လက်ဝဲဆိုတဲ့ ဝေါဟာရရဲ့ အနှစ်မဲ့မှု

William Gillis. Original: The Emptiness of “The Left”, February 21, 2017. Translated into Burmese by Hein Htet Kyaw.

ပုဂ္ဂလိကအရ ပြောရရင် “လက်ဝဲ” ဆိုတာဟာ နောက်ဆုံးမှာ တညီတညွတ်တည်းရှိတဲ့ သဘောတရား ရပ်တည်ချက်တစ်ခုအဖြစ် ခိုင်ခိုင်မာမာ ကိုယ်စားပြုနိုင်တယ်လို့ မထင်ပါဘူး။ သမိုင်းကြောင်းအရ ခဏတာ ပေါင်းစည်းထားကြတဲ့ သဘောတရားရေးရာ မဟာမိတ်အုပ်စု သက်သက်ပဲလို့ မြင်ပါတယ်။ Bastiat နဲ့ တခြား လွတ်လပ်သောဈေးကွက်သမားတွေဟာ ပြင်သစ် အမျိုးသားလွှတ်တော်ရဲ့ လက်ဝဲဘက်မှာ ထိုင်ခဲ့ကြဖူးတာပဲ။ ဒါကို စနစ်တကျရှိတဲ့ လက်ဝဲဈေးကွက် အစဉ်အလာရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျနော်တို့ အခိုင်အမာ ပြောဖို့ ကြိုးစားနိုင်ပေမဲ့၊ အဲဒီတော်လှန်ရေး (ဒါမှမဟုတ် တော်လှန်ရေးအများစု) မှာ ဘယ်ဘက်မှာ ထိုင်ခဲ့သလဲ ဆိုတာဟာ ဘာကိုမှ သိပ်ပြီး ညွှန်ပြနေတာမဟုတ်ဘူးဆိုတာကိုတော့ ရိုးရိုးသားသား ဝန်ခံရပါမယ်။ ကျနော်တို့လက်ရှိစနစ်ထက် အများကြီး ပိုဆိုးရွားတဲ့ စနစ်တွေကို လိုချင်ကြတဲ့ တော်လှန်ရေးသမားတွေ အမြဲတမ်းရှိခဲ့သလို၊ လူထုလွတ်မြောက်ရေးနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဆန္ဒတွေရှိကြပေမဲ့ “လက်ဝဲဝါဒီ” လို့ အများက သတ်မှတ်ထားကြသူတွေလည်း အများကြီး ရှိခဲ့တာပါပဲ။

ဒီနေ့ခေတ်မှာ လက်ဝဲနဲ့ လက်ယာကို အုပ်စုခွဲခြားမှုမရှိဘေးတူညီမျှဝါဒီ (egalitarian) နဲ့ အဆင့်အတန်းခွဲခြားမှုဝါဒီ (hierarchical) ဆိုပြီး ပုံဖော်ကြတာ ရေပန်းစားပါတယ်။ ဒါပေမဲ့ ဒါဟာ ရှုပ်ထွေးလှတဲ့ သမိုင်းနဲ့ လူမှုဗေဒ အရှိတရားပေါ်မှာ အတင်းအဓမ္မ စိစစ်ပုံဖော်ထားတာ ဖြစ်ရုံတင်မကဘဲ တကယ်တော့ တတ်သိနားလည်ဖွယ်ရာ အနှစ်သာရလည်း လုံးဝမရှိပါဘူး။ ဘယ်သူမှလည်း egalitarianism ဆိုတာ ဘာလဲ၊ ဒါမှမဟုတ် hierarchy ဆိုတာ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိကြသလို၊ အဓိပ္ပာယ်ဖွင့်ဆိုချက် အတော်များများဟာလည်း တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေရုံမက တူညီပါတယ်ဆိုတဲ့ အချက်တွေကိုပင် လွန်စွာဆန့်ကျင်နေကြောင်း ဖော်ပြနေပါတယ်။ egalitarianism ဆိုတာ လူတိုင်း ဓနဥစ္စာ အတိအကျ အမျှတူ ရရှိတာကို ပြောတာလား (ဒါကိုရော ဘယ်လိုတိုင်းတာမှာလဲ)။ ဒါမှမဟုတ် ပြည်သူ သို့မဟုတ် နိုင်ငံတော်ရဲ့ ဥပဒေစနစ်ရှေ့မှာ တရားဝင် သို့မဟုတ် လူမှုရေးအရ တန်းတူညီမျှမှု ဆိုတဲ့ နာမ်တရားသဘောတရားကို ပြောတာလား။ စီးပွားရေးအရ ကြိုးစားအားထုတ်ခွင့် တန်းတူရတာကို ပြောတာလား၊ ဒါမှမဟုတ် ပြည်သူ့ဆန်ဂိုဒေါင်တွေကို တန်းတူဝင်ရောက် အသုံးပြုခွင့်ရတာကို ပြောတာလား။ တန်းတူညီမျှမှုဟာ လွတ်လပ်မှုလို တခြား အကျင့်သီလအားလုံးထက် ပိုအရေးကြီးသလား။ အချို့က ပိုမိုကြီးမားတဲ့ လွတ်လပ်မှုကို ရရှိကြတာထက် လူတိုင်း တန်းတူဖိနှိပ်ခံရတာက ပိုကောင်းသလား။ ကျနော် သရော်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ဒီလိုနက်နက်နဲနဲ မေးခွန်းတွေကို “အင်းလေ၊ ဒါကတော့ အသိစိတ် (common sense) ပေါ့” ဆိုပြီးတော့လည်းကောင်း၊ ကျနော်တို့ရဲ့ ရဲဘော်တွေဟာ ကိစ္စသေးသေးလေးတွေမှာ ကျနော်တို့ စဉ်းစားသလိုပဲ စဉ်းစားလိမ့်မယ်၊ ပေးဆပ်ရမှုနဲ့ အကျိုးအမြတ်တွေအပေါ် ကျနော်တို့ရဲ့ မသိစိတ်ခံစားချက်တွေကို မျှဝေခံစားကြလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်ဆန္ဒနဲ့ ဖုံးဖိထားကြပေမဲ့ လက်တွေ့မှာတော့ အဲဒီလို မဟုတ်ပါဘူး။ ကျနော်တို့ဟာ အမြဲတမ်း သဘောထားကွဲလွဲနေကြတာပါ။

