By Karl Hess. Original article: The Left-Right Spectrum, February 18 2015. Translated into Burmese by Hein Htet Kiaw.
ကျွန်ုပ်အတွက်တော့ နိုင်ငံရေးဟူသည်ကား စက်ဝိုင်းထက် မျဉ်းဖြောင့်သဏ္ဌာန်ပိုဆောင်သည်ဟု ယူဆ၏။ မျဥ်းဖြောင့်သည် (သမိုင်းအရ) ဘုရင်စနစ်၊ အကြွင်းမဲ့အာဏာရှင်စနစ်နှင့် တခြားသော အာဏာရှင်အုပ်ချုပ်မှု ပုံစံများအား လက်ယာစွန်းတွင် ထားရှိပြီး ဆန့်တန်းလျှက်ရှိလေသည်။
လက်ယာစွန်းတွင် ရှိနေသည့် လူများအတွက်တော့ “တရားဥပဒေစိုးမိုးရေး” ဆိုသည်ကား အာဏာရှိသူတို့မှ ချမှတ်ထားတဲ့ စည်းမျဉ်းများ၊ ထိုအုပ်စိုးသူတွေတို့အား အကျိုးပြုနေသည့် အေးဆေးတည်ငြိမ်သော အခြေအနေတစ်ရပ်ကို ရည်ညွှန်းပါသည်။ ၎င်းတို့သည် အမိန့် လိုက်နာတတ်သော အလုပ်သမားများ၊ တန်ပြန်မေးခွန်းမထုတ်တတ်သော ကျောင်းသားများနှင့် အကြောက်တရားဖြင့် သစ္စာစောင့်သိရန် သို့မဟုတ် သစ္စာရှိရန် လုံးလုံးလျားလျား သွန်သင်ခံထားရသော သက်ကြီးရွယ်အိုများနှင့် တူသည်။ ဂျိုးဇက်စတာလင် (Stalin) နှင့် အဒေါ့ဖ်ဟစ်တလာ (Adolf Hitler) နှစ်ဦးစလုံးသည် ၎င်းတို့၏အစိုးရများကို တန်ဆာဆင်ထားသည့် ဆိုရှယ်လစ်စနစ်အမည်ခံ၏ အရှိန်အဟုန်ဖြင့် နိုင်ငံရေးအရ လက်ယာယိမ်းအစိုးရများကို လည်ပတ်ခဲ့ကြသည်။ Huey Long သည် Louisiana ၏ သြဇာကြီးသော အုပ်ချုပ်ရေးမှူးဖြစ်သောအခါ သူသည် လက်ယာစွန်းဘက်သို့ ဦးတည်သော အစိုးရတစ်ရပ်ကို ဖန်တီးနေပုံရသည်။ ဤအစိုးရတွင် လူထုအကျိုးပြု လုပ်ငန်းဆောင်တာများနှင့် လူမှုဖူလုံရေး အစီအစဉ်များကဲ့သို့ ဆိုရှယ်လစ်စနစ်နှင့် ဆင်တူသည့် အရာအချို့လည်း ရှိသည်။ သို့သော်လည်း ၎င်းကို အမှန်တကယ် စုစည်းထားသည့်အရာမှာ ဤလူမှုရေး အကျိုးကျေးဇူးများ မဟုတ်ပါဘဲ စီးပွားရေးလုပ်ငန်းတို့၏ မျက်နှာသာရရှိရန် စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးကူညီစေခြင်းအလို့ငှာ ငွေကြေးများကို အဆက်မပြတ် ထောက်ပံ့ပေးနေခြင်းနှင့် ခိုင်မာသော ရဲအင်အားတို့ကပင်ဖြစ်သည်။
