အနာခစ်ဝါဒီတွေဟာ အနာခစ်ဝါဒီတွေ ဖြစ်နေကြလို့ အံ့အားသင့်နေကြသူများအတွက်

By William Gillis. Original: Everyone Wildly Surprised That Anarchists Are Anarchists, published on December 9, 2016. Translated into Burmese ty Hein Htet Kyaw.

ပြီးခဲ့တဲ့လရဲ့ နိုင်ငံရေးရုတ်ရုတ်သဲသဲ အခြေအနေတွေကြားထဲမှာ ဘယ်လိုနိုင်ငံရေး အုပ်စုမျိုးကမဆို (ပြီးတော့ ဒီထက်ပိုပြီး သိသင့်သိထိုက်တဲ့ လူတွေအပါအဝင်ပေါ့) လူတွေဟာ အနာခစ်ဝါဒီတွေက ကက်စထရို ကနေ ထရမ့်အထိ၊ မော်ဝါဒီတွေကနေ လက်ယာစွန်းသမားတွေအထိ အာဏာရှင်စနစ် မှန်သမျှကို တစ်စိုက်မတ်မတ် ရှုတ်ချဆန့်ကျင်နေကြတုန်းပဲဆိုတာကို သိသွားပြီး အကြီးအကျယ် ဒေါသတကြီး ဖြစ်နေကြတာ ထပ်ခါတလဲလဲ မြင်တွေ့ခဲ့ရတယ်။ အတိုချုပ်ပြောရရင် အနာခစ်ဝါဒီတွေက အနာခစ်ဝါဒီတွေ ဖြစ်နေကြလို့ သူတို့ခမျာ အလွန်အမင်း အံ့အားသင့်နေကြတာပေါ့။

ရယ်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုမှာဆိုရင် ကျွန်တော့်ကိုကိုယ်တိုင် “အာဏာရှင်စနစ် ဆန့်ကျင်ရေးတစ်ခုတည်းကိုပဲ အသေဆုပ်ကိုင်ထားတဲ့ လူဖျင်း” လို့တောင် အပြောခံခဲ့ရတယ်။ အေးလေ… ဟုတ်တာပေါ့။ ဒါဖြင့်ရင် အနာခစ်ဝါဒီဆိုတာ ဘာအကြောင်းလို့ ထင်နေကြလို့လဲ? ဒီလိုမျိုး အံ့အားသင့်တုန်လှုပ်မိတဲ့ ရယ်စရာဖော်ပြချက်တွေဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အနှံ့အပြား ဖြစ်နေခဲ့တာ။ လက်ဝဲနွယ်ဖွားတွေကြားထဲမှာလည်း “နေပါဦး… မင်းတို့က လက်ဝဲအာဏာရှင်တွေကိုပါ ဆန့်ကျင်တာလား?!!”၊ “နေပါဦး… မင်းတို့က တိုင်းရင်းသားမျိုးချစ်ဝါဒီတွေကိုပါ ဆန့်ကျင်တာလား?!!” ဆိုတဲ့ ပြီးပြတ်မသွားတဲ့ ပွတ်လောရိုက်သံတွေ ကြားနေရတယ်။

(လက်ယာစွန်းဘက်က လူတွေဆီကလည်း ဒီထက်ပိုပြီး ရယ်စရာကောင်းတဲ့ စိုးရိမ်ပူပန်မှုတွေ ကြားရသေးတယ်၊ နိုင်ငံတော်အာဏာစနစ်ကို ဖျက်သိမ်းလိုက်ရင် နယ်စပ်စည်းခြားမှုတွေပါ ပျက်ပြယ်သွားမယ်ဆိုတာကို သိသွားပြီး လန့်ဖြန့်သွားကြတာမျိုး၊ ဒါမှမဟုတ် လွတ်လပ်မှုကို ကိုယ်ကျင့်တရားအရ ကတိသစ္စာပြုထားခြင်းဟာ လူဖြူအထက်လူကြီးဝါဒီနဲ့ မဟာဖိုဝါဒ လိုမျိုး အဆိပ်အတောက်ဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်တတ်တဲ့ စုပေါင်းအုပ်စုလိုက်ဝါဒတွေကို မလျှော့တမ်း ဆန့်ကျင်တာမျိုး ဖြစ်တယ်ဆိုတာကို သိသွားပြီး အံ့သြကုန်ကြတာမျိုးပေါ့။)