လူတွေက “စုပေါင်းတိုက်ရိုက်ဒီမိုကရေစီ” (collective direct democracy) အကြောင်း ပြောကြတဲ့အခါ လူမှုအဖွဲ့အစည်းတစ်ခုရဲ့ တခဲနက်ဆန္ဒဟာ တန်းတူညီမျှတဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးသလိုလို ပြောကြပါတယ်။ ဟုတ်ပါတယ်၊ အချို့သော အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအရတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ တစ်ခုခုသော စုပေါင်းအဖွဲ့အစည်းက ကျနော့်ဘဝအပေါ် မဲပေးဆုံးဖြတ်ဖို့ ကြိုးစားနေတာကို မြင်လိုက်ရတာနဲ့ ကျနော် “ပါဝင်” မနေချင်တော့ဘဲ့ အဲဒီအဖွဲ့အစည်းထဲ ဗုံးခွဲပစ်ချင်စိတ်ပဲ ပေါ်လာတော့တာပါ။ လက်ဝဲဝါဒီတွေဟာ “ပြည်သူ့ထံ အာဏာအပ်စက်” ဆိုတဲ့ ကြွေးကြော်သံနဲ့ “အာဏာကို ဖျက်ဆီး” ဆိုတဲ့ ကြွေးကြော်သံ နှစ်ခုလုံးကို သုံးကြပါတယ်။ ဒါဟာ လုံးဝခြားနားတဲ့ သဘောတရားစနစ်တွေနဲ့ တန်ဖိုးထားမှုတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာကို လူတိုင်းအတွက် ကြီးမားတဲ့ သတိပေးချက် ဖြစ်သင့်ပါတယ်။ ကျနော်တို့ အားလုံး ထိုင်ဆွေးနွေးလိုက်ရင် တစ်မျက်နှာတည်းမှာပဲ လာဆုံကြလိမ့်မယ်လို့ တွေးတာဟာ လွန်စွာမှ စိတ်ကူးယဉ်ဆန်လွန်းပါတယ်။ လက်ဝဲဝါဒီအားလုံး တညီတညွတ်တည်း ရှိကြတယ် သို့မဟုတ် ဘုံဦးတည်ချက်တစ်ခု ပူးတွဲရှိကြတယ်ဆိုတဲ့ အယူအဆဟာ နှစ်သိမ့်မှုပေးတဲ့ လိမ်ညာမှုတစ်ခု သက်သက်ပါ။