အမေရိကန်တွင် ကွန်ဂရက် သို့မဟုတ် လူထုကဲ့သို့ အတိုင်ပင်ခံအဖွဲ့များ မပါဘဲ နိုင်ငံရေး ဆုံးဖြတ်ချက်များ တစ်ယောက်တည်း တိုးဝင်လာပါက အဆိုပါ အမေရိကန် သမ္မတသည် လက်ယာယိမ်း နိုင်ငံရေးသို့ ကူးပြောင်းသွားသည်ဟု ယူဆနိုင်သည်။ ထို့အပြင် အစိုးရ၏ အခွင့်အာဏာသည် သာမန်ပြည်သူလူထု၏ ဆန္ဒထောက်ခံမှုထက် ရဲအာဏာကဲ့သို့ အင်အားတို့အပေါ် ပိုမိုအားကိုးပါက ဤအပြောင်းအရွှေ့မှာ ပိုမိုထင်ရှားလေသည်။ ဤအစိုးရမျိုးသည် အလုပ်သမားသမဂ္ဂများကဲ့သို့ ၎င်း၏အာဏာကို စိန်ခေါ်နိုင်သည့် အုပ်စုများကို ရပ်တန့်ရန် သို့မဟုတ် သိမ်းပိုက်ရန် ကြိုးစားပေမည်။ သို့သော်လည်း ငွေကြေးအုပ်စုကြီးများသည် အဒေါ့ဖ်ဟစ်တလာမှ စက်မှုလုပ်ငန်းများအပေါ် ကိုင်တွယ်ခဲ့ပုံကဲ့သို့ပင် တိုက်ခိုက်ခံရမည့်အစား အကျိုးများသော သဘောတူညီချက်များနှင့် ငွေပိုရှာရန် အခွင့်အလမ်းများဖြင့် လာဘ်ထိုးခံရဖွယ်ရှိသည်။ အခြားတစ်ဖက်တွင်မူ ဂျိုးဇက်စတာလင်သည် ၎င်းတို့အား လုံးဝဥဿုံ ဖယ်ရှားပြီးဖြစ်သောကြောင့် လွတ်လပ်သောသမဂ္ဂများ သို့မဟုတ် စီးပွားရေးလုပ်ငန်းများ နှစ်မျိုးလုံးအတွက် စိတ်ပူစရာပင် မလိုတော့။
လက်ယာယိမ်းအစိုးရတို့ တစ်ခုနှင့်တစ်ခုအကြား ခြားနားမှုအသေးစိတ်များ မည်သို့ပင်ရှိစေကာမူ အလုံးစုံတူညီနေသော ဝိသေသလက္ခဏာအား လူနည်းစုထံတွင် နိုင်ငံရေးအာဏာတို့ စုဝေးရောက်ရှိနေခြင်းဖြင့် ထင်ဟပ်စေခြင်းပင်ဖြစ်သည်။
လက်နည်းစုတွင်သာ စုစည်းထားသော နိုင်ငံရေးအာဏာသည် လူအများစု၊ နိုင်ငံရေးနှင့် စီးပွားရေး လက်ယာယိမ်းဟု ယူဆကြသည့် ခေတ်အများစုတွင် လွှမ်းမိုးထားသော သမိုင်းဝင်လက္ခဏာဖြစ်သည်။
နိုင်ငံရေး လက်ယာဘက်၏ အဝေးဆုံးနေရာဖြစ်သည့် လက်ဝဲစွန်းသည် ဆန့်ကျင်ဘက်ချဉ်းကပ်မှုကို သဘာဝအတိုင်း ပြသကြောင်း သမိုင်းက ပြဆိုသည်။ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ လက်ဝဲအယူအဆသည် အာဏာနှင့် ငွေကြေးကို လူအနည်းငယ်က လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခြင်းအား ဆန့်ကျင်သည်။ ယင်းအစား ၎င်းသည် လူများစွာကြားတွင် အာဏာကို တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ရန် ကြိုးပမ်းသည်။
လက်ယာဘက်တွင် မတူညီသော အစွန်းရောက်မှုအဆင့်များကို ပြသသည့်နည်းအတိုင်း လက်ဝဲဘက်တွင် ရှိနေခြင်း၏ မတူညီသော အဆင့်များကိုလည်း ပြသမည်ဖြစ်သည်။
လက်ယာစွန်း ဘုရင်စနစ် သို့မဟုတ် အာဏာရှင်စနစ်သို့ မရောက်မီတွင် အလယ်အလတ် လက်ယာယိမ်း အဆင့်များစွာ ရှိသည်။ တချို့မှာ ရှေးရိုးစွဲဟု ခေါ်ဝေါ်ကြသည်။
