C4SS. Original title: Back to Basics: What is Agorism and Counter-Economics?, published on September 2nd, 2016. Translated into Burmese by Hein Htet Kyaw.
(၁) အဂိုရစ်ဝါဒ (Agorism) ဆိုတာ ဘာလဲ?
ယခုဆွေးနွေးချက်တွင် ကျွန်တော့်အနေနဲ့ “၂၀၁ အဆင့်” (အဆင့်မြင့်) ဟု ခေါ်ဆိုလိုသော အဂိုရစ်ဝါဒဆိုင်ရာ ဆွေးနွေးချက်များစွာ ရှိနေပါတယ်။ ဒါပေသိ အခြေခံအကျဆုံး အယူအဆများကို လေ့လာဆန်းစစ်ရန် ကျန်ရစ်ခဲ့ခြင်း မရှိစေရန်အတွက် အခြေခံသဘောတရားများဆီသို့ နောက်ပြန်လှည့်ကြည့်ဖို့ အောက်ပါ ဥပမာမေးခွန်းများကို မေးမြန်းကြရန် လိုအပ်မည်ဟု ကျွန်တော် ထင်ပါတယ်။
ဥပမာ – တန်ပြန်ဘောဂဗေဒ (Counter-economics) ဆိုတာ ဘာလဲ? ဘယ်လိုအရာက တန်ပြန်ဘောဂဗေဒ လုပ်ဆောင်ချက် ထိုက်သလဲ၊ ဘယ်လိုအရာကြောင့် မထိုက်စေသလဲ။ အတိတ်၊ ပစ္စုပ္ပန် သို့မဟုတ် အနာဂတ်၏ တန်ပြန်ဘောဂဗေဒ လုပ်ဆောင်ချက်များကို ဆန်းစစ်ရာတွင် ရည်ရွယ်ချက်က အရေးပါပါသလား။ အဂိုရစ်ဝါဒသည် အတွေးအခေါ်တစ်ခုလား သို့မဟုတ် မဟာဗျူဟာတစ်ခုလား။
အချိန်နဲ့ နေရာအခက်အခဲကြောင့် လောလောဆယ်မှာ ပထမဆုံးနဲ့ နောက်ဆုံးမေးခွန်းတွေကိုပဲ အဓိကထား ဆွေးနွေးသွားမှာဖြစ်ပေမဲ့ ကျန်တဲ့မေးခွန်းတွေကလည်း ထည့်သွင်းစဉ်းစားဖို့ ထိုက်တန်ပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် ကျွန်တော်ကိုယ်ကျွန်တော် အဂိုရစ်ဝါဒီ (Agorist) တစ်ယောက်လို့ မယူဆဘဲ ဒီအတွေးအခေါ်တွေကို ယထာဘူတကျကျ တင်ပြဖို့နဲ့ ဒီဝါဒရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ရှင်းပြနိုင်စွမ်းရှိသူတစ်ယောက်အနေနဲ့ပဲ ခံယူထားပါတယ်။ ကျွန်တော့် အနေနဲ့ အဂိုရစ်ဝါဒရဲ့ မဟာဗျူဟာတွေနဲ့ အတွေးအခေါ်တွေမှာ သိသာထင်ရှားတဲ့ အားသာချက်တွေရှိတယ်လို့ ခံစားရပေမဲ့ Samuel Edward Konkin III (SEK III) ရဲ့ အယူအဆတွေကို အပြည့်အဝ လက်မခံပါဘူး။ အဂိုရစ်ဝါဒကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဝေါဟာရဗေဒအရ “Agorism” ဆိုတဲ့ စကားလုံးဟာ “ဈေးကွက်” လို့ အဓိပ္ပာယ်ရတဲ့ ဂရိစကားလုံး “Agora” ကနေ ဆင်းသက်လာတာဖြစ်လို့ အဂိုရစ်ဝါဒဟာ စာသားအရ “ဈေးကွက်ဝါဒ” လို့ အဓိပ္ပာယ်ရပါတယ်။
ပိုပြီးတိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် SEK III က ဒါကို ဒီလိုဖွင့်ဆိုခဲ့ပါတယ် – “…လစ်ဘာတေးရီးယန်း (Libertarian) သီအိုရီကို တန်ပြန်ဘောဂဗေဒ လက်တွေ့လုပ်ဆောင်မှုနဲ့ တစ်သားတည်းဖြစ်အောင် ပေါင်းစပ်တာဖြစ်တယ်၊ အဂိုရစ်ဝါဒီဆိုတာ လွတ်လပ်မှုအတွက်ရော လွတ်လပ်မှုအတိုင်းပါ တစိုက်မတ်မတ် လုပ်ဆောင်သူကို ဆိုလိုတာပါ။” [၁] တခြားသူတွေကတော့ အဂိုရစ်ဝါဒကို “တော်လှန်သော ဈေးကွက်မင်းမဲ့ဝါဒ“ လို့ ပိုပြီးရိုးရိုးရှင်းရှင်း အဓိပ္ပာယ်ဖွင့်ကြပြီး Wikipedia မှာတော့ ဒါဟာ “…တန်ပြန်ဘောဂဗေဒ နည်းလမ်းတွေကတစ်ဆင့် လူသားချင်း ဆက်ဆံရေးအားလုံးဟာ မိမိအလိုအလျောက် အပြန်အလှန် ဖလှယ်မှုတွေဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေဖို့ ရည်မှန်းချက်ကို ရှေ့ရှုတဲ့ တော်လှန်သော လစ်ဘာတေးရီးယန်း နိုင်ငံရေးအတွေးအခေါ်ဖြစ်ပြီး၊ အဲဒီလိုဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းတဲ့ တော်လှန်ရေးဆိုင်ရာ ရှုထောင့်တွေကို ကျင့်သုံးတာ ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဆိုတာ ရှုပ်ထွေးလှပြီး ခိုင်မာတဲ့ အဓိပ္ပာယ်တစ်ရပ်ကို အတည်ပြုနိုင်ဖို့အတွက် ပိုပြီးကျယ်ပြန့်တဲ့ လူမှုယဉ်ကျေးမှုနဲ့ ညှိနှိုင်းမှု၊ ပြန်လည်ညှိနှိုင်းမှုတွေအပေါ် အများကြီးမူတည်နေပါတယ်။ အဲဒီလို လုပ်ဆောင်ချက်တွေ မရှိရင် အယူဝါဒဆိုတာ အသုံးမဝင်တဲ့၊ လူမှုအသိုက်အဝန်းနဲ့ ကင်းကွာနေတဲ့ ကိရိယာတစ်ခုပဲ ဖြစ်သွားပါလိမ့်မယ်။ အကယ်လို့ ကျွန်တော်တို့ဟာ ဘယ်လိုတော်လှန်ရေးမျိုးကိုမဆို ရည်မှန်းနေတာဆိုရင် အဲဒီလိုဖြစ်လာမှာကို အစွမ်းကုန် ရှောင်ရှားရမှာ ဖြစ်ပါတယ်။
အဲဒီလိုပြောပေမဲ့ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ လစ်ဘာတေးရီးယန်းဝါဒ (Libertarianism) ဆိုတာ ဘာလဲ၊ ဘယ်အရာက ဒါနဲ့ ကိုက်ညီသလဲ၊ တစိုက်မတ်မတ်ရှိဖို့ ဘယ်လောက်အရေးကြီးသလဲ စတာတွေနဲ့ ပတ်သက်ပြီး ပိုပြီးနက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖို့ လိုနေသေးတာကြောင့် လက်တွေ့မျက်နှာစာမှာတော့ သိပ်ပြီးအထောက်အကူပြုမယ်လို့ မထင်ပေမဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေဟာ ကောင်းမွန်တဲ့ အစပျိုးချက်တွေပါပဲ။ ဒါပေမဲ့ ဒီအချက်ဟာ အဂိုရစ်ဝါဒကို သီအိုရီအရ ဆွေးနွေးချင်သူတွေ ဒါမှမဟုတ် ဒါကို မိမိကိုယ်ကိုယ် အမည်တပ်ဖို့ (Label) သုံးချင်သူတွေအတွက် အဆင်မပြေနိုင်ပေမဲ့၊ အဓိပ္ပာယ်ဖွင့်ဆိုချက် အများစုဟာ ဒီလိုပြဿနာမျိုးနဲ့ ရင်ဆိုင်ရလေ့ရှိတာကို သတိပြုသင့်ပါတယ်။ မင်းမဲ့ဝါဒ (Anarchism) ကို “အုပ်ချုပ်သူကင်းမဲ့ရေးကို လိုလားတဲ့ အတွေးအခေါ်” လို့ ရိုးရိုးရှင်းရှင်း အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။ ဒါပေမဲ့ အုပ်ချုပ်တာဆိုတာ ဘာလဲ။ ဒါကို