လက်တွေ့မှာတော့ တစ်ခါတရံ ရှုပ်ထွေးတဲ့ မဟာဗျူဟာမြောက် စဉ်းစားချက်တွေ ရှိနိုင်တာမှန်ပေမဲ့ အနာခစ်ဝါဒီတွေကတော့ သူတို့ရဲ့ အနာခစ်တန်ဖိုးထားမှုတွေကို စွန့်လွှတ်မှာမဟုတ်သလို အနာခစ်ရည်မှန်းချက်တွေဆီ ဦးတည်လျှောက်လှမ်းနေတာကိုလည်း ရပ်တန့်မှာမဟုတ်ပါဘူး။ ဒါက ဘယ်သူ့ကိုမှ အံ့သြစရာ မဖြစ်စေသင့်တဲ့အရာပဲ။ ဒါပေမဲ့ အမေရိကန်ရွေးကောက်ပွဲရဲ့ အဆိပ်အတောက်တွေက လူအများစုဟာ အနာခစ်ဝါဒကို ကျင့်ဝတ်ဆိုင်ရာ ဒဿနတစ်ခု ဒါမှမဟုတ် တန်ဖိုးထားမှုစနစ်တစ်ခုအနေနဲ့ မမြင်ဘဲ၊ သူတို့အုပ်စု (ဒါမှမဟုတ် ရန်သူ့အုပ်စု) ထဲက ထူးဆန်းတဲ့ ဆပ်ကလပ်ချာ (Subculture) တစ်ခုအနေနဲ့ဖြစ်စေ၊ ဒါမှမဟုတ် နည်းဗျူဟာနဲ့ လက်နက်ကိရိယာ သက်သက်အနေနဲ့ဖြစ်စေ မြင်နေကြတယ်ဆိုတာကို နောက်တစ်ကြိမ် ထပ်ပြီး သက်သေပြလိုက်တာပါပဲ။

အနာခစ်ဝါဒဆိုတာ ဘယ်အသင်းအဖွဲ့နဲ့ ပတ်သက်နေလဲဆိုတာပေါ် မူတည်ပြီး အဓိပ္ပာယ်ဖွင့်တာ မဟုတ်ပါဘူး။ အခြေအနေ ကြည့်သုံးရမယ့် အလံတစ်ခုလည်း မဟုတ်ဘူး။ သူ့ရဲ့ အဓိပ္ပာယ်က သူ့နာမည်မှာတင် ပါပြီးသား—an-archia ဆိုတာ “အုပ်စိုးသူမရှိခြင်း” ပါ။ ကျွန်တော်တို့က လူသားတွေအပေါ် လွှမ်းမိုးချုပ်ကိုင်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှု မှန်သမျှကို ဆန့်ကျင်တယ်။ ကျွန်တော်တို့ကို ကန့်သတ်ချုပ်ချယ်ထားတဲ့ အရာမှန်သမျှကို အမြစ်ပြတ်အောင် လုပ်တာ ဒါမှမဟုတ် ကျော်ဖြတ်သွားတာနဲ့အမျှ လွတ်လပ်မှုနဲ့ ဖြစ်နိုင်ခြေတွေ အစဉ်အမြဲ ကျယ်ပြန့်လာမယ့် ကမ္ဘာကြီးကို ကျွန်တော်တို့ ရှာဖွေတည်ဆောက်နေတာ။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်တွေဟာ တစ်ခုနဲ့တစ်ခု ပဋိပက္ခဖြစ်နေတယ်လို့ နောက်ဆုံးမှာ မမြင်တဲ့အတွက်ကြောင့် ဒီလိုမျှော်မှန်းချက်မျိုး ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ကျွန်တော်တို့က ကမ္ဘာကြီးကို သီးခြားအုပ်စုတွေ၊ စုအုံတွေအဖြစ် ပိုင်းခြားမထားဘူး၊ အပြန်အလှန် ချိတ်ဆက်မှု ပိုမိုအားကောင်းလာအောင်ပဲ တည်ဆောက်ချင်တာ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လွတ်လပ်မှုကို တစ်ခုလုံးအတိုင်းအတာနဲ့ ကြည့်လို့ပါပဲ။

အနာခစ်ဝါဒဆိုတာ ရိုးရှင်းတဲ့ ဖော်ပြချက်တစ်ခုပါပဲ။ ဘာကူနင် ပြောခဲ့သလိုပေါ့—

“လူတိုင်းရဲ့ လွတ်လပ်ခွင့်ဟာ ငါ့ရဲ့ လွတ်လပ်ခွင့်အတွက် မရှိမဖြစ် လိုအပ်တယ်။ အခြားစိတ်ဝိညာဉ်အားလုံး အညီအမျှ လွတ်လပ်နေတဲ့အချိန်မှသာ ငါဟာ အမှန်တကယ် လွတ်လပ်တာ ဖြစ်တယ်။ အခြားစိတ်ဝိညာဉ်တွေရဲ့ လွတ်လပ်ခွင့်ဟာ ငါ့ရဲ့ လွတ်လပ်ခွင့်ကို ငြင်းပယ်တာ ဒါမှမဟုတ် ကန့်သတ်တာမျိုး လုံးဝမဟုတ်ဘဲ၊ ဆန့်ကျင်ဘက်အနေနဲ့ အဲဒါဟာ ငါ့လွတ်လပ်ခွင့်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်နဲ့ သက်သေပြချက်ပဲ ဖြစ်တယ်။”