ဥပမာအားဖြင့် နိုင်ငံရေးအာဏာ အထူးသဖြင့် စီးပွားရေးပါဝါကို စုစည်းထားသည့် ပါဝါအဆင့်အချို့သည် အစဉ်အလာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်သောကြောင့် အဆင်ပြေနိုင်သည်။
ပုံမှန်အားဖြင့်၊ လက်ယာ သို့မဟုတ် ရှေးရိုးစွဲဝါဒီများက အုပ်ချုပ်သော အစိုးရများတွင် ချမ်းသာသူများ၏ သားသမီးများကို အလွန်အခွင့်ထူးခံရာထူးများ ရကြသည်။
၎င်းတို့သည် “အရာအားလုံးသည် သာတူညီမျှသည်” စသော အယူအဆ အပြောင်းအလဲများထက် တည်ငြိမ်မှုအား ဦးစားကြလေသည်။ ဤလက်ယာယိမ်းစကေး၏ အလယ်သို့ ရွေ့လျားရာတွင် အဓိကချဉ်းကပ်မှုမှာ ဂရုတစိုက်နှင့် လုပ်ဆောင်ရန် နှေးကွေးခြင်းသာ ဖြစ်နိုင်သည်။ ၎င်းသည် လက်ယာစွန်းနှင့် အာဏာရှင်စနစ်နှင့် အတော်လေး ကွာခြားသော်လည်း ၎င်းသည် မျဉ်းဖြောင့်ပေါ်တွင် တိုင်းတာနိုင်သည့် အရာတစ်ခု ဖြစ်နေဆဲဖြစ်သည်။ ကောင်းမွန်ပြီး အန္တရာယ်မရှိသော ရှေးရိုးဆန်သော အယူအဆဟု ထင်ရသည့် တရားဥပဒေစိုးမိုးရေးကို သဘာဝအတိုင်း နှစ်သက်ခြင်းသည် ရှေးခေတ် ဒီမိုကရေစီစနစ်များမှမဟုတ်ဘဲ ဘုရင်များနှင့် ဧကရာဇ်များ၏ နိုင်ငံရေးသမိုင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။
ကွန်ဆာဗေးတစ်တိုင်းသည် အကြွင်းမဲ့အာဏာရှင်စနစ် သို့မဟုတ် ဘုရင်စနစ်ကို လက်ခံကျင့်သုံးသည့် အချိန်အထိ ပိုမိုဝေးကွာသွားလိမ့်မည်ဟု မဆိုလိုပါ။ ဝေးသေးဟုသာ ဆိုရပါမည်။ ဆိုလိုသည်မှာ ရှေးရိုးစွဲ နိုင်ငံရေး အစဉ်အလာသည် အတိတ်မှ တော်ဝင်အာဏာ၏ လွှမ်းမိုးမှုများအား ခံနေရဆဲဖြစ်သည်ဟုပင်။
တရားဥပဒေစိုးမိုးရေးနှင့် ပတ်သတ်သော လက်ဝဲအစွန်းရောက်တို့၏အမြင်အား အစောပိုင်း ပြင်သစ်မင်းမဲ့ဝါဒီ Proudhon က လွှမ်းမိုးခဲ့ပြီး သူ့အလိုအရ အခြားနည်းလမ်းများဖြင့်မဟုတ်ပါဘဲ လွတ်လပ်မှုကသည်သာ စည်းမျဥ်းစည်းကမ်းကို ဖန်တီးသည်ဟု ဆိုခဲ့သည်။ ဤလက်ဝဲစွန်းအုပ်စု (ကွန်မြူနစ်များကပင် အစွန်းရောက်လွန်းသည်ဟု ဝေဖန်လေ့ရှိပြီး လီနင်ကဆိုလျှင် လက်ဝဲသူငယ်နာဝါဒ ဟုပင်ခေါ်သည့်) တို့သည် လွတ်လပ်မှု အပြည့်ရှိလျှင် လူသားတို့သည် သဘာဝအတိုင်း ကောင်းမွန်လိမ့်မည်ဟု စောဒကတက်သည်။ သို့သော် ၎င်းတို့သည် မလွတ်လပ်မချင်း အမှန်တကယ် ကောင်းမွန်နိုင်မည်မဟုတ်ဟုလည်း ဆိုသည်။ စုစည်းထားသော အာဏာနှင့် ဗျူရိုကရေစီကဲ့သို့သော အရာများသည် ထိုကောင်းမြတ်မှုကို ဖျက်ဆီးပစ်လိမ့်မည်။ မတူညီသော လက်ဝဲအုပ်စုများအတွင်း လက်ဝဲယိမ်းလွတ်လပ်မှုဆိုင်ရာ ဤအယူအဆကို သဘောတူညီချက်အချို့ သို့မဟုတ် အနည်းဆုံး နားလည်မှုရှိနိုင်ကြသည်။ သို့သော်လည်း ထိုသို့သော လွတ်လပ်မှုကို နှောင့်နှေးရန် အမှန်တကယ် တွန်းအားပေးသည့် အကြောင်းပြချက်များ ရှိနေသည်ဟု စောဒကတက်ကြပေမည်။ ထိုစောဒကတို့မှာ လူတို့သည် လွတ်လပ်မှုအတွက် အဆင်သင့်မဖြစ်သေးဟု ယေဘူယျအားဖြင့် ယူဆသည့် ယနေ့ ကွန်မြူနစ်ပါတီ၏ အထိုင်ကပင် လာသည်။
မည်သို့ပင်ဆိုစေကာမူ ဤမျဉ်း၏တစ်နေရာရာတွင် ပင်မခေတ်သစ်အမေရိကန်လစ်ဘရယ်ရှုထောင့်သည် တည်ရှိနေသည်။ နိုင်ငံရေးဘာသာစကားတွင် ဆိုးရွားသော်လည်း နားလည်ပေးနိုင်သော လှည့်ကွက် အချို့ကြောင့် လစ်ဘရယ်ရှုထောင့်ကို လက်ဝဲယိမ်းရှုထောင့်အဖြစ် လူသိများလာခဲ့သည်။ သို့သော်၊ ၎င်းသည် ဗဟို၏ ညာဘက်ရှိ ရှေးရိုးဆန်သော အစဉ်အလာနှင့် အလွန်နီးကပ်စွာ တည်ရှိနေပြီး အလယ်ဗဟိုနှင့် နီးကပ်သည့် လက်ယာယိန်းအယူအဆဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပင် ကျွန်ုပ်ထင်မြင်မိ၏။
လစ်ဘရယ်များသည် ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့သော အထက်တန်းစားများအဖြစ် မြင်ကြသော အထူးသဖြင့် လစ်ဘရယ်များလက်ထဲတွင် အာဏာကို စုစည်းထားသင့်သည်ဟု ယုံကြည်ကြသည်။ သူတို့သည် ထိုစွမ်းအားကို တတ်နိုင်သမျှ ထိထိရောက်ရောက် စုစည်းထားရမည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် စီးပွားရေးလုပ်ငန်း သို့မဟုတ် အစိုးရများဖြစ်စေ အဖွဲ့အစည်းကြီးများကို မျက်နှာသာပေးကာ ရိုးရှင်းပြီး အောက်ခြေဆန်သော အရာတို့အား မနှစ်ခြိုက်ကြပါ။ ၎င်းတို့သည် နိုင်ငံနှင့်ချီပြီးသော် လည်းကောင်း၊ ကမ္ဘာနှင့် ချီပြီးသော်လည်းကောင်း၊ ကမ္ဘာအား ကျော်လွန်ပြီးသော်လည်းကောင်း တွေးကြသည်။
အမှန်မှာ လစ်ဘရယ်တို့သည် ရှေးရိုးစွဲဝါဒီများစွာထက် ပိုမိုထိန်းချုပ်ထားသော အုပ်ချုပ်မှုပုံစံကို ယုံကြည်သောကြောင့် လစ်ဘရယ်များသည် ကွန်ဆာဗေးတစ်များစွာ၏ဘေးတွင်ရှိသော်လည်း အမှန်တကယ်တွင် ရှေးရိုးစွဲဝါဒီများစွာ၏ညာဘက်တွင်ရှိသည်ဟု ဆိုခြင်းသည် ပို၍ပင် တိကျပေမည်။
C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how