အဆုံးသတ်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ။ ကျွန်တော်ကိုယ်ကျွန်တော် မင်းမဲ့ဝါဒီတစ်ယောက်ဖြစ်ကြောင်း တစ်စုံတစ်ယောက်ကို ပြောပြတဲ့အခါ “အော်… ဟုတ်ပြီ၊ မင်းမဲ့ဝါဒီပဲ” လို့ ပြန်ပြောပြီး စကားပြတ်သွားခဲ့တဲ့ အကြိမ်မျိုးကို ကျွန်တော်မမှတ်မိတော့ပါဘူး။ တခြား မင်းမဲ့ဝါဒီတွေကြားထဲမှာတောင် ဒီလို အပြန်အလှန် နားလည်မှုမျိုးနဲ့ စကားစမြည် မပြီးဆုံးသွားတတ်ပါဘူး။
နောက်ထပ် သတိပြုရမယ့် ရှင်းလင်းချက်တစ်ခုကတော့ အဂိုရစ်ဝါဒ (Agorism) နဲ့ တန်ပြန်ဘောဂဗေဒ (Counter-economics) တို့ဟာ မတူညီတဲ့ အရာတွေ ဖြစ်ကြပါတယ်။ အဂိုရစ်ဝါဒဟာ တန်ပြန်ဘောဂဗေဒကို သူ့ရဲ့ မူဘောင်အဖြစ် အသုံးချတဲ့ အတွေးအခေါ်တစ်ခုအနေနဲ့ လွှမ်းခြုံထားပါတယ်။ အဂိုရစ်ဝါဒကို အတွေးအခေါ်အနေနဲ့၊ တန်ပြန်ဘောဂဗေဒကို နည်းဗျူဟာအနေနဲ့ နားလည်လိုက်ရင် ဒါဟာ ကျိုးကြောင်းဆီလျော်မှု ရှိသွားပါတယ်။ ဒီအကြောင်းကို နောက်ပိုင်းမှာ ပိုပြီးဖော်ပြပါ့မယ်။
ကွဲပြားမှုကို ပိုပြီးရှင်းသွားအောင် အဂိုရစ်ဝါဒရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျွန်တော် အကောင်းဆုံး ကြိုးစားဖော်ပြရရင် – အစိုးရဦးစီးအရင်းရှင်စနစ် (State-capitalism) ရဲ့ ကန့်သတ်ချက်တွေကနေ ကင်းလွတ်တဲ့ ပိုပြီးလွတ်လပ်တဲ့ ဈေးကွက်တစ်ခုဆီ ဦးတည်ရာမှာ တန်ပြန်ဘောဂဗေဒ (ဆိုလိုတာက လွှမ်းမိုးထားတဲ့ အစိုးရဦးစီးအရင်းရှင်စနစ်ရဲ့ “စနစ်တကျဖြစ်မှု” ကို ဆန့်ကျင်တဲ့ စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုတွေကို လေ့လာတာနဲ့ လက်တွေ့ကျင့်သုံးတာ) ကို နည်းလမ်းအများကြီးထဲက တစ်ခုအဖြစ် အဆိုပြုတဲ့ SEK ရဲ့ အစဉ်အလာအတိုင်း လိုက်နာတဲ့ မင်းမဲ့ဝါဒီတွေ (“လစ်ဘာတေးရီးယန်းသစ်တွေ” လို့လည်း ခေါ်ပါတယ်) ထောက်ခံတဲ့ အတွေးအခေါ်တစ်ခု ဖြစ်ပါတယ်။ ထပ်ပြောရရင် အဂိုရစ်ဝါဒီတွေဟာ အထက်ကနေ အောက်ကို အမိန့်ပေးတဲ့ ဗဟိုချုပ်ကိုင်မှုရှိတဲ့ ကုမ္ပဏီတွေထက် ကိုယ်ပိုင်လုပ်ငန်းလုပ်တာနဲ့ ပိုပြီးညီညာတဲ့ (အဆင့်ဆင့်ခွဲခြားမှုနည်းတဲ့) ကုမ္ပဏီတွေဆီ ဦးတည်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို မျှော်မှန်းကြပါတယ်။ သူတို့ဟာ ဒီကောက်ချက်ကို ချမှတ်ဖို့အတွက် ရှေးရိုးဩစတြီးယား စီးပွားရေးပညာ (Classic Austrian Economics) နဲ့ လက်ဝဲ–ရော့သ်ဘတ်ဒီယန် (Left-Rothbardian) ဆန်းစစ်ချက်တွေကို ရောနှောအသုံးပြုကြပါတယ်။ မဟာဗျူဟာပိုင်း ရောက်ရင်တော့ အဂိုရစ်ဝါဒီတွေဟာ မဲပေးတာကို ဆန့်ကျင်ကြပြီး နိုင်ငံတော်ကို အမြစ်ပြတ်ဖျက်သိမ်းနိုင်ဖို့အတွက် အစားထိုး အဖွဲ့အစည်းတွေ တည်ဆောက်တာကိုပဲ ပိုပြီးနှစ်သက်ကြပါတယ်။
