မြန်မာ — လျှပ်တပျက်ဖြစ်ပေါ်လာသော မှောင်ခိုစျေးကွက်ဖြင့် အာဏာကို မမျှော်လင့်ပဲတွန်းလှန်မိခြင်း

By Hein Htet Kyaw. Original: Myanmar: The Accidental Agora, published on July 10, 2025. Translated into Burmese by Hein Htet Kyaw.

မြန်မာ့စီးပွားရေးနှင့် နိုင်ငံရေးစနစ်သည် ဆယ်စုနှစ်များစွာကြာအောင် အာဏာရှင်အစိုးရများနှင့် အင်အားကြီးစစ်တပ်များ၏ ပုံဖော်မှုကို အကြီးအကျယ်ခံခဲ့ရသည်။ ၁၉၆၂ ခုနှစ်တွင် “မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်” အောက်တွင် စတင်ခဲ့သော အစိုးရထိန်းချုပ်ထားသော သမဝါယမစနစ်မှသည် နောက်ဆုံး ၁၉၉၀ ပြည့်လွန်နှစ်များတွင် အယူဝါဒလွှမ်းမိုးမှု မရှိသော စစ်အာဏာရှင်စနစ်သို့ ကူးပြောင်းခဲ့သည်။ NLD အစိုးရ (၂၀၁၅ မှ ၂၀၂၀ အတွင်း) လက်ထက်တွင် စျေးကွက်စီးပွားရေးစနစ်ဆီသို့ ဦးတည်သော ဖွံ့ဖြိုးတိုးတက်မှုတို့ရှိခဲ့သည့် ကာလတိုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း မဆလခေတ်ကို အမှတ်ရနေစေမည့် “နိုင်ငံတော်-သမဝါယမ စီးပွားရေးပုံစံ” ကို လက်ရှိစစ်အစိုးရလက်ထက်တွင် ပြန်လည်ပြဌာန်းခဲ့သည်။ သို့သော် တင်းကြပ်သော ပြစ်ဒဏ်များ၏ ခြိမ်းခြောက်မှုအောက်တွင်ပင် အစိုးရထိန်းချုပ်ထားသော စီးပွားရေးစနစ်ကို ဆန့်ကျင်သည့် လူထု၏ နေ့စဉ်ခုခံမှုပုံစံအဖြစ် မှောင်ခိုဈေးကွက်အား သမိုင်းတစ်ကျော့ပြန်သကဲ့သို့ပင် ဆက်လက်လုပ်ဆောင်နေပါသည်။

ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရပြီးစကပင် တောက်လောင်နေခဲ့သော ပြည်တွင်းစစ်ဒဏ်တို့ကြောင့် မြန်မာနိုင်ငံသည် “မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်” ကို အသက်သွင်းခဲ့သော ဦးနေဝင်း ဦးဆောင်ကာ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းမှုကို ကျူးလွန်ကာ တစ်ပါတီဆိုရှယ်လစ်နိုင်ငံကို ထူထောင်သဖြင့် လူထုသည် အာဏာရှင်စနစ်အား လက်တွေ့ကြုံခဲ့ရသည်။ “မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်” ဝါဒသည် အမျိုးသားရေးဝါဒ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် မာ့က်စ်ဝါဒကို ရောနှောကာ ဆိုရှယ်ဒီမိုကရေစီဝါဒနှင့် အရင်းရှင်စနစ်ကို ဆန့်ကျင်ခဲ့သည်။ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ) အစိုးရသည် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို ပြည်သူပိုင်သိမ်းကာ နိုင်ငံတကာအကူအညီများကို နှင်ထုတ်ရင်း နိုင်ငံခြားရေနံကုမ္ပဏီများကို ထွက်ခွာခိုင်းခဲ့သည်။ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ) အစိုးရသည် ဆိုရှယ်လစ်နိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာလာချိန်တွင် အနောက်နိုင်ငံများသို့ ခရီးသွားလာမှု ကန့်သတ်ချက်များ တင်းကျပ်ထားခဲ့သည်။ ၁၉၆၃ ခုနှစ်မှ စတင်သော ကျယ်ပြန့်သည့် ပြည်သူပိုင်သိမ်းခြင်း အစီအစဉ်သည် အဓိကစက်မှုလုပ်ငန်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်ထိန်းချုပ်မှုအောက်သို့ ယူဆောင်လာခဲ့ပြီး နိုင်ငံခြားပိုင်လုပ်ငန်းများကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါသည်။ သတင်းစာများကိုလည်း ပြည်သူပိုင်သိမ်းခဲ့ပြီး ပုဂ္ဂလိက စာစောင်များကို ပိတ်ပင်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင်မူ လူထုမှ မဆလ၏ “မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်” ကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီကို တောင်းဆိုခဲ့ကြသည်။ သို့သော်လည်း တပ်မတော် (စစ်တပ်) က SLORC (နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ) အဖြစ် အသွင်းပြောင်း အာဏာသိမ်းပြီး မဆလကို ဖျက်သိမ်းကာ နောက်ပိုင်းတွင် နအဖ (နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ) အဖြစ် အမည်ပြောင်းခဲ့သည်။ SLORC/SPDC သည် ဆိုရှယ်လစ်စနစ်ကို စွန့်လွှတ်ခဲ့သော်လည်း အာဏာရှင်နိုင်ငံတော်ဖွဲ့စည်းပုံကို ထိန်းသိမ်းခဲ့သည်။ သို့သော် ထိုနောက်တွင် ၂၀၁၀ ခုနှစ်ဝန်းကျင်အထိ ရှင်းလင်းပြတ်သားသော အယူဝါဒမရှိပါဘဲ စစ်အုပ်ချုပ်ရေးသက်သက်ဖြင့်သာ ထိထိရောက်ရောက် ဆက်လက်အုပ်ချုပ်ခဲ့သည်။ အနောက်နိုင်ငံများကလည်း ဒဏ်ခတ်ပိတ်ဆို့ထားသောကြောင့် နအဖအစိုးရသည် USD ကဲ့သို့သော နိုင်ငံခြားငွေများ လက်ဝယ်ပိုင်ဆိုင်ခွင့်ကို တားမြစ်ထားပြီး စစ်တပ်မှ သတ်မှတ်သော ငွေလဲနှုန်းဖြင့်သာ “နိုင်ငံခြားငွေလက်မှတ်များ ” ကို အသုံးပြုရန် အမိန့်ပေးခဲ့သည်။ ဂီတ၊ ရုပ်ရှင်နှင့် စာအုပ်များ အပါအဝင် နိုင်ငံခြား ယဉ်ကျေးမှု ထုတ်ကုန်များသည် ပြင်းထန်သော ကန့်သတ်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ဥပမာအားဖြင့်၊ ရမ်ဘို (၂၀၀၈) ရုပ်ရှင်သည် မြန်မာစစ်တပ်အပေါ် အပျက်သဘောဆောင်သော သရုပ်ဖော်မှုကြောင့် တားမြစ်ခံခဲ့ရသည်။ ရိုးရာဆန္ဒပြတေးဂီတ (သံချပ်) နှင့် လူမှုဘဝကိုဖော်ကျုးသော ဟစ်ဟော့အနုပညာရှင်များကိုလည်း ဆင်ဆာဖြတ်တောက်ခဲ့ပြီး ဖျော်ဖြေပွဲများကို အနီးကပ်စောင့်ကြည့်ခဲ့သည်။ ထို့ကြောင့် အနုပညာရှင်များနှင့် စာရေးဆရာများသည် ၎င်းတို့၏ လက်ရာများကို မှောင်ခိုဈေးကွက် လမ်းကြောင်းများမှတစ်ဆင့် ဖြန့်ဝေကာ လမ်းဘေးဈေးသည်ငယ်များက သီချင်းများနှင့် ဆင်ဆာဖြတ်ထားသော စာအုပ်များကို တရားမဝင် ရောင်းချကြသည်။ တရားဝင်လိုင်စင်ရ ဒီဗီဒီများသည် မှောင်ခိုဈေးကွက် အရောင်းဆိုင်များမှ ရောင်းချသည့် စျေးပေါသော ဒီဗီဒီများနှင့် နှိုင်းယှဉ်ပါက သာမန်လူများအတွက် နည်းပါးပါသည်။

အင်တာနက်အသုံးပြုခွင့်သည် ချမ်းသာသူများသာ စံစားနိုင်သော ဇိမ်ခံပစ္စည်းတစ်ခုဖြစ်ခဲ့သည်။ သာမန်အလုပ်သမားလူတန်းစားများသည် VZO၊ Gtalk၊ Skype နှင့် MIRC ကဲ့သို့သော ပလပ်ဖောင်းများကို အသုံးပြု၍ နိုင်ငံရပ်ခြားတွင် ရပ်တည်နေကြသော မိသားစုနှင့် ဆက်သွယ်ရန်အတွက် နှေးကွေးလေးလံကာ စိတ်မချရသော အင်တာနက်ကို သုံးစွဲရန်အတွက် ပြည်တွင်းအင်တာနက်ကဖေးများသို့ သွားရောက်လည်ပတ်မှုအပေါ် အားကိုးအားထားပြုကြသည်။ လူကြိုက်များသော နိုင်ငံတကာရုပ်ရှင်များကို အင်တာနက်အသုံးပြုခွင့်ရှိသူ အနည်းငယ်က ဒေါင်းလုဒ်လုပ်ခဲ့ပြီး ပုံမှန်အားဖြင့် အင်တာနက်ကဖေးပိုင်ရှင်များက စီဒီများ၊ ဒီဗီဒီများနှင့် VHS