လက်ဝဲဆိုတာ ကျနော်တို့အားလုံး သဘောတူနိုင်တဲ့ ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှု မူဝါဒအချို့နဲ့ သတ်မှတ်ထားတာ မဟုတ်သလို အဲဒီကနေ နည်းဗျူဟာ ဒါမှမဟုတ် အကောင်အထည်ဖော်မှုတွေကို ဆွေးနွေးငြင်းခုံလို့ရတဲ့ အရာလည်း မဟုတ်ပါဘူး။ လက်ဝဲဆိုတာ တိုက်ဆိုင်မှုတွေကြောင့် ဖြစ်တည်လာရတဲ့ သမိုင်းဝင် မဟာမိတ်အဖွဲ့တစ်ခုပါ။ တော်လှန်ရေးမှာလိုပဲ ကျနော်တို့ဟာ မိမိတို့ကိုယ်ကို အားနည်းသူ တွေအဖြစ် သတ်မှတ်လေ့ရှိကြပြီး၊ အစိုးရသော လူတန်းစားတွေကို ဆန့်ကျင်ဖို့ ကျနော်တို့ သတ်မှတ်ထားတဲ့ အားနည်းသူ လူတန်းစားတွေဆာ ပေါင်းစည်းကြပါတယ်။ ဒါပေမဲ့ ဒါဟာ အမျိုးမျိုးသော ပုံစံပျက်ယွင်းမှုတွေကို ဦးတည်စေပါတယ်။ အမျိုးသမီးတွေဟာ မဟာဖိုဝါဒကြီးစိုးတဲ့စနစ် မှာ ဖိနှိပ်ခံရသူတွေဖြစ်လို့ ကျနော်တို့ဟာ ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံကြတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ တိရစ္ဆာန်တွေဟာ လူတွေရဲ့ ဖိနှိပ်မှုမှာ (အမှန်တကယ်) အားနည်းသူတွေဖြစ်လို့ ကျနော်တို့ဟာ သက်သတ်လွတ်ဝါဒ (vegan) ကို ထောက်ခံကြပြန်တယ်။ ခဏလေး၊ ကျနော်တို့က သက်ရှိအားလုံးကို တန်ဖိုးထားတာလား။ ဘာကို သီးခြားသက်ရှိလို့ သတ်မှတ်မှာလဲ။ ကျနော်တို့က အဲဒါတွေကို တန်းတူတန်ဖိုးထားတာလား သို့မဟုတ် သိစိတ်/ဝိညာဉ်အဆင့်က အရေးကြီးတာလား။ အခြားသူတစ်ယောက်အပေါ် မှီခိုမှု သို့မဟုတ် ဝန်ထုပ်ဝန်ပိုးဖြစ်မှု အဆင့်ပေါ် မူတည်တာလား။ ရုတ်တရက်ဆိုသလို မိသားစုဝင်တွေနဲ့ ပတ်သက်လာရင် ကျနော်တို့ ပြုမူပုံတွေနဲ့ ခရစ်ယာန်ဘာသာရဲ့ အထက်စီးဆန်မှုတွေအပေါ် ပြုမူပုံတွေဟာ မသန်စွမ်းသူတွေ (အားနည်းသူတွေ!) နဲ့ ကြုံရတဲ့အခါ ပြုမူပုံတွေနဲ့ စတင် ဆန့်ကျင်လာကြပါတယ်။ ကျနော်ဆိုလိုတာက ဒီလိုအခြေအနေတွေကို ညှိနှိုင်းဖို့၊ အဓိက ကျင့်ဝတ်လမ်းညွှန်နဲ့ နူးညံ့သိမ်မွေ့တဲ့ အကောင်အထည်ဖော်မှုကို ရှာဖွေဖို့ နည်းလမ်းမရှိဘူးလို့ ပြောတာမဟုတ်ပါဘူး — နည်းလမ်းရှိတယ်လို့ ကျနော်ထင်ပါတယ် (ဇိုင်ဂုတ်/သံကောင်တွေနဲ့ အသိဉာဏ်ရှိတဲ့ လူသားတစ်ယောက်အကြား ကျယ်ပြန့်တဲ့ သိစိတ်/ဝိညာဉ် အစဉ်အဆက်ကို အသိအမှတ်ပြုတဲ့ ကျနော့်ရဲ့ သီးခြားချဉ်းကပ်မှုကို လက်ဝဲဝါဒီ အများအပြားက “တန်းတူညီမျှမှုမရှိဘူး” လို့ ပြစ်တင်ရှုတ်ချကြပေမဲ့ပေါ့)။ ကျနော် ထောက်ပြချင်တာက ကျနော်တို့ရဲ့ တုံ့ပြန်မှုတွေဟာ ကျင့်ဝတ်ဆိုင်ရာ ဆန်းစစ်ချက်ကနေ ထွက်ပေါ်လာတာ အရမ်းရှားပြီး အားနည်းသူလို့ ထင်ရတဲ့ အသွင်အပြင်တိုင်းအပေါ် အလိုအလျောက် တုံ့ပြန်မှုတွေကနေပဲ ထွက်ပေါ်လာတာပါ။ လက်ဝဲဆိုတာ သီအိုရီတစ်ခု မဟုတ်သလောက်ပါပဲ၊ အများအားဖြင့်တော့ အားနည်းသူတွေ စုစည်းထားတဲ့ မဟာမိတ်အဖွဲ့တစ်ခု ဖြစ်ပြီး အဲဒီမဟာမိတ်အဖွဲ့ကို စိစစ်စည်းနှောင်ဖို့အတွက် သီအိုရီတွေကို နောက်မှ ကပ်ပေးထားတာပါ။ အခြားသော သမိုင်းဝင် လမ်းကြောင်းတွေရှိတဲ့ စကြာဝဠာတွေကို လွယ်လွယ်ကူကူ မီးမောင်းထိုးပြလို့ရပါတယ်။ အဲဒီမှာဆိုရင် ကိုယ်ဝန်ဖျက်ချမှုကို ဥပဒေအရ တားမြစ်တာဟာ လက်ဝဲရဲ့ အဓိက မူဝါဒတစ်ခု ဖြစ်နေနိုင်ပြီး queer ဖိနှိပ်မှု၊ အမျိုးသားကြီးစိုးမှု၊ မသန်စွမ်းသူများအပေါ် ခွဲခြားမှု စတာတွေကို ဆန့်ကျင်တာနဲ့ နက်နက်နဲနဲ ဆက်စပ်နေတယ်လို့ ယူဆနိုင်ပါတယ်။ သို့မဟုတ် လက်ဝဲက ဥပဒေအရ အပြစ်ပေးတာကို ဆန့်ကျင်နိုင်ပေမဲ့ ကိုယ်ဝန်ဖျက်ချမှုအပေါ် လူထုအခြေပြု လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပိတ်ဆို့မှုတွေကို ထောက်ခံတည်ဆောက်နိုင်ပါတယ်။ (ထပ်ပြောရရင် ကျနော်ကိုယ်တိုင်ကတော့ ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံသူပါ)။