ကျွန်တော်တို့က လူသားအားလုံးကို ဂရုစိုက်ပြီး လူသားအားလုံး လွတ်မြောက်ဖို့အတွက် ရှာဖွေတာ။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ ဒါမှမဟုတ် မိခင်နိုင်ငံသားတွေလောက်တင် မဟုတ်ဘူး။ ယဉ်ကျေးမှုအရ တူညီတဲ့ အုပ်စုဝင်တွေလောက်တင် မဟုတ်ဘူး။ ကျွန်တော်တို့က လည်စီးပုဝါ စည်းထားတဲ့ လက်ဝဲသမားတွေ မဟုတ်သလို၊ လည်ကတုံး နက်ကတိုင် တပ်ထားတဲ့ လက်ယာသမားတွေလည်း မဟုတ်ဘူး။ ကျွန်တော်တို့က အနာခစ်ဝါဒီတွေ။ ကျွန်တော်တို့က မင်းတို့ရဲ့ အုပ်စုအတွက် တိုက်ပွဲဝင်နေတာ မဟုတ်ဘူး၊ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတာ။

ဒါဟာ ကန့်သတ်ချုပ်ချယ်မှု မှန်သမျှကို ဆန့်ကျင်တာကို ဆိုလိုတယ်။ အာဏာရှင်တွေ၊ ရဲတွေ၊ နိုင်ငံရေးသမားတွေကနေစလို့ အများစုရဲ့ ဆန္ဒကို အဓမ္မကျောက်ချ သတ်မှတ်တာတွေအထိပေါ့။ စုပေါင်းအမှတ်သညာတွေနဲ့ အဖွဲ့အစည်းတွေလိုမျိုး အကောင်အထည်မရှိတဲ့ အရာတွေကို အဟုတ်ကြီးမှတ်ပြီး ကိုးကွယ်နေတဲ့ ကင်ဆာလို အသိဉာဏ်လမ်းလွဲမှုတွေကနေစလို့ ဘုရားတွေ၊ နတ်ဝိညာဉ်တွေအထိပေါ့။ လူသန်းပေါင်းများစွာကို ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုထဲ တွန်းပို့ထားတဲ့ နာမည်တစ်မျိုးနဲ့ စီးပွားရေးစနစ်ကနေစလို့၊ တခြားနာမည်တစ်မျိုးနဲ့ လူသန်းပေါင်းများစွာကိုပဲ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုထဲ တွန်းပို့ထားတဲ့ စီးပွားရေးစနစ်တွေအထိ ဆန့်ကျင်တာကို ဆိုလိုတာ။ စတာ စတာတွေပေါ့။

လွတ်လပ်မှုအတွက် တိုက်ပွဲဟာ ပိုင်ဆိုင်မှုအခွင့်အရေး ပိုကောင်းတဲ့စနစ်တစ်ခု တောင်းဆိုတာမျိုး ဒါမှမဟုတ် လူဖြူအထက်လူကြီးဝါဒနဲ့ ကိုလိုနီစနစ် အဆုံးသတ်ရေးလိုမျိုး ရိုးရှင်းလွယ်ကူတဲ့ တောင်းဆိုချက်တစ်ခုတည်းနဲ့တင် ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ အဲဒါဟာ စကြဝဠာကြီးလိုပဲ အဆုံးအစမရှိ ကျယ်ပြောသလို၊ စိတ်ဝိညာဉ်နှစ်ခုကြားက ဆက်ဆံရေးလိုပဲ နက်ရှိုင်းလှတယ်။ “ဒီလောက်ဆို တော်လောက်ပြီ” ဆိုတာမျိုး မရှိသလို “ဒါပေမဲ့ ဒါကတော့ ချွင်းချက်ပေါ့” ဆိုတာမျိုးလည်း ဘယ်တော့မှ မရှိပါဘူး။ အနာခစ်ဝါဒဟာ အလျှော့မပေးသလို ရဲရင့်ပြတ်သားလှပါတယ်။

ခင်ဗျားတို့ဖက်ခြမ်းကို ကျွန်တော်တို့ သစ္စာဖောက်လို့ကို မရပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ လွတ်လပ်မှုကလွဲလို့ ဘယ်သူ့ဘက်မှာမှ ဘယ်တုန်းကမှ မရပ်တည်ခဲ့လို့ပါပဲ။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

Anarchy and Democracy
Fighting Fascism
Markets Not Capitalism
The Anatomy of Escape
Organization Theory