အဂိုရစ်ဝါဒ (Agorism) ကနေ ကျွန်တော်ရတဲ့ အဓိကအချက်အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် –
1. လေ့လာမှုတစ်ခုအနေနဲ့ရော နည်းဗျူဟာတစ်ခုအနေနဲ့ပါ တန်ပြန်ဘောဂဗေဒ (Counter-economics) ကို အလေးထားတာ၊
2. အစားထိုးအဖွဲ့အစည်းတွေကတစ်ဆင့် ငြိမ်းချမ်းတဲ့တော်လှန်ရေးကို ဖော်ဆောင်ဖို့ အလေးထားတာ၊
3. လေ့လာမှုနယ်ပယ်တစ်ခုအနေနဲ့ တန်ပြန်ဘောဂဗေဒမှာ ဩစတြီးယားစီးပွားရေးပညာ (Austrian Economics) ကို အသုံးပြုဖို့ အလေးထားတာ၊
4. သဘောတရားရေးရာ တစိုက်မတ်မတ်ရှိမှုအပေါ် ပြတ်ပြတ်သားသား အလေးထားတာ၊
5. အစဉ်အလာ လွှတ်တော်နိုင်ငံရေးအပေါ် အလေးမထားတာ (ဒါဟာ အပြည့်အဝနီးပါး ငြင်းပယ်တဲ့ဘက်ကို ဦးတည်လေ့ရှိပါတယ်)၊
6. သီအိုရီနဲ့ ဒါကို လက်တွေ့အသုံးချမှုတွေမှာ သိပ္ပံနည်းမကျတဲ့ ချဉ်းကပ်မှုတွေကို အလေးမထားတာ။
(၂) တန်ပြန်ဘောဂဗေဒ– နည်းဗျူဟာတစ်ခုလား သို့မဟုတ် အတွေးအခေါ်တစ်ခုလား။
တန်ပြန်ဘောဂဗေဒ (Counter-economics) ဆိုတာ နည်းဗျူဟာတစ်ခုသက်သက်ပဲလား ဒါမှမဟုတ် တခြားအရာတစ်ခုခုရော ဖြစ်နိုင်သလား။ နောက်ပြီး အဂိုရစ်ဝါဒ (Agorism) က နည်းဗျူဟာတစ်ခုလား ဒါမှမဟုတ် အတွေးအခေါ်တစ်ခုလား။ တန်ပြန်ဘောဂဗေဒဟာ နည်းဗျူဟာရော အတွေးအခေါ်ပါ ဖြစ်နိုင်ပေမဲ့ အဂိုရစ်ဝါဒကတော့ အတွေးအခေါ်သက်သက်ပဲလို့ ကျွန်တော်ယုံကြည်ပါတယ်။ အဂိုရစ်ဝါဒဟာ အတွေးအခေါ် ဒါမှမဟုတ် အယူဝါဒတစ်ခု ဖြစ်ရတာဟာ ဒါဟာ လက်ရှိအခြေအနေကနေ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုသွားရမလဲဆိုတဲ့ အကြံဉာဏ်မျိုးတင် မဟုတ်ဘဲ၊ ဘယ်လိုနေထိုင်ရမလဲ၊ ကျွန်တော်တို့ ဘယ်လိုအခြေအနေမှာ နေထိုင်နေရတာလဲဆိုတာကို ခွဲခြားသတ်မှတ်တာ၊ အဲဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်ရမလဲနဲ့ အဲဒီလိုဘဝဟာ ဘယ်လိုပုံစံရှိနိုင်မလဲ ဆိုတာတွေကိုပါ ဖော်ပြနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် အဂိုရစ်ဝါဒဟာ နည်းဗျူဟာတစ်ခုတင် မဟုတ်ပါဘူး၊ အကယ်လို့ နည်းဗျူဟာသက်သက်ပဲဆိုရင် ဒါဟာ အရာရာကို ညွှန်ကြားတာနဲ့ ဖော်ပြတာတွေ လုပ်မှာမဟုတ်သလို ဩစတြီးယားစီးပွားရေးပညာ၊ တန်ပြန်ဘောဂဗေဒ စတဲ့ အစိတ်အပိုင်းအများကြီးလည်း ပါဝင်နေမှာ မဟုတ်ပါဘူး။