အားနည်းသူဝါဒ (Underdogism) ဆိုတာ တကယ်ကို အန္တရာယ်များတဲ့ ကမ္ဘာ့အမြင် ချဉ်းကပ်မှုတစ်ခုပါ။ အဲဒါဟာ ကောင်းမွန်တဲ့ “လက်တွေ့သုံး နည်းလမ်း” တစ်ခု ဖြစ်နိုင်ပေမဲ့ ကျနော့်အကြောင်း သိသူတိုင်းသိတာက ကျနော်ဟာ အဲဒီလို လွယ်ကူတဲ့ နည်းလမ်းတွေကို စက်ဆုပ်ပြီး ရာစွန်းရောက် ဆန်းစစ်ချက်တွေရဲ့ ဆန့်ကျင်ဘက်အဖြစ် မြင်ပါတယ်။ အားနည်းသူဝါဒကြောင့်ပဲ ဇီယွန်ဝါဒ၊ လီနင်ဝါဒ၊ လူနည်းစုလူမျိုးနွယ် အမျိုးသားဝါဒ (poc nationalism)၊ TERFs၊ SWERFs စတာတွေ ဖြစ်ပေါ်လာရတာပါ။ အဲဒီဝါဒရဲ့ ကျရှုံးမှုတွေဟာ များပြားလှပါတယ်။ လက်ဝဲဆိုတာ အားနည်းသူဝါဒကလွဲလို့ ဘာမှမဟုတ်ဘူးဆိုတဲ့ ခိုင်မာတဲ့ အကြောင်းပြချက် ရှိပါတယ် — အဲဒီလိုဆိုရင် ဖက်ဆစ်ဝါဒဟာလည်း အမြဲလိုလို လက်ဝဲဝါဒ ဖြစ်နေပါလိမ့်မယ်။ MRA (အမျိုးသားအခွင့်အရေး လှုပ်ရှားသူ) တွေဟာ ပြင်သစ် အမျိုးသားလွှတ်တော်ရဲ့ လက်ယာဘက်မှာရှိတဲ့ တုံ့ပြန်ရေးသမားတွေလို တည်ရှိပြီးသား အုပ်ချုပ်ရေးစနစ်ကို ကာကွယ်ဖို့ တမင်ကြိုးစားနေကြတာ မဟုတ်ပါဘူး၊ သူတို့ကိုယ်သူတို့ အားနည်းသူတွေအဖြစ် မြင်နေကြတာပါ။ ဟုတ်ပါတယ်၊ သူတို့ဟာ အားနည်းသူတွေ မဟုတ်ပါဘူး (ကွာရှင်းမှု ဥပဒေအချို့လို အစွန်းထွက် အခြေအနေအချို့ကလွဲလို့)၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ သူတို့ဟာ အားနည်းသူ ဖြစ်လာနိုင်ခြေ ရှိသူတွေဖြစ်ပြီး အဲဒီအခြေအနေကပဲ အားနည်းသူဝါဒရဲ့ ပုံမှန်စနစ်အများစုကို ပြန်လည်ထုတ်လုပ်ဖို့ လုံလောက်နေပါတယ်။