တိပ်ခွေများမှတစ်ဆင့် တရားမဝင်ကူးယူခဲ့ကြသည်။ အဆိုပါ ခိုးကူးရောင်းချသူများကို မြို့တော်ကောင်စီတာဝန်ရှိသူ  (စည်ပင်ဝန်ထမ်း) များက အဆက်မပြတ်ဖမ်းဆီးရန် ကြိုးစားကြသည်။ သို့သော် ထိုအန္တရာယ်များအကြားမှပင် လမ်းဘေးဈေးသည်များက ရောင်းချခဲ့ကြသည်။ အစိုးရသည် ပြည်တွင်းရုပ်ရှင်လုပ်ငန်းကို ဝါဒဖြန့်ရန်အတွက် ကြားခံအဖြစ် အသုံးပြုကာ တရားဝင်ရုပ်ရှင်တိုင်း၏ အစတွင် နိုင်ငံရေးကြွေးကြော်သံများ ထည့်သွင်းကာ ဝါဒဖြန့်ခဲ့သည်။ ထိုအချိန်များတွင် လူရွှင်တော်များသည် အစိုးရ၏ ချို့ယွင်းချက်များကို ဟာသနှောကာ ဝေဖန်ခြင်းဖြင့် လူထုနိုင်ငံရေး အသိပညာများ မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဤဟာသဖျော်ဖြေပွဲများကို မှောင်ခိုဈေးကွက်မှတဆင့် မှတ်တမ်းတင်ပြီး ဖြန့်ဝေခဲ့ပြီး ငှားရမ်းခြင်း သို့မဟုတ် ဝယ်ယူခြင်းမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သည်။ ကွန်ပျူတာများနှင့် အိုင်တီဆက်စပ်ပစ္စည်းများကဲ့သို့ တန်ဖိုးကြီးကုန်ပစ္စည်းများအတွက်ပင် ခွင့်ပြုချက်ရ အရောင်းကိုယ်စားလှယ်အနည်းငယ်ကသာ အာမခံပေးနိုင်ခဲ့သည်။ သို့သော်လည်း နယ်စပ်အရာရှိများကို လာဘ်ထိုးခြင်းဖြင့် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ တူညီသော ကုန်ပစ္စည်းများကို ပြည်တွင်းရောင်းချသူ အများအပြားက တရားမဝင် တင်သွင်းခဲ့ကြသည်။ ဤရောင်းချသူများသည် စစ်အစိုးရထံပေးဆောင်သော အခွန်များကို လျှော့ချရန်နှင့် အမြတ်အစွန်းအများဆုံးရရှိရန် မှောင်ခိုပစ္စည်းများနှင့် တရားဝင်စတော့ရှယ်ယာများကို ရောနှောလေ့ရှိသည်။ ထို့အပြင် ငွေသားအခြေခံလစာစနစ်သည် အလုပ်သမားလူတန်းစားအတွက် ဝင်ငွေခွန်မရှိသလောက်ပင်ဖြစ်သည်ဟု ဆိုလိုသည်။ ထိုကာလအတွင်း လျှပ်စစ်ဓာတ်အား ပေးဝေမှုမှာ ပြင်းထန်စွာ ကန့်သတ်ခံခဲ့ရပြီး မြို့နယ်များတွင် တစ်နေ့လျှင် အနည်းဆုံး ခြောက်နာရီနှင့် အများဆုံး ဆယ့်ရှစ်နာရီခန့် လျှပ်စစ်မီး ပြတ်တောက်မှု ကြုံတွေ့နေခဲ့ရသည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် လုံလောက်သော ဆည်အခြေခံအဆောက်အအုံများ ရှိသော်လည်း အာဏာရစစ်အစိုးရသည် ၎င်းတို့၏ တံခါးပိတ်ဝါဒ မဟာဗျူဟာနှင့် (အနောက်တိုင်း) နယ်ချဲ့ဆန့်ကျင်ရေး အမည်ခံ ရပ်တည်ချက်ကြောင့် ၎င်းတို့၏ အဓိက နိုင်ငံတကာကုန်သွယ်ဖက်အဖြစ် ကျန်ရှိနေသော တရုတ်နိုင်ငံသို့ ပြည်တွင်းထုတ် လျှပ်စစ်ဓာတ်အား တင်ပို့မှုအား ဦးစားပေးခဲ့သည်။ ပြည်သူများက စစ်အာဏာရှင်စနစ်အပေါ် နက်နက်ရှိုင်းရှိုင်း အပျက်သဘောဆောင်သော အမြင်ဖြင့်သာ ရှုမြင်ခဲ့ကြပြီး ၎င်းတို့အား တရားမ၀င်အစိုးရသာသာ သုံးသပ်ကြပြီး နိုင်ငံအား အုပ်ချုပ်ရန် မထိုက်တန်ဟု ယူဆခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ကျယ်ပြန့်သော အခွန်ရှောင်ခြင်း၊ အနက်ရောင်စျေးကွက်လှုပ်ရှားမှုများ (တရားမဝင်စျေးကွက်) နှင့် မီးခိုးရောင်စျေးကွက်လှုပ်ရှားမှုများ (အခွန်အစား လာဘ်ပေးလာဘ်ယူစျေးကွက်) တွင် ပါဝင်ပတ်သက်မှုသည် စစ်အာဏာရှင်စနစ်အား ခုခံမှုနှင့် စီးပွားရေး ကိုယ်ပိုင်ထိန်းသိမ်းမှုပုံစံများ အဖြစ် ပျံ့နှံ့လာခဲ့သည်။ ၂၀၁၀ နှင့် ၂၀၂၀ ခုနှစ်ကြားကာလများတွင် စီးပွားရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ တိုးတက်မှုများတွင် ထင်ရှားသော အသွင်ကူးပြောင်းမှုများကို မြင်တွေ့ခဲ့ရသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပြင်းထန်သော ခေတ်နောက်ပြန်ဆွဲခံရမှုကို သိသိသာသာ ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့၏ ကိုယ်စားပြုမှု လုယူခံရမှုကို ပြန်လည်ရယူလိုသော ဆန္ဒကြောင့် ပြည်သူများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်၏ အခြေခံမူများကို အခြေခံ၍ တော်လှန်ရေးလှုပ်ရှားမှုအသီးသီးကို ဆင်နွှဲခဲ့ကြသည်။ ထို့အပြင် အချို့သော ပုဂ္ဂိုလ်များသည် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ထောက်ခံသောအားဖြင့် အစိုးရအလုပ်များမှ နုတ်ထွက်ရန် အရေးပါသော ခြေလှမ်းကို လှမ်းခဲ့ကြသည်။ ၎င်းနောက် နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ (SAC) စစ်အာဏာရှင်တို့ သည် “သမဝါယမစနစ်” ကို ပြန်လည် ထူထောင်ရန် ရည်ရွယ်ချက်ရှိကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း အင်တာနက်ပြတ်တောက်မှုနှင့် ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို ကန့်သတ်ခြင်းအပါအဝင် တင်းကျပ်သောအစီအမံများကို ပြဋ္ဌာန်းခဲ့သည်။ တော်လှန်ရေးအတွက် ငွေကြေးပံ့ပိုးမှုကို blockchain နှင့် cryptocurrency အပါအဝင် ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော နည်းပညာများမှတစ်ဆင့် တစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးသည်။ စစ်ကောင်စီဖက်မှလည်း တော်လှန်ရေး ကြိုးပမ်းမှုများကို ထောက်ခံသော ပုဂ္ဂိုလ်များ သို့မဟုတ် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သည်။ ထို့အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း လဲလှယ်သူများကို ဖမ်းဆီးခြင်းသည် နိုင်ငံခြားငွေ လဲလှယ်ရေး လက်မှတ် (FEC) ကို အသုံးပြုခဲ့ရသော နအဖ၏ ဆိုရှယ်လစ်အကြွင်းအကျန်ဆန်သောခေတ်ကို déjà vu ကို ဖြစ်ပေါ်စေခဲ့သည်။

ထိုင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများမှ မှောင်ခိုတင်သွင်းလာသော ကုန်ပစ္စည်းများ လျှို့ဝှက်စီးဆင်းမှုနှင့် ငွေကြေးပံ့ပိုးမှုများကြောင့် မှောင်ခိုနှင့် မီးခိုးရောင် စျေးကွက်လှုပ်ရှားမှုများ တိုးများလာခြင်းသည် အခြေခံလူတန်းစားများ၏ စီးပွားရေး ခုခံမှုကို မီးမောင်းထိုးပြနေသည်။ Samuel Edward Konkin III ၏ Agorism ဒဿနိကဗေဒကို ရည်ရွယ်ချက်ရှိရှိ မွေးစားခြင်းထက် လက်တွေ့ကျသော လိုအပ်ချက်ကြောင့် ပေါက်ဖွားလာသော ဤလှုပ်ရှားမှုသည် ၎င်း Agora ဝါဒ ၏အခြေခံမူများကို မြင်သာထင်သာရှိစေပြီး အကျိုးသက်ရောက်မှုရှိသောပုံစံဖြင့် စစ်အာဏာရှင်စနစ်ကို အာဏာဖီဆန်ခဲ့သည်ဟု ဆိုနိုင်မည်။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

Anarchy and Democracy
Fighting Fascism
Markets Not Capitalism
The Anatomy of Escape
Organization Theory