တန်ပြန်ဘောဂဗေဒကို Konkin က ‘လစ်ဘာတေးရီးယန်းသစ် ကြေညာစာတမ်း‘ (New Libertarian Manifesto – NLM) မှာ “လူတွေဟာ မိမိတို့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်လက်ထဲကနေ ဘယ်လိုကာကွယ်ကြသလဲဆိုတဲ့ ရှင်းလင်းချက်…” လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပေမဲ့၊ လူတွေဟာ “နိုင်ငံတော်ကို ရှောင်လွှဲတာနဲ့ အာခံတာ…” လုပ်တဲ့အခါမှာလည်း ဒါဟာ “…တန်ပြန်ဘောဂဗေဒ လုပ်ဆောင်ချက်” ပါပဲ။ ဒါဟာ လက်တွေ့အားဖြင့် တန်ပြန်ဘောဂဗေဒဟာ လေ့လာမှု (Study) ရော လက်တွေ့ကျင့်သုံးမှု (Practice) ပါ ဖြစ်တယ်လို့ ဆိုလိုတာပါ။ NLM စာအုပ်ကိုယ်တိုင်က တန်ပြန်ဘောဂဗေဒဆိုင်ရာ သီအိုရီတစ်ခုဖြစ်တာကြောင့် ဒီစာအုပ်မှာ တန်ပြန်ဘောဂဗေဒအကြောင်း ပြောတဲ့အခါ လက်တွေ့ကျင့်သုံးမှုကို ရည်ညွှန်းတာဖြစ်တယ်လို့ Konkin က ရေးခဲ့ပါတယ်။
‘အဂိုရစ်ဝါဒီ လက်စွဲ‘ (The Agorist Primer) မှာလည်း Konkin က ဆက်ရှင်းပြရာမှာ “တန်ပြန်ဘောဂဗေဒပညာရှင် (Counter-Economist) ဆိုတာ (၁) တန်ပြန်ဘောဂဗေဒ လုပ်ဆောင်ချက်ကို လက်တွေ့လုပ်နေသူ ဒါမှမဟုတ် (၂) အဲဒီလို လုပ်ဆောင်ချက်တွေကို လေ့လာနေသူ ဖြစ်တယ်။ တန်ပြန်ဘောဂဗေဒ ဆိုတာ တန်ပြန်ဘောဂဗေဒ လုပ်ဆောင်ချက်တွေကို (၁) လက်တွေ့ကျင့်သုံးတာနဲ့ (၂) လေ့လာတာပဲ ဖြစ်တယ်” လို့ ဆိုထားပါတယ်။ ဒါ့အပြင် တန်ပြန်ဘောဂဗေဒ (Counter-economy) နယ်ပယ်ကို နိုင်ငံတော်ရဲ့ အရှုံးပေါ်မှာ အခြေခံပြီး အကျိုးအမြတ်အတွက် သူတစ်ပါးအပေါ် ကျူးကျော်စော်ကားတာမျိုးမရှိတဲ့ လုပ်ဆောင်ချက်တွေ လုပ်သူအားလုံးနဲ့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် တန်ပြန်ဘောဂဗေဒပညာရှင် တစ်ယောက်နဲ့ ယေဘုယျအားဖြင့် တန်ပြန်ဘောဂဗေဒဆိုတဲ့ အယူအဆဟာ လက်တွေ့ကျင့်သုံးတာ ဒါမှမဟုတ် လေ့လာတာ တစ်ခုခုဖြစ်နိုင်ပြီး၊ နှစ်ခုစလုံး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။
တန်ပြန်ဘောဂဗေဒဟာ လေ့လာမှုရော လက်တွေ့ကျင့်သုံးမှုပါ ဖြစ်နေတာကြောင့် ဒီအယူအဆဟာ လူတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုနေထိုင် တည်ဆောက်မလဲဆိုတဲ့ အချက်မှာတင်မကဘဲ (အသုံးအများဆုံး ဖြစ်တဲ့) လက်ရှိနေရာကနေ ရည်မှန်းချက်ဆီ ဘယ်လိုသွားမလဲဆိုတဲ့ အချက်မှာပါ အသုံးချနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် တန်ပြန်ဘောဂဗေဒဟာ လက်ရှိ အစိုးရကြီးစိုးတဲ့ လူ့အဖွဲ့အစည်းကနေ ဈေးကွက်တွေက အပြန်အလှန် အကျိုးပြုတဲ့ ဆက်ဆံရေးတွေကို အထောက်အကူပြုတဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဆီကို ဘယ်လိုကူးပြောင်းမလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how