အချို့က လက်ယာသစ် (alt-right) ရဲ့ အားနည်းသူဝါဒရဲ့ ပြဿနာဟာ အားနည်းသူတွေကို မှားယွင်းဖော်ထုတ်တာတင် မဟုတ်ဘဲ အာဏာကို ငတ်မွတ်ခင်းမွတ်တာလည်း ပါတယ်လို့ ကန့်ကွက်နိုင်ပြီး ဒါဟာလည်း ယေဘုယျအားဖြင့် အမှန်ပါပဲ (အယ်လ်ထရိုက်ရဲ့ အစိတ်အပိုင်းအချို့ဟာ အာဏာထက် အပြင်လူ/အထက်စီးရသူတွေရဲ့ မျက်ရည်ကို သောက်သုံးချင်လို့ ပိုလုပ်ကြတာ ဖြစ်ပေမဲ့)။ ဒါပေမဲ့ ဒါဟာ မွန်မြတ်ပါတယ်ဆိုတဲ့ လက်ဝဲအသိုင်းအဝိုင်းက လူအများစုနဲ့လည်း သက်ဆိုင်နေပါတယ်။ အာဏာရှင်ဆန်တဲ့ လက်ဝဲဝါဒီ အမြောက်အမြားဟာ အာဏာရရှိဖို့ လှေကားတစ်ခုအဖြစ် အားနည်းသူဝါဒကို ငတ်မွတ်စွာ ဆုပ်ကိုင်ထားကြတာ အမှန်ပါပဲ။ ကျနော်နဲ့ တွေ့ဆုံဖူးတဲ့ ဖမင်နစ် စာရေးဆရာအချို့ဆိုရင် သူတို့သာ အမျိုးသားဖြစ်ခဲ့ရင် အမျိုးသားကြီးစိုးသူ ဖြစ်မှာဖြစ်သလို၊ အမေရိကန်တောင်ပိုင်း ကျေးပိုင်ကျွန်းပိုင်ခေတ်က လူဖြူသူဌေး ဖြစ်ခဲ့ရင်လည်း ကျေးကျွန်ပိုင်ဆိုင်မှာပဲလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ကြပါတယ်။

ဟုတ်ပါတယ်၊ ထင်ရှားတဲ့ ဖိနှိပ်မှုတွေကို စက်ဆုပ်ရွံရှာကြတဲ့ ပညာရှိသူ မည်သူမဆို ရပ်တည်ချက် ဒါမှမဟုတ် ဆန်းစစ်ချက် အများအပြားမှာ ယေဘုယျအားဖြင့် သဘောထားတူညီကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအရာတွေကို သူတို့ ညှိနှိုင်းစေ့စပ်ပုံ ဒါမှမဟုတ် ထိန်းသိမ်းပုံကတော့ အလွန်အမင်း ကွဲပြားနိုင်ပါတယ်။ လက်ဝဲဟာ ကျနော်တို့ရဲ့ လက်ရှိအခြေအနေမှာ တည်ငြိမ်တဲ့ မဟာမိတ်အဖွဲ့တစ်ခု ဖြစ်နေရုံနဲ့၊ ပြီးပြည့်စုံစွာ ဟန်ချက်ညီနေတယ်လို့ ထင်ရတဲ့ အစိတ်အပိုင်းတွေဟာ အချို့သော အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ လုံးဝခြားနားတဲ့ ဘက်ပေါင်းစုံကို ပြိုကွဲမသွားဘူးလို့ မဆိုလိုနိုင်ပါဘူး။

