ဓာတ်ဟာ လွတ်လပ်တဲ့ အနာဂတ်အတွက် တော်လှန်ရေး မျှော်လင့်ချက်အဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။
C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how