အချို့သောအရာတွေကို တခြားအရာတွေထက် ပိုမိုတန်ဖိုးထားတာဟာ အဆင့်အတန်း ခွဲခြားတာဖြစ်ပြီး ဒါကြောင့် လက်ယာယိမ်းတာ ဖြစ်တယ်လို့ အခိုင်အမာပြောဆိုကြတဲ့ လက်ဝဲဝါဒီတွေကို ကျနော် ခဏခဏ ကြုံဖူးပါတယ် (သူတို့စိတ်ထဲမှာ လက်ဝဲဝါဒဆိုတာ စတိုးအစ်ဝါဒ သို့မဟုတ် ဗုဒ္ဓဘာသာနဲ့ ပိုတူတယ်လို့ ထင်ကြတာပါ)။ အလားတူပဲ၊ ကမ္ဘာကြီးရဲ့ အချို့သော ပုံစံတူစနစ်တွေကို အခြားစနစ်တွေထက် ပိုမိုမှန်ကန်တယ်လို့ ထင်မြင်ခြင်းဟာ “တန်းတူညီမျှမှုမရှိဘူး” သို့မဟုတ် “အာဏာရှင်ဆန်တယ်” လို့ ထင်မြင်ကြတဲ့ လက်ဝဲပညာရှင် အသိုင်းအဝိုင်းထဲက အဆိုးရွားဆုံး ကဏ္ဍတွေမှာ epistemic pluralism (အသိပညာဆိုင်ရာ ဗဟုဝါဒ) ကို တွေ့ရလေ့ရှိပါတယ်။ ဟိပ္ပီတွေကို ရယ်မောပြီး ကျော်သွားဖို့ လွယ်ကူပေမဲ့၊ ဒီလိုမျိုး အရမ်းဆိုးရွားတဲ့ “egalitarianism” အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ သူတို့ မရင်းနှီးတဲ့ အခြေအနေတစ်ခုကို ရောက်သွားတဲ့အခါ အကြံဉာဏ်ကောင်းပြီး ဦးနှောက်ရှိပါတယ်ဆိုတဲ့ လူတော်တွေရဲ့ နှုတ်ကနေ တခါတခါ ထွက်ပေါ်လာတတ်ပါတယ်။

ကျနော်ကတော့ NAP (Non-Aggression Principle) ကို မုန်းပေမဲ့၊ ဒီနေ့ခေတ်မှာ လူတိုင်းက NAP ကို “လက်တွေ့မကျဘူး” ဆိုပြီး ဟာသလုပ်ကြပြီး ဒါဟာ ကျင့်ဝတ်ဆိုင်ရာ တတ်သိနားလည်ဖွယ်ရာ သဘောတရား အားလုံးကို ပေါ့ပေါ့တန်တန် ပြစ်တင်ရှုတ်ချခြင်းနဲ့ ပိုမိုဆက်စပ်လာပါတယ်။ ဒီလိုပြောင်းလဲမှုကို ခေတ်သစ် အင်တာနက် လက်ဝဲစွန်းရဲ့ အမြွှာပြဿနာနှစ်ခုဖြစ်တဲ့ တန်ကီ(အာဏာရှင်လက်ဝဲသမားများ) နဲ့ နတ္ထိကဝါဒီများက ပိုမိုအားပေးခဲ့ပါတယ်။ အကယ်၍ လူမှုရေးတရားမျှတမှုအရ လက်ဝဲရဲ့ ရည်ရွယ်ချက်ဟာ အားနည်းသူ လူတန်းစား မဟာမိတ်အဖွဲ့ကို စည်းနှောင်နိုင်တဲ့ လူမှုရေး ကျင့်ဝတ်နဲ့ လွတ်လပ်တဲ့ သဘောတရားရေးရာ မူဘောင်တစ်ခု ဖန်တီးဖို့ ဖြစ်တယ်လို့ သင်မြင်ရင် ဒါဟာ သဘာဝကျပါတယ်။ ဒါကြောင့်မို့လို့ မတူညီတဲ့ အခိုင်အမာပြောဆိုချက်တွေ၊ ရပ်တည်ချက်တွေ ဒါမှမဟုတ် မူဝါဒတွေအကြား တူညီချက်တွေ ဒါမှမဟုတ် ဆန့်ကျင်ဘက်တွေကို တစ်စုံတစ်ယောက်က ဖော်ထုတ်ဖို့ ကြိုးစားသည့်အခါတိုင်း “မင်း နှိုင်းယှဉ်လို့ မရဘူး!” ဆိုတဲ့ ထပ်ခါတလဲလဲ တားမြစ်ချက်တွေ ထွက်ပေါ်လာရတာပါ။ ဒီရှုထောင့်ကနေကြည့်ရင် လက်ဝဲမှာ ဘုံမြစ်ဆုံ သို့မဟုတ် စည်းနှောင်ထားတဲ့ ဘုံစိတ်ဓာတ် မရှိပါဘူး၊ စာရင်းတစ်ခုလုံး ပြိုကွဲမသွားစေဖို့ ကျနော်တို့ ရှာမနေသင့်ပါဘူး။ တတ်သိနားလည်ဖွယ်ရာ သဘောတရား၊ ကျင့်ဝတ်နဲ့ အဓိက တန်ဖိုးများ သို့မဟုတ် မူဝါဒများသည် ရန်သူများ ဖြစ်လာသလို၊ Methodological Individualism နဲ့ Universalism နှစ်ခုလုံးသည်လည်း ရန်သူများ ဖြစ်လာကြတယ်။ တစ်ဦးချင်း အတွေ့အကြုံတွေော မရှိ၊ စက္ကန့်တိုင်း ခံစားရတဲ့ အတွေ့အကြုံတွေလည်း မရှိဘဲ၊ နှိုင်းယှဉ်လို့မရတဲ့ အတွေ့အကြုံတွေရှိတဲ့ ရိုးရှင်းတဲ့ လူတန်းစားတွေပဲ ရှိကြတာပါ။ ကျနော်တို့ဟာ အနိုင်ကျင့်ခြင်း၊ လူမှုရေးအရ ရာထူးယူခြင်း၊ ကဗျာဆန်ဆန် စိတ်ခံစားမှုဆိုင်ရာ ဆွဲဆောင်ခြင်းနဲ့ အကြမ်းဖက်မှု ခြိမ်းခြောက်ခြင်းတို့ဖြင့် သူတို့ကို ဘုံရည်ရွယ်ချက်တစ်ခုထဲသို့ စည်းနှောင်ကြတာ ဖြစ်ပါတယ်။

လက်ဝဲဆိုတာ ဘာနဲ့မှ စည်းနှောင်ထားတာ မဟုတ်ပါဘူး။ မာ့က်စ်ဝါဒ (Marxism) ရဲ့ တစ်ဝက်ဟာ မိုက်မဲမှုနဲ့ အဓိပ္ပာယ်မဲ့မှုတွေကြောင့် အသိအမှတ်ပြုမှု ပျက်ပြားခဲ့ရပြီး၊ ကျန်တဲ့တစ်ဝက်ဟာလည်း မိမိရဲ့ ကျရှုံးမှုတွေကို ဖုံးကွယ်ဖို့ အရာရာကို ရှုပ်ထွေးအောင်လုပ်ခြင်း၊ အကျိုးကြောင်းမဲ့မှုနဲ့ အရှိတရားကို ဆန့်ကျင်ခြင်းတို့နဲ့ပဲ အချိန်ကုန်နေပြီး ဘာမှ မလုပ်နိုင်တော့သလို လမ်းကြောင်းလည်း မဖော်ဆောင်နိုင်တော့ဘဲ လွန်စွာ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အရှုပ်အထွေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ လက်ဝဲရဲ့ စိုးရိမ်မှုအများစုဟာ ကျနော်တို့ ပျောက်ကွယ်သွားတဲ့အခါ ဒါမှမဟုတ် သူတို့ရဲ့ ဖွဲ့စည်းပုံနဲ့ အပြုအမူတွေ ပြောင်းလဲသွားတဲ့အခါတိုင်း ရုန်းကန်နေရတဲ့ ဒဏ္ဍာရီဆန်ဆန် superstructures တွေကို ဆန့်ကျင်ဖို့ပဲ ရည်ညွှန်းနေတာပါ။ အတိုချုပ်ပြောရရင် လက်ဝဲဟာ အစွန်းရောက်ဝါဒ (radicalism) ကို လုံးဝ ဓာတ်မသေ့ပါဘူး။ အဲဒီအစား အစွန်းရောက်မှု ခဏတာ ထုတ်ဖော်မှုတွေနဲ့ပဲ သက်သာရာရှာနေတာပါ။

သတင်းအချက်အလက်ခေတ်ရဲ့ စိစစ်မှုတွေကြောင့် လူမှုရေးနဲ့ သဘောတရားရေးရာ ရှုပ်ထွေးမှုတွေ တိုးပွားလာတာနဲ့အမျှ ဒီလို အတွင်းပိုင်း တင်းမာမှုတွေနဲ့ ကျနော်တို့ မခိုင်မာဘဲ ကပ်ထားတဲ့ အဖိအဖုံးတွေဟာ ပိုပြီးတော့ ထင်ရှားလာပါလိမ့်မယ်။

လွတ်လပ်မှုနဲ့ ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးမှုတွေကို ခိုင်မာစွာနဲ့ ပွင့်လင်းစွာ အမြစ်တွန့်ချင်တဲ့ အစွန်းရောက် မင်းမဲ့ဝါဒ အတွက် မျှော်လင့်ချက် ရှိပါသေးတယ်။ ဒါပေမဲ့ ဒါဟာ ကျနော်တို့နဲ့ ခဏတာ အယူအဆ သို့မဟုတ် ညွှန်ကြားချက်အချို့ တူညီကြတဲ့ မဟာမိတ်အများအပြားကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။ သို့မဟုတ် အနည်းဆုံးတော့ နက်နဲတဲ့ ရဲဘော်ရဲဘက်စိတ် ဆိုတဲ့ နှစ်သိမ့်မှုပေးတဲ့ စိတ်ကူးယဉ်မှုတွေကို ဖျက်ဆီးရပါလိမ့်မယ်။

“လက်ဝဲ” ဆိုတဲ့ လိမ်ညာမှုဟာ ရာစုနှစ်နှစ်ခုကျော် ကြာရှည်ခဲ့ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ အုပ်စုနှစ်ခု — တစ်ခုက အလင်းပြခံရပြီး အခြားတစ်ခုက နားလည်ရခက်လောက်အောင် ကျင့်ဝတ်ဆိုင်ရာ ပျက်စီးနေတဲ့ — ဟာ လူအများစုအတွက် စိတ်ဓာတ်ရေးရာ နှစ်သိမ့်မှုပေးတဲ့ လူမှုအသိုင်းအဝိုင်း ခံစားချက်ကို ဖန်တီးပေးလို့ပါ။ လက်ဝဲဝါဒီ အများအပြားအတွက် (အမျိုးသားဝါဒီ စတာတွေအပါအဝင်) “လူမှုအသိုင်းအဝိုင်း” ကို ငတ်မွတ်ခြင်းဟာ တကယ်တော့ သူတို့ရဲ့ အဓိက တွန်းအားဖြစ်ပါတယ်။ ဘားမှာ စကားစမြည်ပြောတဲ့အခါ မင်းတို့နှစ်ယောက်လုံး ဘာကြောင့် အရက်ဆန့်ကျင်သူတွေကို ဆန့်ကျင်သလဲဆိုတာကို နက်နက်နဲနဲ မကြည့်တာက ပိုကောင်းပါတယ်၊ မဟုတ်ရင် စည်းနှောင်တာထက် ပြိုကွဲစေမယ့် အရာတစ်ခုခုကို တွေ့ရှိသွားနိုင်လို့ပါ။

ဒါပေမဲ့ လက်ရှိ အင်တာနက် နည်းပညာတွေရဲ့ ပုံစံဟာ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့ပါတယ်။ ရန်သူနဲ့ ရှောင်လွှဲလို့မရတဲ့ ထိတွေ့မှုတွေကြောင့် ကျနော်တို့ဟာ ရန်လိုတဲ့ ဆွေးနွေးမှု တံတိုင်းတွေကို ဆောက်လုပ်လာကြရပြီး နောက်ဆုံးမှာ ကျနော်တို့ရဲ့ အစဉ်အလာ မဟာမိတ်တွေကိုပါ ပိတ်ပင်လိုက်ရကာ လက်ယာရော လက်ဝဲပါ သန့်ရှင်းမှု၊ ယုံကြည်စိတ်ချရမှု သို့မဟုတ် ပိုမိုနက်ရှိုင်းတဲ့ စည်းနှောင်မှုတစ်ခုခုကို ရရှိဖို့ သီးခြားစီ ပြိုကွဲသွားကြရပါတယ်။ ကျနော်တို့ မိတ်ဆွေဖွဲ့ဖို့ ရွေးချယ်စရာ မရှိစဉ်က အဆင်ပြေခဲ့တဲ့ တိုက်ဆိုင်တူညီချက်တွေဟာ ခုတော့ ဘက်ပေါင်းစုံကို ပြိုကွဲနေပါပြီ။ ဒါဟာ အများအားဖြင့် ကောင်းတဲ့အရာပါ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း ကျနော်တို့ တပ်ဖွဲ့တွေထဲမှာ ခိုအောင်းနေတဲ့ ထိတ်လန့်စရာ အရာအမျိုးမျိုးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လူသားအားလုံးကို သတ်ပစ်ချင်တဲ့ သိပ္ပံနည်းကျမဟုတ်တဲ့ လက်ဝဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေနဲ့ တူညီချက်မရှိတာကို ဖော်ထုတ်ပေးတဲ့ ဒီဖြစ်စဉ်ဟာ “လက်ဝဲ” ဆိုတာကိုလည်း နောက်ဆုံးမှာ ပြန်လည်ကုစားလို့မရအောင် ပျက်စီးသွားစေမယ့် ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ဒီသင်္ဘောက မြုပ်နေပါပြီ။ ကြွက်အများအပြား ထွက်ပြေးနေကြရုံနဲ့ ကျနော်တို့ မထွက်ပြေးသင့်ဘူးလို့ မဆိုလိုပါဘူး။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

Anarchy and Democracy
Fighting Fascism
Markets Not Capitalism
The Anatomy of Escape
Organization Theory